Saturday, June 4, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း သမိုင်းအကျဉ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း သမိုင်းအကျဉ်း


ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းသည် ကိုရီးယားရောက် မြန်မာလူမျိုး များ၏ မတည်လှူဒါန်းမှုဖြင့် ပေါ်ပေါက်လာခဲ့သည် ကျောင်းတော်ဖြစ်ပါသည်။ အခြေအနေ လိုအပ်ချက်အရ ကိုရီးယားနိုင်ငံ အောက်ပိုင်းမြို့များကို ကိုယ်စားပြုသည့် ကျောင်းတော်တစ်ခု အဖြစ် ယခုလက်ရှိ ပဓာန နာယကကျောင်းထိုင် ဆရာတော် အရှင်ဝိစိတ္တ၏ ဦးဆောင်မှု၊ ကျောင်းအကျိုးဆောင်များ၏ လှုပ်ရှားမှု၊ စေတနာရှင် ကျောင်းအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် အကောင်အထည် ပေါ်ခဲ့သည့် ဤကျောင်းတော်သည် ယခုဆိုလျှင် မြန်မာလူမျိုးများနှင့် ကိုရီးယား ဗုဒ္ဓဘာသာဝင်များ၏ နားခိုရာ ကျောင်းတော်သာအဖြစ် ကောင်းမွန်စွာ တည်တံ့နေခဲ့ပြီ ဖြစ်ပါသည်။

ဤကျောင်းတော် ဖြစ်ပေါ်လာခြင်း၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ဂုဏ်ယူစရာအချက်များ၊ ပီတိပွားစရာ အချက်များကို အများအပြားတွေ့ရမည် ဖြစ်ပါသည်။ ထိုအချိန်က လက်ရှိကျောင်းထိုင် ဆရာတော် အရှင်ဝိစိတ္တသည် ကိုရီးယားဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကျောင်းတက်နေရင်း ကိုရီးယားနိုင်ငံ အောက်ပိုင်းမြို့များဖြစ်သည့် ဒယ်ဂူး၊ ဂင်မဲ၊ ဘူဆန်၊ အူလ်ဆန် စသည့် မြို့များရှိ မြန်မာများ၏ ပင့်ဖိတ်ချက်အရ အခါအားလျော်စွာ တရားဓမ္မများ ကြွရောက်ဟောကြားနေခဲ့ရာမှ မြန်မာဗုဒ္ဓဘာသာများ အတွက် အောက်ပိုင်းမြို့များတွင် မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလောက် ရှိသင့်သည်ဟု အကြံပြုကာ မြန်မာများ၏ ဆန္ဒကို မေးမြန်းရာတွင် အားလုံးက အားတက်သရောဖြင့် ထိုလိုအပ်ချက်ကို အများပေါင်းပြီး အကောင်အထည် ဖော်ကြမည့်အကြောင်း လျှောက်ထားကြသည်။

ထိုသို့ ပြင်းပြသော ဆန္ဒနှင့်အတူ ၃၁-၈-၂၀၀၈ ရက်နေ့တွင်၊ ဒယ်ဂူးမြို့၊ Golden Friends မြန်မာဆိုင်၌ မြို့နယ်အသီးသီးကို ကိုယ်စားပြုသည့် ဦးဆောင်ဒကာများဖြင့် အစည်းအဝေးကျင်းပပြီး ကျောင်း ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့ကို ယာယီဖွဲ့စည်းကာ အလှူငွေများ စုဆောင်းခြင်းကို စတင်လှုပ်ရှား ခဲ့ကြသည်။ ထက်သန်သည့် ဆန္ဒ၊ ဝိရီယ၊ တူညီသည့် သဒ္ဓါတရားများကြောင့် အချိန် (၂)လခန့် အတွင်းမှာပင် လိုအပ်သည့် အလှူငွေများကို စုဆောင်းရရှိခဲ့ကြပြီး ၂၄-၁၀-၂၀၀၈ရက်နေ့တွင် ဒယ်ဂူးမြို့ရှိ အိမ်တစ်အိမ်၏ အောက်ထပ်တစ်ခြမ်းကို စပေါ်တင်လစဉ်အိမ်လခဖြင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။ အိမ်ကြီးမှာ အနည်းငယ်ကျယ်ဝန်းသဖြင့် အကန့်ခွဲကာ အိမ်ရှင်မှ ငှါးရမ်းခြင်းဖြစ်ပြီး ဘုန်းတော်ကြီး ကျောင်း၏ ပထမဆုံး ခြေလှမ်းအဖြစ် သင့်လျော်သည့် အနေအထားရှိသဖြင့် ထိုအောက်ထပ်တစ်ခြမ်းကိုပင် ငှါးရမ်းကာ မြန်မာဘုန်းတော်ကြီးကျောင်းအဖြစ် စတင် အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းအဖြစ် အငှါးစာချုပ် ချုပ်ဆိုပြီးနောက် ၂၆-၁-၂၀၀၉ရက်နေ့တွင် ကျောင်းထိုင် ဆရာတော်၊ အကျိုးဆောင်များနှင့် အလှူရှင်များ အများပေါင်းစုကာ ကျောင်းတက်ပွဲကို စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့နေ့မှာပင် ဘုန်းတော်ကြီးကျောင်း ရှေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့ကိုလည်း အတည်ပြု ဖွဲ့စည်းခဲ့ကြသည်။ ဆရာဒကာ ညီညွတ်စွာ ရှိစေရေး၊ ကျောင်းတော်ကြီး ရေရှည်တည်တံ့စေရေးတို့အတွက် ဆရာတော်နှင့် ကျောင်းအကျိုးဆောင်များသည် ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြပြီး တာဝန်ကိုယ်စီ ကျေပွန်စေမည်ဟု အဓိဋ္ဌာန်ပြုကာ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းကို အောင်မြင်စွာ အစပြုခဲ့ကြသည်။

ဘုန်းတော်ကြီးကျောင်း ပေါ်ပေါက်လာပြီးနောက် ကျောင်းတော်ကြီး ရေရှည်တည်တံ့ရေး၊ မြန်မာများ၏ သာရေးနာရေး လူမှုရေးများတွင် အဆင်ပြေ ချောမွေ့စေရေး၊ ထေရဝါဒ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည့် ကိုရီးယားလူမျိုးများအား ဗုဒ္ဓ၏ အဆုံးအမများဖြင့် နှလုံးလှစေရေး၊ မြန်မာပြည်တွင်းရှိ ဘာသာရေး၊ လူမှုရေး လုပ်ငန်းများတွင် စွမ်းနိုင်သမျှ အားဖြည့်ပေးရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆရာဒကာ ပူပေါင်းကာ ဆောင်ရွက်လာခဲ့ကြရာ မူလက အိမ်အောက်ထပ် တစ်ခြမ်းကိုသာ ငှါးရမ်းထားရာမှ ကျောင်းဖြစ်ပေါ်ပြီး တစ်နှစ်အကြာမှာပင် အောက်ထပ် တစ်ထပ်လုံးကို အပြည့်အဝငှါးရမ်း အသုံးပြုလာနိုင်ခဲ့ကြသည်။ ကျောင်းစပေါ်ငွေနှင့် ရံပုံငွေများကိုလည်း အထိုက်အလျောက် ပြည့်စုံစွာ စုဆောင်းနိုင်ခဲ့ကြသည်။

ကျောင်းအကျိုးဆောင်များနှင့် ကျောင်းဒကာဒကာမများ၏ အထောက်အပံ့များဖြင့် ယခုဆိုလျင် ဆရာတော် အနေဖြင့်လည်း မြန်မာများ၏ သာရေးနာရေး၊ ဘာသာရေး၊ လူမှုရေးများကို ဦးဆောင်မှု ပေးနေသကဲ့သို့ ကိုရီးယားများအားလည်း အပတ်စဉ် တရားဟောခြင်း၊ တရားပြခြင်း၊ စာပေသင်ကြား ပို့ချပေးခြင်းများကို ပြုလုပ်ပေးနေနိုင်ဖြစ်ကာ မြန်မာပြည်တွင်းရှိ ပရဟိတလုပ်ငန်းများတွင်လည်း ထောက်ပံ့ကူညီ ပေးပို့ လှူဒါန်းနိုင်နေပြီ ဖြစ်သည့်အပြင် စာအုပ်စာပေများ ရေးသားဖြန့်ဝေခြင်း၊ အွန်းလိုင်းမှလည်း ဗုဒ္ဓ အဆုံးအမများ ရေးသားဖြန့်ဝေခြင်း စသည့်သာသနာပြု လုပ်ငန်းများကိုပါ မပင်မပန်း ချမ်းချမ်းသာသာ လုပ်နေနိုင်ပြီ ဖြစ်ပါသည်။

ထို့အပြင် ဘုန်းတော်ကြီးကျောင်း အကျိုးဆောင် အဖွဲ့မှ ဦးဆောင်ကာ လစဉ်တရားပွဲများ၊ ရွှေမြန်မာ စုံညီပွဲများကို အရှိန်အဟုန်မပြတ် ကျင်းပပြုလုပ်နေကြသကဲ့သို့ ကျောင်းတည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်ကဲ့သို့သော နေ့ထူးနေ့ရက် အခါများတွင်လည်း အလှူငွေများ စုဆောင်းကာ မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗီ ကလေးများ ပြုစုစောင့်ရှောက်ရေး ဌာနများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေး အထောက်အကူပြု စက်ပစ္စည်းအလှူများ၊ အခါအားလျော်စွာ ပေါ်ပေါက်လာသည့် သဘာဝ ဘေးအန္တရာယ် ရောက် ဒုက္ခသည်များအား ပံ့ပိုးလှူဒါန်းမှုများ၊ ကိုရီးယားနိုင်ငံသို့ ကြွရောက်လာသည့် နာမည်ကြီး ဆရာ တော်ကြီးများနှင့် စာရေးဆရာများအား ပင့်ဖိတ်၍ ဘာသာရေးပွဲများ၊ ပညာရေးပွဲများ၊ ချစ်ကြည်ရေးပွဲများ စသည်တို့ကိုလည်း ဆရာဒကာ ညီညွတ်စွာဖြင့် အတ္တပရ လုပ်ငန်းများကို ပြုလုပ်နိုင်ကြပြီ ဖြစ်ပါသည်။

အရှိန်အဟုန်ဖြင့် အောင်မြင်စွာ လျှောက်လှမ်းလာကြသည့် စိတ္တသုခ၏ ဆရာနှင့် ဒကာတို့သည် ဘာသာရေးအပြင် လူမှုရေး လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးအတွက် ဆရာတော်၏ ဦးဆောင်မှု၊ ကျောင်းအကျိုးဆောင် အဖွဲ့၏ ပံ့ပိုးမှုဖြင့် ၂၇-၂-၂၀၁၁ရက်နေ့တွင် “စိတ္တသုခ လူမှုကူညီရေး အသင်း”ကို တိုးချဲ့ဖွဲ့စည်းကား ကိုရီးယားရောက် မြန်မာများ၏ လူမှုရေးလိုအပ်ချက်များ၊ မြန်မာပြည်တွင်းရှိ လိုအပ်သည့် လူမှုရေး လုပ်ငန်းများကိုပါ အင်တိုက်အားတိုက် လုပ်ဆောင်ပံ့ပိုးလာနိုင် ခဲ့ကြပြီ ဖြစ်ပါသည်။

ယခုဆိုလျှင် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းကို အကြောင်းပြု၍ ဆရာတော်၏ ဦးဆောင်မှု၊ ကျောင်းအကျိုးဆောင် အဖွဲ့၏ အကျိုးဆောင်မှု၊ လူမှုကူညီရေး အသင်း၏ ပံ့ပိုးကူညီမှုဖြင့် စိတ္တသုခ အဖွဲ့သားများ၏ ဘာသာရေး၊ သာရေးနာရေးနှင့် လူမှုရေးလုပ်ငန်းများသည် အချိန်တိုအတွင်းမှာပင် အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသီးအပွင့်များ ဖြစ်ထွန်းနေလျက်ရှိသည့်အပြင် ရှေဆက်၍လည်း ထိုထက်ပိုပြီး အမျိုးဘာသာ သာသနာအကျိုးကို ကြိုးစားဆောင်ရွတ် သွားကြမည့်အကြောင်း အဓိဋ္ဌာန်လောင်းလျက် ရှိနေကြပြီ ဖြစ်ပါသည်။

သမိုင်းတစ်ခေတ် ဆိုက်ထူဖြစ်သည့် စိတ္တသုခ အဖွဲ့သားများ၏ ကုသိုလ်တိုးပွား ရက်စွဲများ
- ၂၆-၁-၂၀၀၉၊ ကျောင်းတက်ပွဲနှင့် ကျောင်းဖွင့်ပွဲအလှူတော်
- ၁၂-၄-၂၀၀၉၊ ပထမအကြိမ် နှစ်သစ်အကြို အလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ
- ၅-၇-၂၀၀၉၊ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ
- ၁၄-၂-၂၀၁၀၊ ကျောင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သုခရိပ်မြုံဂေဟာရှိ HIV/AIDS ကလေးများအတွက် အလှူငွေ ဆယ်သိန်းကျော် ပေးပို့လှူဒါန်း
- ၁၁-၄-၂၀၁၀၊ ဒုတိယအကြိမ် မြန်မာနှစ်သစ်အကြို အလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ
- ၂၀-၇-၂၀၁၀၊ ရန်ကုန်ပြည်သူဆေးရုံကြီး ဓာတ်ရောင်ခြည်စက်အလှူတော် မြန်မာငွေဆယ်သိန်း
- ၂၅-၇-၂၀၁၀၊ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
- ၂၁-၉-၂၀၁၀၊ ချူဆော့ပိတ်ရက် စုပေါင်း ဒုလ္လဘရဟန်းခံပွဲ
- ၃၁-၁၀-၂၀၁၀၊ ပထမအကြိမ် စုပေါင်း ကထိန်အလှူပွဲ
- ၁၄-၁၁-၂၀၁၀၊ စိတ္တသုခ အဖွဲ့သားများ၏ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသရှိ ဆင်းရဲနွမ်းပါး ကလေးများအတွက် အဝတ်အထည်များ ပေးပို့လှူဒါန်းခြင်း အလှူတော်
- ၆-၂-၂၀၁၁၊ စိတ္တသုခ ကျောင်းတည်ထောင်းခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၏ အထူးတရားပွဲ အလှူတော်
- ၂၇-၂-၂၀၁၁၊ စိတ္တသုခ လူမှုကူညီရေး အသင်းဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် အလှူတော်နှင့် ကင်ဆာရောဂါ ဝေဒနာရှင် ကိုရီးယားရောက် ကိုအောင်နိုင်ဝင်းအတွက် အလှူငွေ (၅)သိန်းလှူဒါန်း
- ၈-၄-၂၀၁၁ နေ့တွင် ဆုံးပါးသွားသော ကိုမိုးကောင်းအတွက် စုပေါင်းအလှူ
- ၁၅-၄-၂၀၁၁ နေ့တွင် ဆုံးပါးသွားသော ကိုလှမျိုးဝင်းအတွက် စုပေါင်းအလှူ
- ၁၇-၄-၂၀၁၁၊ တတိယအကြိမ် မြန်မာနှစ်ဦးအလှူတော်နှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ
- ၂၉-၅-၂၀၁၁၊ ဆရာဖေမြင့်၊ ဆရာအော်ပီကျယ်တို့အား စိတ္တသုခ အဖွဲ့သားများ၏ ဆရာကန်တော့ပွဲနှင့် ဒယ်ဂူးစာပေဆွေးနွေးပွဲ
- ၁၇-၇-၂၀၁၁၊ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သော ဝါဆိုသင်္ကန်းကပ်အလှူ၊ ပညာရေးအလှူ၊ ဆွမ်းအလှူနှင့်၊ ကျောင်းအလှူတော်များ စုပေါင်းရေစက်ချခြင်း (ထိုအလှူသို့ ကိုရီးယားဝမ် သိန်း ၂၀ကျော် (မြန်မာငွေ ၁၅သိန်းတိတိ)ကို ပေးပို့လှူဒါန်းခဲ့သည်)


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster