Sunday, May 29, 2011

အမှန်ပင် မင်္ဂလာရှိခဲ့ပါ၏


မနာပ ဒါယီ အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

၂၉-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့၊ မနေ့က ဘုန်းဘုန်းတို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှာ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဆရာဒကာ ညီညာပေါင်းစုလို့ ကောင်းမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဒီကုသိုလ်ပွဲကတော့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု အမျိုးမျိုးတွေထဲက မတူညီတဲ့ တမူထူးခြား ကုသိုလ်တရား ဖြစ်ခဲ့ပါတယ်။ စိတ္တသုခ အဖွဲ့သားများအတွက် ထူးခြားတဲ့ ကုသိုလ်ပွဲလို့ ဆိုရတာက အခုဒီပွဲမှာ အဝေးက ကြွရောက်လာတဲ့ နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်နဲ့ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်တို့ တက်ရောက်ချီးမြှင့်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သင်ဆရာမြင်ဆရာကြားဆရာ စတဲ့ ဘယ်လိုဆရာမျိုးကိုပဲ ဖြစ်ဖြစ် တစ်လုံးတစ်ပါဒ အသိမျှပေးကြတဲ့ ဆရာများဟာ ကျေးဇူးကြီးမားကြတဲ့ ဆရာသမားများပဲ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း အခုလို ဆရာသမားများ ကြွရောက်လာခဲ့ခြင်းဟာ တကယ့်ကိုပဲ အကျိုးတရား၊ ကျေးဇူးတရား များခဲ့ကြပါတယ်။

မြန်မာပြည်မှာဆို ဒီလိုအနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ဆိုတာ မလွယ်လှတဲ့ ဆရာများနဲ့ အခုလို အဝေးတနေရာမှာ နီးကပ်စွာ ရှိခွင့်ရတာ တစ်ခုလောက်နဲ့ကိုပဲ ကျေနပ်စရာ ကောင်းနေပြီလို့ ပြောလို့ရတဲ့ အခြေအနေကနေပြီး ဆရာများရဲ့ အသိပေးစကား ဘဝအတွက် အားဖြစ်စေမယ့် အဆုံးအမများကိုပါ နားကြားခွင့် ရခဲ့ကြတဲ့အထိ အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ကြတဲ့ အတွက်ကြောင့် အချိုပေါ်သကာလောင်း ဖော်မပြနိုင်အောင် ပီတိလောင်းခဲ့တဲ့ ပွဲလေးလို့ ဆိုရတာဖြစ်ပါတယ်။ ဆရာဝန်တစ်ဖြစ်လဲ စာရေးဆရာ၊ အခြေမြင့်ပြီး အနေတင့်နေတဲ့ ဆရာဖေမြင့်နဲ့ အင်ဂျင်နီယာ တစ်ဖြစ်လဲ ကာတွန်းဆရာ၊ အတော်ပီတဲ့ ဆရာအော်ပီတို့ရဲ့ စာပေဆိုင်ရာ ဆွေးနွေးမှုလေးတွေကလည်း ဘဝမှာ ဘယ်လိုမှကို တန်ဘိုးဖြတ်လို့ မရတဲ့ မှတ်သားလိုက်နာစရာ နှလုံးသား အာဟာရလေးများ ဖြစ်ခဲ့ရပါတယ်။ မေးသူကမေး၊ ဖြေသူကဖြေ၊ နာသူကနာ၊ မှတ်သူကမှတ်နဲ့ ကြည့်ရတဲ့ မြင်ကွင်းဟာ (၃)နာရီဆိုတဲ့ အချိန်အတွင်းမှာ ပြုံးပျော်စရာတွေပဲ ဖြစ်ခဲ့ရပါတယ်။

ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်ခဲ့ရတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဟောပြောပွဲမှာ လှူသမျှအလှူ၊ ပြောသမျှစကား၊ ကြားသမျှအသံ၊ မြင်သမျှအရာတွေဟာ ကုသိုလ်ဖြစ်စရာ၊ စိတ်ကြည်နူးစရာ၊ ပီတိဖြစ်စရာတွေနဲ့ပဲ အစအဆုံး လွှမ်းမိုးထားခဲ့တဲ့အတွက် မနေ့ကပြုလုပ်ခဲ့ကြတဲ့ ပွဲလေးကို အမှန်ပင် မင်္ဂလာ ရှိတဲ့ပွဲလေးလို့ ဘုန်းဘုန်းတို့က ဆိုရခြင်းဖြစ်ပါတယ်။ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ပူဇော်ထိုက်တဲသူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့အတိုင်း အပူဇော်ခံ၊ အကန်တော့ခံ ဆရာများဖြစ်တဲ့ ဆရာဖေမြင့်နဲ့ ဆရာအော်ပီကျယ်တို့ဟာ မိမိတို့ထက် အသက်သိက္ခာဂုဏ်ဝါ ကြီးလွန်းလှတဲ့ ဆရာသမားများ ဖြစ်နေတဲ့အတွက်လည်း အပူဇော်ခံထိုက်နေတဲ့အပြင် ပူဇော်ကန်တော့ကြတဲ့ စိတ္တသုခ အဖွဲ့သားများ အနေနဲ့လည်း ကတညူတ ကတဝေဒီ သူတပါးရဲ့ ကျေးဇူးတရားကို သိတတ်ပြီး ပြန်ဆပ်ကြခြင်းဟာ မင်္ဂလာတရားတစ်ခုပဲ ဖြစ်ကြောင်း လက်တွေ့လောင်းက ထင်ရှားပြခဲ့ကြတဲ့အတွက် ဆရာနဲ့တပည့် အမှန်ပင် မင်္ဂလာတွေနဲ့ ပြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နှစ်ဖက်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့တဲ့အတွက်ကြောင့် စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲဟာ အမှန်ပင် မင်္ဂလာရှိတဲ့ပွဲလေးလို့ ဆိုရခြင်း ဖြစ်ပါတယ်။

မင်္ဂလာပါ ရှိရုံမကဘဲ ပညာတွေပါ ရှိစေဖို့ အကြင်နာအပြည့်နဲ့ ဟောပြောဆွေးနွေးပေးခဲ့ကြတဲ့ ဆရာဖေနဲ့ ဆရာကျယ်တို့ရဲ့ သွေဖယ်မသွားတဲ့ ဖေကျယ်စကားတွေကလည်း မရည်ရွယ်ပဲ မှတ်သားစရာတွေ ဖြစ်နေခဲ့ကြတဲ့ အတွက် ဆရာများအပြန်မှာ ကျန်ခဲ့ကြတဲ့ အသံတွေက ကောင်းလိုက်တာ၊ မှန်လိုက်တာစသဖြင့် ပြောမဆုံးအောင် ရှိနေခဲ့ကြပြန်ပါတယ်။ အကြောင်းမကုန်လို့ ပေါင်းဆုံနိုင်မယ်ဆိုရင် နောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အကောင်းတွေစုံအောင် ကြိုးစားနေမယ့်အကြောင်း စိတ္တသုခ အဖွဲ့သားများက ထပ်လောင်းပြီး ဆရာများထံ အမှားစကား ပါးလိုက်ကြသလို မအားတဲ့ကြားက အားတွေပြခဲ့ကြတဲ့ ဆရာသမားများကလည်း အားတွေမကျခင် အမှားတွေကိုပြနိုင်ဖို့ အချိန်ပေးကာ ရေးကာပြနေပြီး မနှေးမကြာ ကြွလာနိုင်အောင် ကြိုးစားပါမည့်အကြောင်း အားသစ်တွေ လောင်းသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ကျင်းပပြုလုပ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကတော့ တစ်မူထားခြားတဲ့ ကုသိုလ်ပွဲလေးနဲ့ ပညာပေးပွဲလေးဖြစ်ကာ မင်္ဂလာရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကတော့ လက်တွေ့တက်ရောက် ဆင်နွဲခဲ့ကြတဲ့ သူအားလုံးရဲ့ ရင်ထဲက အမှန်တရားဖြစ်ခဲ့ပြီး အမှတ်တရတွေထဲက အမှတ်ရစရာ အကောင်းဆုံးတစ်ခုအဖြစ် ကမ္ဗည်းတွင်ရစ်ခဲ့ပါကြောင်း မှတ်တမ်းတင်ကာ ဂုဏ်ပြုလိုက်ပါတယ်။

မကြာမီ မှတ်တမ်းဓာတ်ပုံများကို အပြည့်အစုံ တင်ပြပေးပါမည်။

READ MORE......

Tuesday, May 24, 2011

လစဉ်ဟောကြား မြတ်တရား (၄)

အဟောင်းလည်းစား အသစ်လည်းပွား
လစဉ်ကျင်းပ ပြုလုပ်လာခဲ့တဲ့ တစ်လတစ်ကြိမ် အထူးတရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ၂၂-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ အစဉ်မပြတ် ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အလှူပွဲဆက်တွေ များတဲ့အခါ တနင်္ဂနွေနေ့တွေမှာတောင် အလုပ်ဆင်းနေရတဲ့ သူတွေအတွက် ပင်ပန်းပြီး မအားမလပ်ဖြစ်မှာဆိုးလို့ တနင်္ဂနွေနေ့တိုင်း မလုပ်ဘဲ တစ်လတစ်ခါလောက် လုပ်ကြဖို့ စီစဉ်ထားပေမယ့် အခုလမှာတော့ မထင်မှတ်တဲ့ နာရေးပွဲတွေက ပေါ်လာခဲ့တဲ့အတွက် တနင်္ဂနွေနေ့တိုင်းလိုလို ကျောင်းမှာပွဲက မပြတ်ဘဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်ကျင်းပနေကျ တရားပွဲကိုလည်း မပျက်အောင် လုပ်ဖို့ရည်မှန်းထားတာဆိုတော့ တရားချစ်ခင် သူတော်စင်တွေကလည်း မအားတဲ့ကြားက အထူးကြိုးစားပြီး လာရောက်နာယူ မှတ်သားကြပါတယ်။ ဒီတစ်လ တရားပွဲမှာ ထူးထူးခြားခြား မင်္ဂလာဦးဆွမ်းကျွေး အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုကလည်း ရှိလာပြန်တော့ မင်္ဂလာဇနီးမောင်နှံနဲ့ မင်္ဂလာဆောင်ပြီးသူတွေ၊ မင်္ဂလာဆောင်မယ့်သူတွေ အတွက်ပါ မှတ်သားနာယူနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ပြီး ဟောကြားပေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလရဲ့ လစဉ်ဟောကြား မြတ်တရားရဲ့ မှတ်သားဖွယ် တရားတော်ကိုလည်း “အဟောင်လည်းစား၊ အသစ်လည်းပွား”ဆိုတဲ့ အမည်လေးနဲ့ ဟောကြားချီးမြှင့်ပေး ဖြစ်ခဲ့ပါတယ်။

ဒီတရားတော်ဟာ ကျောင်းအမကြီး ဝိသာခါနဲ့ ဆက်စပ်ပြီး ဟောကြားပေးဖြစ်တဲ့ တရားတော်ပဲ ဖြစ်ပါတယ်။ ဘဒ္ဒိယမြို့၊ မေဏ္ဍကသူဋ္ဌေးရဲ့ မြေး၊ ဓနဉ္စယသူဋ္ဌေးနဲ့ သုမနဒေဝီတို့ရဲ့ သမီးဖြစ်တဲ့ ဝိသာခါဟာ ဘဒ္ဒိယမြို့ကို ကြွတော်မူလာတဲ့ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားပြီး အသက် (၇)အရွယ်မှာပဲ သောတာပန် တည်သွားခဲ့တဲ့ ဘုရားတပည့် အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အခါ ဝိသာခါတစ်ယောက် မိဘသဘောတူညီမှုကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ မိဂါရသူဋ္ဌေးရဲ့သား ပုဏ္ဏဝဎုန သူတို့သားနဲ့ အကြောင်းပါကာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီး လင်ယောက်ျားရဲ့နောက်ကို လိုက်သွားရမယ့် သမီးဝိသာခါကို ဖခင်ဖြစ်သူ ဓနဉ္စယသူဋ္ဌေးက အမှာစကား ဆယ်ခွန်းကို မှားကြားလိုက်ပါတယ်။ အဲဒီစကား ဆယ်ခွန်းက
၁။ အတွင်းမီးကို အပြင်မထုတ်ဖို့
၂။ အပြင်မီးကို အတွင်းမသွင်းဖို့
၃။ ပေးကမ်းသောသူကိုသာ ပေးကမ်းဖို့
၎။ မပေးကမ်းသောသူကို မပေးကမ်းဖို့
၅။ ပေးကမ်းသောသူကိုလည်းကောင်း၊ မပေးကမ်းသောသူကိုလည်းကောင်း ပေးကမ်းဖို့
၆။ ချမ်းသာစွာ နေထိုင်ဖို့
၇။ ချမ်းသာစွာ စားသောက်ဖို့
၈။ ချမ်းသာစွာ အိပ်ဖို့
၉။ မီးကိုလုပ်ကျွေးဖို့နဲ့
၁၀။ အိမ်တွင်းနတ်ကို ပူဇော်ဖို့
ဆိုတဲ့ စကားဆယ်ခွန်းပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒီစကားဆယ်ခွန်းနဲ့ ပတ်သက်ပြီး ဝိသာခါက ရှင်းပြပေးခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ အိမ်ထောင်ရှင်များ အနေနဲ့ အတွင်းမီးကို အပြင်မထုတ်ဖို့ လိုသလို အပြင်မီးကိုလည်း အတွင်းမသွင်းဖို့ လိုပါတယ်။ ဒီမှာပြောလိုတဲ့ အတွင်းအပြင် မီးဆိုတာ ကိုယ့်ရဲ့အိမ်တွင်းက ပြဿနာ၊ လင်ယောက်ျား၊ ဇနီးမယားနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အပြစ်များကို အပြင်တွင် ဟိုပြောဒီပြောမပြောဖို့နဲ့ အပြင်မှာကြားလာတဲ့ အိမ်တွင်းပြဿနာများ အကြောင်း၊ လင်ယောက်ျား၊ ဇနီးမယားတို့ရဲ့ မကောင်းတဲ့ အပြောအဆိုများ အကြောင်းကိုလည်း အိမ်တွင်းကို ယူဆောင်မလာဖို့ လိုပါတယ်။ ပေးကမ်းတဲ့သူကို ပေးကမ်းပြီး မပေးကမ်းတဲ့သူကို မပေးကမ်းနဲ့ ဆိုတာက ပစ္စည်းဥစ္စာများကို ချေးငှါးပြီး ကတိအတိုင်း တိတိကျကျ ပြန်လည်ပေးကမ်းတဲ့ သူတွေကို ပေးကမ်းဖို့လိုပြီး ချေးငှါးပြီး မပေးဘဲထားတဲ့ သူတွေကို မပေးကမ်းဖို့လိုကြောင်းနဲ့ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ပေးကမ်းရမယ်ဆိုတာက ဆွေးမျိုးဉာတိများထဲမှ မရှိဆင်းရဲလှတဲ့ အမျိုးအဆွေများကို သူတို့ပြန်လည်ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ တတ်နိုင်သလောက် ပေးကမ်းရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ချမ်းသာစွာ နေထိုင်ရမယ်ဆိုတာက လင်ယောက်ျား၊ ယောက္ခမများနဲ့ လူကြီးသူမများ ရှေ့မှာ မရိုမသေမဖြစ်ဖို့၊ အထက်အောက်ပုံစံမျိုး မဖြစ်ဖို့နဲ့ အဆင်ပြေအောင် နေတတ်ဖို့၊ ချမ်းသာစွာ စားသောက်ရမယ်ဆိုတာက အစားအသောက်နဲ့ ပတ်သက်ပြီး လင်ယောက်ျားနဲ့ ယောက္ခမ လူကြီးသူမများအရင် ဦးဦးဖျားဖျား စားသောက်တာမျိုး မဖြစ်စေဘဲ ပြည့်စုံလုံလောက်စွာ စီမံဖန်တီးကာ အပြစ်မဖြစ်အောင် စားသောက်တတ်ဖို့ဖြစ်ပြီး၊ ချမ်းသာစွာအိပ်ရမယ်ဆိုတာက ဇနီးမယားရဲ့ ဝတ္တရားအတိုင်း လင်ယောက်ျားလူကြီးသူမများ အရင်စောစောစီးစီး မအိပ်ဘဲ အိပ်ရာထချိန်မှာတော့ စောစောစီးစီး ထဖို့လို့ကြောင်း ပြောလိုတာ ဖြစ်ပါတယ်။ မီးကို လုပ်ကျွေးရမယ်ဆိုတာက ကိုယ့်ရဲ့လင်ယောက်ျားကို မဖြစ်မနေ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို၊ ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို အလေးထားပြီး လုပ်ကျွေးရမယ်လို့ ဆိုလိုတာဖြစ်ပြီး အိမ်တွင်းနတ်ကို ပူဇော်ရမယ်ဆိုတာက နှစ်ဘက်မိဘများကို အိမ်တွင်းနတ်လို့ သဘောထားပြီး ရိုသေလေးစားစွာ ထောက်ပံ့ပူဇော် ကျွေးမွေးပြုစုပေးရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဖခင်ကြီးမှာလိုက်တဲ့ စကားဆယ်ခွန်းကို ဝိသာခါက ဒီအတိုင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြဿနာက သောတာပန်နဲ့ မိစ္ဆာဒိဋ္ဌိ တစ်မိသားစုတည်း ဖြစ်နေပြီး တစ်အိမ်ထဲမှာ အတူနေနေရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ဝိသာခါဟာ အသက် (၇)နှစ်အရွယ်တည်းက သောတာပန် ဖြစ်နေခဲ့ပေမယ့် လင်ယောကျာ်းနဲ့ ယောက္ခမများကတော့ ရှေးအစဉ်အလာတည်းကာ အဝတ်မဝတ်တဲ့ တက္ကဒွန်းများကို ကိုးကွယ်လာခဲ့ကြတဲ့ အဖြစ်ပါ။ ဒီလို ကိုးကွယ်ရာ မတူဘဲ တစ်အိမ်တည်း ဖြစ်နေတာက နားလည်မှု မရှိရင် တစ်နေ့မဟုတ်တစ်နေ့ ပြဿနာ ဖြစ်တတ်တဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို အကြွင်းမဲ့ယုံကြည်သွားတဲ့ သောတာပန်ဖြစ်တဲ့ ဝိသာခါမှာ မိစ္ဆာဒိဋ္ဌိ အိမ်ရောက်လာပြီးမှ ရတနာသုံးပါးနဲ့ ဝေးကွာလာတဲ့အချက်က အဆိုးဆုံးပဲ ဖြစ်ပါတယ်။ မလွန်ဆန်နိုင်တဲ့ အနေအထားအရ ဝိသာခါဟာ ကိုယ်လုပ်ရမယ့် ဝတ္တရားကိုပဲ ကျေပွန်အောင် လုပ်ပေးနေရပေမယ့် စိတ်မှာတော့ တော်တော်တင်းကျပ်နေတဲ့ သဘောရှိပါတယ်။

တစ်နေ့ ဝိသာခါဟာ ယောက္ခမဖြစ်တဲ့ ဓနဉ္စယ သူဋ္ဌေးကြီး ထမင်းစားနေတာကို ဘေးမှနေပြီး ယပ်ခပ်ပေးနေချိန် အိမ်ရှေ့မှာ ရဟန်းတစ်ပါး ဆွမ်းခံကြွလာတာနဲ့ ကြုံတွေ့ပါတော့တယ်။ ရဟန်းတော်ကိုမြင်တော့ ဝိသာခါတစ်ယောက် ဝမ်းသာအားရ ဖူးမျှောင်ပြီး ရှိသမျှဆွမ်းဆွမ်းဟင်တွေ လောင်းလှူလိုလှပေမယ့် အနားမှာရှိနေတဲ့ ယောက္ခမရဲ့ မသိသလို နေနေမှု၊ သဘောမတူတဲ့ အခြေအနေတွေ ရှိနေမှုကြောင့် လက်အုပ်ချီပြီးတော့ပဲ “အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်ရဲ့ ယောက္ခမက အဟောင်းကိုသာ စားနေတဲ့ အဟောင်းစားဖြစ်တဲ့အတွက် ဆွမ်းမလောင်းနိုင်ဘဲ ဖြစ်နေလို့ပါဘုရား” လို့ လျှောက်ထားလိုက်ရပါတယ်။ ဝိသာခါရဲ့ ကန်တော့ဆွမ်းကို အလှူခံပြီး ရဟန်းတော်လည်း ကြွသွားပါတယ်။ ပြဿနာက ဝိသာခါပြောတဲ့ အဟောင်းစား ဆိုတဲ့စကားက ယောက္ခမကို အတော်ဒေါသ ထွက်စေခဲ့တဲ့ သဘောရှိပါတယ်။ မိဂါရသူဋ္ဌေးဟာ သူ့ကိုဝိသာခါက မကောင်းတဲ့အရာ၊ အဟောင်းတွေကို စားတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတယ်ဆိုပြီး ရပ်မိရပ်ဖများရှေ့မှာ ပြဿနာ ရှာလာခြင်း ဖြစ်ပါတယ်။ ဒီတော့မှ ဝိသာခါက သူပြောတဲ့ အဟောင်းစားဆိုတာ တခြားအဓိပ္ပါယ်ကို ဆိုလိုတာ မဟုတ်ကြောင်း၊ မိဂါရသူဋ္ဌေးဟာ အတိတ်ဘဝတွေက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကုသိုလ်အဟောင်းကိုသာ စားနေပြီး အခုဘဝမှာ ဘာကုသိုလ်ကောင်းမှုမှ မပြုဘဲ နေနေတဲ့ အဖြစ်ကို ရည်ရွယ်၍သာ ပြောဆိုခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ နောက်ဆုံးတော့ မိဂါရသူဋ္ဌေးဟာ သူ့ရဲ့စွပ်စွဲချက်တွေ မှားယွင်းပြီး ဝိသာခါ အလိုကျ ရတနာသုံးပါးကို ကိုးကွယ်ခွင့်ပြုကာ သူကိုယ်တိုင်လည်း ဘုရားတရားနာပြီး ဗုဒ္ဓဘာသာ အဖြစ်ခံယူကာ ဒါနသီလဘာဝနာ ကုသိုလ်အလုပ်တွေကို ကြိုးစားလုပ်လာ ဖြစ်ခဲ့ပါတယ်။ ဒါက အဟောင်းစား ဆိုတဲ့စကားနဲ့ ပြောင်းလဲလာတဲ့ ဝိသာခါနဲ့ မိဂါရတို့ရဲ့ ဇာတ်ကြောင်း တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက မင်္ဂလာဇနီးမောင်နှံကို အကြောင်းပြုပြီး ဟောကြားပေးခဲ့တဲ့ ဒီတရားတော်မှာ ဘဝတစ်ခု တည်ထောင်ဖန်တီးကြသူများ အိမ်ထောင်ပြုပြီး ဘဝခရီး ဆက်သွားကြမည့်သူများ အနေနဲ့ ဝိသာခါရဲ့ အဖေက သမီးကို မှားလိုက်တဲ့ ဆုံးမစကားတွေကို မိမိတို့ဘဝမှာလည်း လက်တွေ့လိုက်နာကျင့်သုံးကြည့်ကြဖို့နဲ့ ရရှိလာတဲ့ ဘဝမှာ အဟောင်းကိုပဲ စားနေလို့မဖြစ်ဘဲ အသစ်လည်းပွားနိုင်အောင် ကြိုးစားနိုင်ကြဖို့ အသိပေး ပြောလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု ရေရှည်တည်တံ့ဖို့မှာ နှစ်ဦးနှစ်ဖက် တစ်ဦးအပေါ်တစ်ဦး အမြင်ကြည်ကြဖို့၊ ဝတ္တရားတွေ ကျေကြဖို့ လိုပါတယ်။ အိမ်ထောင်ရေးတည်တံ့ဖို့ အရေးမှာ အတွင်းအပြင်မီးတွေကို ထုတ်သွင်းထုတ်ယူ မလုပ်ဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ကို ကိုယ်စီကျေအောင် ကြိုးစားပြီး ပြဿနာများကို မရှာမိကြဖို့ လိုအပ်လှပါတယ်။ နေထိုင်သွားလာ စားသောက်မှုတွေက အစ အရာရာမှာ အပြစ်မရှိအောင်နဲ့ ပြုစုစောင့်ရှောက် ချီးမြှောက်ရမယ့် အရာတွေမှာ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို နေထိုင်လေ့ကျင့်နိုင်မယ်ဆိုရင် အိမ်ထောင်တစ်ခုဟာ ပြဿနာ ဖြစ်စရာ သိပ်မရှိလှဘူးလို့ ထင်ပါတယ်။ ဝိသာခါကို မှာတဲ့စကားတွေ ဆိုပေမယ့် လက်တွေ့ဘဝမှာ ယူသင့်လိုက်နာသင့်တာတွေ ရှိနေတဲ့အတွက် ဒီအဆုံးအမတွေကို အသုံးချပြီး အိမ်ထောင်တစ်ခု သာယာလှပအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်က အဟောင်းစားပြီး အသစ်ပွားနိုင်အောင် ကြိုးစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အတိတ်အတိတ်က ပြုလုပ်စောင့်ထိန်းခဲ့တဲ့ ကောင်းတဲ့ကံတွေကြောင့် လူဘဝကိုရလာ၊ ရလာတဲ့ လူဘဝမှာလည်း မိဘကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ ကိုယ်လက်အင်္ဂါကောင်းတွေ ဖြစ်ခဲ့ရပြီး အထိုက်အလျောက် နေနိုင်စားနိုင် သွားနိုင်လာနိုင် စတာလေးတွေ ဖြစ်လာခဲ့တာတွေဟာ တကယ်တော့ အတိတ်ရဲ့ အကျိုးပေးတွေပဲ ဖြစ်ပါတယ်။ အတိတ်ဆိုတာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် ဒီအကျိုးပေးတွေဟာလည်း အဟောင်းတွေပဲ ဖြစ်နေတာ ဖြစ်ပါတယ်။ အတိတ်ကောင်းခဲ့လို့ အဟောင်းကောင်းခဲ့ရတဲ့ အပေါ်မှာ ဒီအဟောင်းတွေကိုပဲ သာယာကာ ကျေနပ်နေကြလို့ မဖြစ်ပြန်ပါဘူး။ အဟောင်းတွေပဲ စားပြီးအဟောင်းတွေ ကုန်သွားမယ်ဆိုရင် မကောင်းဘုံကိုလည်း သွားနိုင်သေးတဲ့အတွက် အဟောင်းချည်းပဲ စားနေလို့မဖြစ်ဘဲ အသစ်လည်း ပွားပေးကြဖို့ လိုပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ ဒါနသီလဘာဝနာ အလုပ်ဟောင်းတွေရဲ့ အကျိုးပေးဟောင်းတွေကို ဆထက်မက တိုးပွားရအောင် ဒီဘဝမှာလည်း အသစ်အသစ်တွေ များများထပ်လုပ်ကြ၊ များများထပ်ပွားကြဖို့ လိုပါတယ်။ အခုစားနေတာတွေဟာ အဟောင်းတွေ ဖြစ်နေပြီး နောင်စားဖို့အတွက်ကတော့ အခုလုပ်မှရမယ့် အသစ်တွေ ဖြစ်လာမှာဖြစ်လို့ အဟောင်းလည်းစားရင်း အသစ်လည်း ပွားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ ဒါနသီလဘာဝနာ အဟောင်းတွေကို အတုယူပြီး ဒီဘဝမှာလည်း တတ်နိုင်သမျှ ဒါနသီလဘာဝနာ ကုသိုလ်ကောင်းမှု အသစ်တွေကိုလည်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အဟောင်းလည်းစား အသစ်လည်း ပွားရာ အမှန်အစစ် ဖြစ်လာကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဘဝသံသရာ အဆုံးမသပ်ကြသေးတဲ့ ပုထုဇဉ်တွေအဖို့ အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလတွေမှာ အချိန်တိုင်းက တန်ဘိုးရှိနေပြီး အလုပ်တိုင်းက အရေးကြီးတဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေဟာ အနာဂတ်ဘဝ သံသရာအတွက်လည်း ထည့်တွက်ပြီး လုပ်ကြရမှာ ဖြစ်တာကြောင့် လက်ရှိဘဝကို မဏ္ဍိုင်ပြုကာ အတိတ်ရဲ့ အကျိုးကို ခံစားရင်း အနာဂတ်အတွက်လည်း ရင်းနှီးကြဖို့နဲ့ အတိတ်ကလုပ်ခဲ့တဲ့ ကံအကျိုးပေးတွေလောက်နဲ့ ကျေနပ်မနေကြဘဲ အနာဂတ်အတွက်လည်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ရင်း ရေရှည်အကျိုး ပွားတိုးအောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လူ့ဘဝမှာ ဘယ်လိုအကျိုးပေးတွေပဲ ကွာခြားကွာခြား အရေးအကြီးဆုံးဖြစ်တဲ့ လူ့ဘဝကို ရရှိလာတာကိုက အဟောင်းကောင်းခဲ့ကြလို့ ရလာခြင်း ဖြစ်တဲ့အတွက် ဒီလောက်ကောင်းတဲ့ အဟောင်းကို ဖြစ်သလိုနေ၊ ဖြစ်သလိုစား ဘဝနဲ့ အဆုံးမသတ်ကြဘဲ ရရှိလာတဲ့ လူ့ဘဝကို အသုံးချက အနာဂတ်ဘဝတွေကနေပြီး နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြဖို့ ဒါနသီလဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း အသစ်အသစ်တွေ စုဆောင်းပွားများကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဒါနမှလည်း အဟောင်းလည်းစား အသစ်လည်းပွားရာရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်လရဲ့ တရားတစ်ပုဒ်အဖြစ် ဟောကြားပေးဖြစ်ခဲ့တဲ့ “အဟောင်းလည်းစား အသစ်လည်းပွား”ဆိုတဲ့ တရားတော်အတိုင်းပဲ ဘဝသံသရာခရီး မပြီးဆုံးသေးလို့ ဆက်လွက်ထွက်ခွာ သွားလာနေကြမယ့် သံသရာ ခရီးသွားတွေ အနေနဲ့ အတိတ်ကောင်းလို့ လူ့ဘဝကို ရရှိလာပြီး အဟောင်းကောင်းနေတဲ့ အပေါ်မှာပဲ သာယာကာ အဟောင်းကိုပဲ စားမနေကြဘဲ သံသရာတစ်လျှောက် အကောင်းစားနိုင်ဖို့ အတွက်လည်း အကောင်းအလုပ်တွေ လုပ်ပြီး အသစ်ပွားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း အသိပေးတင်ပြရင်း အတိတ်က အဟောင်းကို ခဏနထား အခုလက်ရှိအချိန်မှာပဲ အသစ်ဖြစ်တဲ့ ဒါနသီလဘာဝနာ အလုပ်တွေကို ရနိုင်သမျှ ကြိုးစားအားထုတ်ကာ နောက်ဆုံးဖြစ်တဲ့ နိဗ္ဗာန်အထိ အရောက်သွားကြပါလို့ တိုက်တွန်းကာ ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တစ်ရားတစ်ပုဒ် အဖြစ် ရွေးထုတ်ဟောကြားလိုက်ရပါတယ်။

အားလုံး အဟောင်းလည်းစား အသစ်လည်း ပွားနိုင်ကြပါစေ..။

READ MORE......

ဒယ်ဂူး စာပေဆွေးနွေးဝိုင်း အသိပေးဖိတ်ကြားခြင်း



၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်၊ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှစ်မအပေါင်းအား အတူတကွ ပါဝင်ဆင်နွဲနိုင်ဖို့ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။


နေ့ရက် = ၂၉-၅-၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၂နာရီမှ ၅နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း


မှတ်ချက်။ ။ ဆရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းအား စိတ္တသုခ လူမှုကူညီရေး အသင်းနှင့် ကိုသက်နိုင်+မသင်းသင်းဌေးတို့မှ လဘက်ရည်နှင့် ကော်ပြန့်လိပ်ကြော်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

ရည်ညွန်း = ဟန်းဂုရွာ

READ MORE......

Sunday, May 15, 2011

တစ်လတစ်ကြိမ်တရားပွဲ၊ရွှေမြန်မာများတွေ့ဆုံပွဲနှင့် မင်္ဂလာဦးဆွမ်းကျွေးကုသိုလ်ပွဲ

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်သည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၂၂-၅-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို မင်္ဂလာဦးဆွမ်းကျွေး အလှူနှင့်အတူ ကုသိုလ်ပြု မည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။



နေ့ရက်= March 22 – 5 – 2011 (၁၃၇၃ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ် (၁) နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

READ MORE......

ဆူဝမ် မြန်မာသူကြီးဆိုင် တရားပွဲ ပုံရိပ်မှတ်တမ်း

READ MORE......

Monday, May 2, 2011

ကောင်းမွန်ဘုံဘဝ ရောက်ပါစေကြောင်း ကုသိုလ်လောင်း၍ဝေ

၈-၄-၂၀၁၁(သောကြာနေ့)က ကွယ်လွန်သွားသော ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် နှင့် ၁၅-၄-၂၀၁၁(သောကြာနေ့) က ကွယ်လွန်သွားသော ကိုလှမျိုးဝင်း တို့အား ကောင်းမွန်သော ဘုံဘဝ ရောက်ပါစေရန် စိတ်ရည်သန်၍ မိတ်ဆွေသူငယ်ချင်းများမှ ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကောင်းမှုကုသိုလ် အလှူပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား အတူတကွ အမျှဝေ သာဓုခေါ်ဆိုနိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၈-၅-၂၀၁၁၊ တနင်္ဂနွေနေ့
- ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
- တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀
- နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

(ကုသိုလ်ပွဲအစီအစဉ်တွင် ကွယ်လွန်သွားသော သူငယ်ချင်းများအားရည်စူး၍ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ပရိယတ္တိ စာသင်တိုက်တစ်တိုက်မှ စာသင်သံဃာတော်များအား သင်္ကန်းဆက်ကပ်ရန်ဖြစ်ပြီး ကြွရောက်လာသော မိတ်ဆွေအပေါင်းအသင်းများကိုလည်း အထူးရှယ် ဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။)

READ MORE......

Sunday, May 1, 2011

ကိုလှမျိးဝင်း အားရည်စူး၍ ကုသိုလ်ကောင်းမှုများ နှင့် ဈာပန မှတ်တမ်းများ

၁၅-၄-၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ကိုလှမျိုးဝင်း၏ ကျွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၁-၅-၂၀၁၁ ရက်နေ့တွင် ကောင်းမွန်စွာ သဂြိုလ်ပြီးစီးပြီဖြစ်ပါသည်။

ကွယ်လွန်သည်မှ သဂြိုလ်ပြီးစီးသည်အထိ သူငယ်ချင်းများမှ သက်ပျောက်ဆွမ်းအလှူ၊ ရက်လည်ဆွမ်းအလှူ နှင့် အသုဘချမည့်နေ့အထိ ပြုလုပ်ပြီးခဲ့သော အလှူမှတ်တမ်းများကို တင်ပြအပ်ပါသည်-


READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster