Monday, July 30, 2012

ဂျူလိုင်လ အလှူတော်ပွဲ မှတ်တမ်းပုံရိပ်များ

ဒီတစ်ပတ်ရဲ့ ဓါတ်ပုံလေးများကိုတော့ ကြယ်ပွင့်လေးများရဲ့ ဒိုင်ယာယီလို့ နာမည်ပေးထားလိုက်ချင်ပါတယ် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ အလှူပွဲ မှတ်တမ်း ပုံရိပ်လေးတွေ ဖြစ်ပါတယ် ၊ 

(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း
(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း
(၄) အနဂ္ဂဟိတဒါန= လှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြား မထိပါးစေဘဲ လှူဒါန်းခြင်း ၊

 စတဲ့ သူတော်ကောင်းတို့ ဒါနပြုရာ မှာ ကျင့်သုံးတဲ့ သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် နဲ့ ကိုက်ညီစွာ လှူဒါန်းခဲ့ကြတာကို မြင်တွေ့ကြရပါတယ် ။ အဲဒါကြောင့်ပဲ သာဓု အကြိမ်ကြိမ်ခေါ်ရင်းနဲ့ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်ဗျာ..

READ MORE......

Saturday, July 28, 2012

စိတ္တသုခကျောင်း ကိုရီးယားသင်တန်း မှတ်တမ်းအချို့

READ MORE......

Tuesday, July 17, 2012

ရှင်သန်နေသည့် စိတ္တသုခ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ယခုဆိုလျှင် သုံးနှစ်ကျော်ခန့် ရှိလာပြီ ဖြစ်ပါသည်။ တိတိကျကျ ဆိုရလျှင် စိတ္တသုခကျောင်းတော်ကို ၂၆ - ၁ - ၂၀၀၉ ရက်နေ့က ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တနှင့် ကျောင်းအကျိုးဆောင်အဖွဲ့ ဒကာလေးများ၊ ကိုရီးယားရောက် ရွှေမြန်မာများက အများပေါင်းစု၍ ကောင်းမှုပြုကာ ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤကျောင်းတော်ကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ယေဘုယျအားဖြင့် 

၁။ ကိုရီးယားရောက် မြန်မာများ၏ သာရေး၊ နာရေး လူမှုရေးများတွင် အခက်အခဲ မရှိ ကျင်းပပြုလုပ်ရန်နှင့် ဗုဒ္ဓဘာသာ မြန်မာများ၏ ဘဝဒုက္ခများကို ဗုဒ္ဓဓမ္မများဖြင့် သက်သာမှုပေးနိုင်ရန် 
၂။ ထေရဝါဒ ဗုဒ္ဓဘာသာကို စိတ်ဝင်စား၍ လေ့လာလိုက်စားလိုသူ ကိုရီးယားလူမျိုးများအား ဓမ္မအသိ မျှသိပေးရန် နှင့် 
၃။ မြန်မာပြည်တွင်းရှိ လိုအပ်ရာရာ ဘာသာရေး၊ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို စွမ်းနိုင်သမျှ မျှဝေခံစား ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ပေးရန် 
စသည်တို့ ဖြစ်ပါသည်။ ဤရည်ရွယ်ချက်များသည် ဦးဆောင်ဆရာတော် အရှင်ဝိစိတ္တနှင့် အကျိုးဆောင်များ၏ မကွဲမပြား တစ်သားတည်း ဖြစ်နေကြသည့် ခံယူချက်များပင် ဖြစ်ပါသည်။ 

  ထိုခံယူချက်အတိုင်းပင် ကျောင်းတက်ပွဲ ပြုလုပ်ပြီးသည်မှ ယခုအချိန်အထိ ကိုရီယားရောက် မြန်မာများ၏ ဘာသာရေး၊ သာရေးနာရေး လူမှုရေး ကိစ္စများတွင် စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနေပြီး စိတ္တသုခကျောင်း ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တအနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ မြန်မာများအတွက် အွန်လိုင်းသာသနာပြု လုင်ငန်းများကို ပြုလုပ်ပေးနေသည့်အပြင် ကိုရီးယား လူမျိုးများအားလည်း တရားဓမ္မများ ဟောပြောပို့ချကာ ထေရဝါဒ ဓမ္မများကို ဖြန့်ဝေပေးလျက်ရှိပါသည်။ 

ထူးခြားသည့် ဆောင်ရွက်ချက်များ အနေဖြင့် ကျောင်းတည်ထောင်ကာလ မကြာမြင့်မီမှာပင် ကျောင်းတော်သို့ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ နဝမမြောက် တိပိဋကဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ စသည့် နာမည်ကျော် ဆရာတော်များကို ပင့်ဖိတ်၍ ဓမ္မသဘင်များ ဆင်ယင်ကျင်းပနိုင်ခြင်း၊ ဆရာ ဖေမြင့်၊ ဆရာ အော်ပီကျယ် စသည့် ပညာရှင် ဆရာကြီးများအား ဖိတ်ကြား၍ စာပေရသများ မျှဝေခံယူနိုင်ခြင်း၊ မြန်မာပြည်တွင်းရှိ ခုခံအားကျဆင်း ရောဂါဝေဒနာရှင် ကလေးသူငယ်များအတွက် ထောက်ပံ့လှူဒါန်းခြင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်ပေးစက် အလှူတွင် ပါဝင်လှူဒါန်းခြင်း၊ ဂိရိမုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ကျောင်းတွင် တစ်ပိုင်တစ်နိုင် ပံ့ပိုးလှူဒါန်းခြင်း၊ မနာပဒါယီ စာကြည့်တိုက် အဆောက်အအုံ အလှူတော်အတွက် လှူဒါန်းခြင်း၊ မနာပဒါယီ ပရဟိတ ပညာဒါန ကျောင်းတော်ဆောက်လုပ်မှုတွင် အားဖြည့်လှူဒါန်းခြင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသ ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ရှိသွားကြသည့် တိုင်းရင်သား ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခြင်း စသည့် အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ နောင်လည် လုပ်ဆောင်နေဦးမည် ဖြစ်ပါသည်။ 

 ဤလုပ်ဆောင်ချက်များသည် စိတ္တသုခ အဖွဲ့သားများ၏ မူလရည်ရွယ်ချက်များကို အကောင်အထည် ဖော်ပေးနေသည့် စိတ္တသုခ၏ ရှင်သန်နေသည့် လှုပ်ရှားမှုများ ဖြစ်ပါသည်။ မှတ်တမ်းများအရ စိတ္တသုခ အဖွဲ့သားများ၏ ထူးခြားသည့် လှုပ်ရှားမှု ရက်စွဲများနှင့် အလှူအရပ်ရပ်ကို အများတကာ ဝမ်းသာစေရန်နှင့် ထပ်တူထပ်မျှ မုဒိတာပွားနိုင်စေရန် အောက်ပါအတိုင်း မှတ်မိသမျှ အနုမောဒနာ ပြုလိုက်ရပါသည်။ 

 - ၁၄-၂-၂၀၁၀ ကျောင်းတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသည့် သုခရိပ်မြုံဂေဟာရှိ ကလေးသူငယ်များအတွက် ဝမ် (၁၅) သိန်း လှူဒါန်းခြင်း 
- ၂၀-၇-၂၀၁၀ ရက်နေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်စက်အလှူတွင် ဝမ် (၁၇)သိန်းကို အားဖြည့်လှူဒါန်းခြင်း 
- ၆-၂-၂၀၁၂ ကျောင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓမ္မဒူတဆရာတော်အား ဓမ္မပူဇာအလှူတော် ဝမ် (၂၇) သိန်း (၈)သောင်း လှူဒါန်းခြင်း 
- ၂၄-၁၀-၂၀၁၁ ရက်နေ့ မနာပဒါယီ စာကြည့်တိုက် အဆောက်အအုံ အလှူတော်အတွက် စုပေါင်းအလှူငွေ ဝမ် (၃၀) သိန်း (၅)သောင်း လှူဒါန်းခြင်း 
- ၁၇-၇-၂၀၁၁ ရက်နေ့ ရခိုင်ပြည်နယ်ရှိ ဂိရိမုန်တိုင်းဒဏ်ခံခဲ့ရသည့် မြေပုံမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေ (၂၁) သိန်း (၃)သောင်း လှူဒါန်းခြင်း 
- ၂၃-၁၀-၂၀၁၁ရက်နေ့ မနာပဒါယီ ပရဟိတ ပညာဒါနကျောင်း အလှူတော်အတွက် ပထမအကြိမ် အလှူတော် ဝမ် (၁၀)သိန်း လှူဒါန်းခြင်း 
- ၂၅-၁၀-၂၀၁၁ရက်နေ့ ကိုရီးယားနိုင်ငံ မြန်မာပိုင်းကျောင်းတော်ကြီး ဖြစ်မြောက်ရေး ပထမအကြိမ် အလှူတော် ဝမ် (၁၃)သိန်း လှူဒါန်းခြင်း 
- ၂၂-၁-၂၀၁၂ရက်နေ့ မနာပဒါယီ ပညာဒါနကျောင်း ရေစင်ရေကန် အတွက် ဝမ် (၁၃) သိန်း (၃)သောင်း လှူဒါန်းခြင်း 
- ၂၂-၁-၂၀၁၂ရက်နေ့ ကျောင်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေး ဒုတိယအကြိမ် စုပေါင်းအလှူတော် (၂၃)သိန်း (၃)သောင်း လှူဒါန်းခြင်း 
- ၁၅-၄-၂၀၁၂ရက်နေ့ မြန်မာနှစ်သစ်ဦး အလှူတော်အဖြစ် မနာပဒါယီ ပရဟိတ ပညာဒါနကျောင်းအတွက် ဂယောင်ဆန်၊ ဂျီလျန်း စက်မှုဇုန် ရွှေညီအစ်ကိုများမှ စုပေါင်းအလှူတော် ဝမ်(၁၀) သိန်း လှူဒါန်းခြင်း 
- ၃-၆-၂၀၁၂ရက်နေ့ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရအား ဓမ္မပူဇာ အလှူတော် ဝမ် (၁၅)သိန်း စုပေါင်းလှူဒါန်းခြင်း 
- ၁-၇-၂၀၁၂ရက်နေ့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား ဒုက္ခသည်များအတွက် ဝမ် (၄၄)သိန်း (၁)သောင်း စုပေါင်းလှူဒါန်းခြင်း 

 စသည်ဖြင့် စိတ္တသုခ အဖွဲ့သားများမှ စုပေါင်း၍ လှူဒါန်းဖြစ်ခဲ့ကြသည့် ဘာသာရေး၊ သာရေး၊ နာရေးအလှူတော်များမှာ ယနေ့အထိ စုစုပေါင်း ဝမ် ၂၁,၃၃၀,၀၀၀ (နှစ်ရာတစ်ဆယ့်သုံးသိန်းသုံးသောင်း) ဖြစ်ပါသည်။ နောင်လည်း ဤကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင်အောင် ကြိုးစားရင်း ကျောင်းတော်ကြီးနှင့် စိတ္တသုခ အဖွဲ့သားများမှ ဆရာဒကာညီညွတ်စွာဖြင့် လိုအပ်သည့် နေရာများတွင် အလျဉ်းသင့်သလို လှူဒါန်းသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း အများသာဓုခေါ်ကာ အနုမောဒနာ ပြုနိုင်ရန် စိတ္တသုခရဲ့ ရှင်သန်နေတဲ့ လှုပ်ရှားမှု ပုံရိပ်များအကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါသည်။

READ MORE......

Monday, July 16, 2012

ဂျုလိုင်လ - လစဉ်တရားပွဲနှင့် အလှူတော်ပွဲ အတွက် ကျေးဇူးတင်ရှိခြင်း

မှတ်တမ်း ပြန်ကြားရေး = ကိုဝင်းနိုင်ဦး

ဒီတစ်ပတ် လစဉ်တရားပွဲနဲ့ အလှူတော်ပွဲကို စည်စည်ကားကား နွေးနွေးထွေးထွေးလေးနဲ့ ကျင်းပပြီးစီးခဲ့ပါတယ် ၊ မိုးအေးအေးလေးနဲ့မို့ မနက်ပိုင်းမှာ လာရောက်သူနည်းပြီး အလာကျဲခဲ့ပေမယ့် နေ့လည်ပိုင်းကို ချဉ်းကပ်လာတာနဲ့ တဖွဲဖွဲရောက်လာခဲ့ကြပြီး နောက်ဆုံးမှာ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားခဲ့ပါတယ် ၊ ထယ်ဂယောင်ဆန်အော့မှ အလှူရှင်ညီငယ်များကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ကျွေးမွေးဧည့်ခံခဲ့ကြပါတယ် ၊ စေတနာဟာ သူတို့ရဲ့ သဏ္ဍာန်မှာ ပေါ်လွင်နေတာကို ကျနော်တို့ အလွယ်တကူပဲ ဖတ်ရှုနိုင်ခဲ့ကြပါတယ် ၊ ကြွလာကြသူများရဲ့ ချီးကျူးမှတ်ချက်စကားတွေက သူတို့ကို လူတော်လေးတွေအဖြစ်နဲ့ ဂုဏ်တက်စေခဲ့ပါတယ် ၊ အဲဒီနောက်မှာတော့ ထယ်ဂယောင်ဆန်အော့ ညီအစ်ကိုများကပဲ ဆရားတော်အား ၀ါဆိုသင်္ကန်းနဲ့ လှူဖွယ်ဝတ္တု အစုစုတို့ကို လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသူ ပရိဿတ် အပေါင်းတို့က ဆရာတော် ချီးမြှင့်သော တရားတော်ကို အတူတကွ နာယူခဲ့ကြပါတယ် ။ 

တရားတော်ကို နာယူရသော အကျိုးကျေးဇူးကြောင့် ဗြဟ္မာစိုတရားလေးပါးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ထိရောက်အောင်မြင်ဖို့ ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို ပိုပြီး နားလည်သိရှိခွင့်ရရှိခဲ့ပါတယ် ၊ မိမိနဲ့ အရွယ် အဆင့်အတန်း တူသူများကို မေတ္တတရားထားရှိဖို့ ၊ မိမိထက် ငယ်ရွယ်နိမ့်ပါးသူများကို ဂရုဏာတရားထားရှိဖို့ ၊ မိမိထက် ကြီးမြတ်သူ အဆင်ပြေအောင်မြင်သူများအပေါ်မှာတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်သော မုဒိတာတရား ပွားနိုင်ဖို့ ၊ ပေါင်းသင်းဆက်ဆံရန်ခက်ခဲသော ဘေးတိုက်ဖြစ်နေတတ်သူများ အပေါ်မှာတော့ မိမိအတွက် အကုသိုလ် မဖြစ်စေပဲ သက်တောင့်သက်သာ ဖြစ်စေမည့် ဥပက္ခာတရား ကျင့်သုံးဖို့ စတဲ့ တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး နာယူလိုက်ရပါတယ် ။ ကျနော်တို့ ယေဘူယျ သိနေတဲ့ အချက်တွေဟာ လက်တွေ့ အသုံးချမယ်ဆိုတဲ့အခါ ဘယ်တရားကို လက်ကိုင်ထားရမယ်ဆိုတာေ၀၀ါးဝါး ဖြစ်နေပြီး အဲဒီကျမှ ပြန်သုံးသပ်နေရတတ်တာ သဘာဝပါ ၊ ဒါကြောင့်မို့ ကျင့်သုံးရမယ့် တရားတွေကို ထင်ထင်ရှားရှား သိလာခြင်းဟာ ဓမ္မကို ဘ၀ထဲသို့ ရောက်အောင် ပေါင်းစပ်နိုင်ဖို့အတွက် အခြေခံတစ်ခုပဲ မဟုတ်ပါလား ။



လာကြတဲ့ သူငယ်ချင်းတွေနဲ့ စပ်မိစပ်ရာ ပြောဆိုကြရင်း ကျနော်သိလာရတာကတော့ အများစုဟာ ကြည်လင် ငြိမ်းအေးတဲ့ ဓမ္မရသ တရားအရသာကို သိရှိခံစားနေကြရပြီ ဆိုတာပါပဲ ၊ အားလုံးက ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့နဲ့အတူ စည်းစည်းလုံးလုံး နဲ့ သူလိုငါလို ဟန်ပန်မသိ တစ်သားတည်းရှိ နေရတာကိုလည်း ကျေနပ်နေကြသလိုပါပဲ ၊ ဆရာမဆန် ဆရာဟန်မလုပ် ရိုးရိုးကုတ်ကုတ်လေး နေကြတဲ့ သဘာဝဆန်ခြင်းကိုလည်း သဘောကျနေကြသလိုပါပဲ ၊ ရင်းနှီးခင်မင်မှုကို ဦးစားပေးတဲ့ ကျနော်တို့ ၀န်းကျင်မှာ နွေးထွေးနေကြပါတယ် ။ ကျနော်ကတော့ ထင်မိပါတယ် .. တိုက်စစ်မှူး လူစွမ်းကောင်း မရှိတဲ့ ဘောလုံးအသင်းတစ်သင်းဟာ အသင်းလိုက်ကစားကွက် Team work ပိုကောင်းတတ်သလိုပါပဲ ၊ ကျနော်တို့တတွေဟာလည်း အသင်းစိတ်ဓါတ် Team spirit နဲ့ပဲ တက်ညီလက်ညီ လှုပ်ရှားခဲ့ကြပါတယ် ၊ အဲဒါကြောင့် မည်သူ့ကိုမဆို ကျနော်တို့ရဲ့ အ၀န်းအ၀ိုင်းမှာ ပါဝင်နေမှုကို အသိအမှတ်ပြု လေးစားပါတယ် ၊ လာရောက်ကြတဲ့သူတိုင်းဟာ ကျနော်တို့အတွက် အရေးပါသလို အရေးတယူလည်း ရှိပါတယ် ။ ကျနော်တို့ အားလုံးမှာလည်း ချို့ယွင်းချက်ကလေးတွေ အနည်းငယ်စီ ရှိနေကြမှာပါ ၊ ဒါပေမယ့် အဲဒီ အားနည်းချက်လေးတွေကို နားလည်လက်ခံပေးခြင်းကလည်း ကျနော်တို့ကြားက ချစ်ကြည်ရင်းနှီးမှုကို ပိုပြီး ခိုင်မြဲစေခဲ့ပါတယ် ။ 



ဒီလိုရေးတော့ ကျနော်က ကိုယ့်ကိုယ်ကို ဒါမှမဟုတ် ကိုယ့်အဖွဲ့ကို အရောင်တင်နေသလို ဖြစ်နေပါတယ် ၊ တကယ်တမ်းမှာ စာချောပြီး ဖတ်လို့ကောင်းအောင် ရေးလိုက်တာမျိုးတော့ မဟုတ်ပါဘူး ၊ ကျနော်ခံစားရတဲ့အတိုင်း ကျနော်သိလာရတဲ့အတိုင်း ရေးချလိုက်ခြင်းသာ ဖြစ်ပါတယ် ၊ ဆရာဖေမြင့်ရေးတဲ့ စာအုပ်ထဲက စကားလုံး တစ်ချို့ကို ပြန်ကိုးကားပြီး ဖေါ်ပြရရင် ကျနော့်နှလုံးသားကလာတဲ့ သွေးကြောတစ်ကြောကိုဖေါက်ပြီး ဟောဒီ keyboard လေးနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ အခုတော့ ဒီလောက်နဲ့ဖြတ်ပြီး နောက်ထပ်ရေးချင်တဲ့ ကျေးဇူးတင်စကားလေးတွေကိုပဲ ဆက်လိုက်ပါရစေ … 

ဓမ္မကို ဘ၀ထဲထိရောက်အောင် ညွှန်ပြဟောကြားပေးတော်မူသော ဆရာတော် အရှင်ဝိစိတ္တ အားလည်းကောင်း
လှူဒါန်းကျွေးမွေးခဲ့ကြသော ထယ်ဂယောင် ဆန်အော့ဗ်မှ ရွှေညီအစ်ကိုများအားလည်းကောင်း 

ကြွပ်..မွ..ဆိမ့်..အိ..မွှေး ပလာတာလေးများကို အပင်ပန်းခံ ပြုလုပ်ပေးခဲ့သော ကိုမျိုးမင်း (ဒယ်ဟန်း) အားလည်းကောင်း 

လက်ဖက်ရည်ဖျော်ပေး လက်မနှေးခဲ့သော ကိုမျိုးမင်းသန်းအားလည်းကောင်း 

 ကြွရောက်လာကြကုန်သော မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း အားလုံးတို့အားလည်းကောင်း

 ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား ။

READ MORE......

Friday, July 13, 2012

လုပ်ငန်းခွင် အထောက်အကူပြု ကိုရီးယားစကားပြော သင်တန်းပို့ချပေးမည်

ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း ဆရာတော်၏ လမ်းညွန်မှု၊ ကျောင်းအကျိုးဆောင် အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်ရှိ စက်ရုံအလုပ်ရုံ အသီးသီး၌ အလုပ်လုပ်နေကြသည့် မြန်မာများ၏ ဘာသာစကား အခက်အခက်ကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ လုပ်ငန်းခွင် အထောက်အကူပြု ကိုရီးယား စကားပြော သင်တန်းကို လာမည့် (၂၂-၇-၂၀၁၂)ရက်၊ တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၊ နေ့လည် (၂) နာရီ မိနစ် (၃၀)မှ (၄)နာရီ မိနစ် (၃၀)အထိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုလှမင်းထွန်း (부경대학교, M.A (Thesis) မှ ပညာဒါနပြု ပို့ချ သင်ကြားပေးမည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသူ မည်သူမဆို လာရောက်သင်ယူ လေ့လာနိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။ 

 မှတ်ချက်။ ကိုရီးယားဘာသာ စကား သင်ကြားပေးပါရန် လျှောက်ထားလာကြသူများ၏ ဆန္ဒအရ ဤသင်တန်းကို ခက်ခက်ခဲခဲ စီမံဖွင့်လစ်ရခြင်း ဖြစ်သဖြင့် သင်တန်းသားများ အနေဖြင့်လည်း အချိန်မီ မပျက်မကွက်တက်ရောက်ပြီး ကြိုးစားအားထုတ်ကြပါရန် စိတ္တသုခကျောင်း ဆရာတော်မှ မေတ္တာရပ်ခံ တိုက်တွန်းထားပါသည်။ 

သင်တန်းစတင်မည့်နေ့ရက် = ၂၂ - ၇ - ၂၀၁၂ (တနင်္ဂနွေနေ့တိုင်း) 
အချိန် =န့လည် (၂း ၃၀) မှ (၄း ၃၀) 
နေရာ = စိတ္တသုခကျောင်း၊ ဒယ်ဂူးမြို့

READ MORE......

Monday, July 9, 2012

လစဉ်တရားပွဲ နှင့် အလှူတော်ပွဲ ဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ လစဉ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများကို ကျင်းပလာခဲ့ပြီး ယခု ဂျူလိုင်လ (၁၅) ရက်နေ့မှာလည်း လစဉ်တရားပွဲနှင့် အလှူတော်ပွဲကို ကျင်းပဦးမှာ ဖြစ်ပါတယ် ။ 

 ဒီတစ်ပတ် အကျွေးအမွေးအတွက် ကုသိုလ်ယူ လှူဒါန်းကြမည့်သူများကတော့ ဆုံဆောစက်မှုဇုန် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) မှ ညီငယ်လေးများ ဖြစ်ပါတယ် ၊ အရင်ကတော့ ကျနော်တို့ စိတ္တသုခကျောင်းတော်ကနေ ပြုလုပ်တဲ့ ကုသိုလ်ရေး လုပ်ငန်းတွေမှာ တစ်ဦးချင်းစီ အလျဉ်းသင့်သလို ပါဝင်နေရာကနေ အခုတစ်ကြိမ်မှာတော့ စက်ရုံတစ်ရုံတည်းက သူငယ်ချင်းတွေ တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းပြီး အဟာရဒါန ကုသိုလ်ပြုကြမှာ ဖြစ်ပါတယ် ။ အခုလိုမျိုး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် နဲ့ ကုသိုလ်ရေးကိစ္စတွေမှာ ပါဝင်လာကြတာကို ကျနော်တို့ စိတ္တသုခ အကျိုးတော်ဆောင်များနဲ့ အဖွဲ့သားများ အားလုံးက ကျေးဇူးတင်စွာနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ် ။ 

အဲဒီညီငယ်လေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဇင်ကိုအောင် နဲ့ တွေ့တုန်းလေး အခိုက်မှာ ကျနော်က “ညီရေ အလှူပွဲအတွက် ဘယ်လိုလုပ်ချင်တုန်း” လို့မေးကြည့်တော့ ၊ သူက “ အကိုရေ သူငယ်ချင်းတွေ များများလာအောင်လည်း ဖိတ်ပေးပါ ၊ ကောင်းကောင်းလေးလဲ ကျွေးမွေးချင်တယ် “ လို့ ပြောပါတယ် ၊ ကဲဒါဆိုရင် သူတို့ရဲ့ စေတနာကို ကျနော်တို့ ခန့်မှန်းလို့ရပြီပေါ့ ။ တကယ်တန်းမှာတော့ အလှူပွဲ လုပ်တဲ့ အခါတိုင်းမှာ အလှူရှင်တွေက ခါတိုင်းတွေထက် ပိုပြီးတော့ ကောင်းမွန်အောင် ၊ သစ်ဆန်းခမ်းနားအောင် စီစဉ်လှူဒါန်းခဲ့ကြတာချည်းပါပဲ ။

အဲဒါကြောင့်ပဲ တစ်ကြိမ်နဲ့တစ်ကြိမ် အစားအသောက် ပုံစံတွေထပ်မနေအောင်လို့ ဒီတစ်ကြိမ်မှာတော့ ပလာတာနဲ့ ကြက်သားဟင်းကို ကျွေးမွေးဖို့ စီစဉ်ထားပါတယ် ၊ ပလာတာရိုက်တတ်ဖို့ ဆိုတာကလည်း ကျွမ်းကျင်မှု လိုသေးတော့ စက်ရုံတော်တော်များများမှာ ကိုယ့်ဖာသာ လုပ်စားဖို့က မလွယ်ဘူးမဟုတ်လား ။ အခုလုပ်မယ့် ပလာတာကတော့ ကျနော်တို့ အကြိမ်ပေါင်းများစွာ စားဖူးပြီးသား မုန့်ဆရာရဲ့ လက်ရာမို့ မုန့်သားချည်းပဲ စားရင်တောင် အရသာရှိနေတာမျိုးပါ ။ ဒီလောက်ဆို ညွှန်းတာလေးတွေ တော်လောက်ပြီထင်ပါရဲ့ ။

ကျနော်တို့ရဲ့ အတွေးအကြံ အပြောအဆို အပြုအမူ လေးတွေကို upgrade လုပ်နိုင်ဖို့အတွက် တရားတော် နာယူဖို့ ၊ စားရခဲပြီး အရသာရှိလှတဲ့ အစားသောက်တွေကို သုံးဆောင်ဖို့ ၊ အလေးအမြတ်ထားပြီး ဖိတ်ကြားထားတဲ့ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ ဖိတ်ကြားချက်တွေကို အသိအမှတ်ပြုနိုင်ဖို့ တို့အတွက် ကြွရောက်ခဲ့ကြပါဦးလို့ အထူးတလည် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား 

နေ့ရက် = ၁၅ - ၇ -၂၀၁၂ (တနင်္ဂနွေနေ့ ) 

ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ 

တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀ 

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း 

အစားအသောက် = ကြက်သားပလာတာ ၊ လက်ဖက်ရည် ၊ ဖျော်ရည်အေးမျိုးစုံ ၊ ဖရဲသီးနို့အေး သဘာဝ ဖျော်ရည်

READ MORE......

Sunday, July 1, 2012

ရခိုင်ဒေသအတွက် အလှူတော် ဝမ် ၄၄၁၀၀၀၀ (လေးဆယ့်လေးသိန်းတစ်သောင်း)ကို စုပေါင်းပေးပို့ လှူဒါန်းခြင်း

ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခကိုယ်စီ ဖြစ်သွားခဲ့ကြသည့် ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်နှင့် စိတ္တသုခ အဖွဲ့သားများမှ စုပေါင်းစုဆောင်းကာ လှူဒါန်းကြသည့် အလှူတော်ငွေ ဝမ် ၄၄၁၀၀၀၀ (လေးဆယ့်လေးသိန်းတစ်သောင်း) အား အကျိုးဆောင်အများ သဘောတူညီချက်ဖြင့် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင် ကိုသိန်းထွန်းမောင်အား ယနေ့ (၁-၇-၂၀၁၂)တွင် စေတနာသုံးတန် ပြဌာန်းလျက် ပေးအပ်လှူဒါန်းလိုက်ပြီ ဖြစ်ပါသည်။ 

 ကိုသိန်းထွန်းမောင်သည် မကြာမီ မြန်မာပြည်သို့ ခေတ္တပြန်စဉ် ရခိုင်ဒုက္ခသည်များရှိရာ အရပ်သို့ ကိုယ်တိုင်သွားရောက်ကာ ယခု လှူဒါန်းလိုက်သည့် အလှူငွေများအား လိုအပ်သည့်နေရာတွင် ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ပြီး အလှူမှတ်တမ်းများကိုလည်း အလျဉ်းသင့်သလို တင်ပြပေးသွားမည် ဖြစ်ပါသည်။ 

 အများပေါင်းစု၍ တတ်နိုင်သမျှ လှူဒါန်းကြသည့် အလှူငွေများသည် ဒုက္ခသည် တိုင်းရင်းသား ပြည်သူများအတွက် တစ်စုံတစ်ခု အကျိုးပြုသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းကြသည့် အလှူရှင်များ၏ စေတနာသဒ္ဓါတရားကို အကြိမ်အကြိမ် သာဓုခေါ်ရင်း ထပ်ဆင့်ပြန်လည် အမျှဝေလိုက်ရပါသည်။ 
 အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေသော်…. 
သာဓု…၊ သာဓု…၊ သာဓု

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster