Thursday, February 18, 2010

“သူတော်ကောင်းအနားသွား...သူတော်ကောင်းစကား ကြားရမယ်....”




“သူတော်ကောင်းကို ပေးထားတဲ့ ကျွန်တော့် ကတိကို ဘယ်ဖျက်ပါ့မလဲ အကိုရာ...။ ကျွန်တော် လိမ္မာသွားပါပြီ။ အဲဒီ အလုပ်တွေ မလုပ်တော့ပါဘူး”.....တဲ့။ ကြားလိုက် ရတဲ့ စကားသံ၊ဝမ်းသာမိတာ အတိုင်းမသိပါပဲ။ ဒါပေမဲ့ စိတ်ထဲက သာဓုခေါ်မိလိုက်တာကို ကောင်လေး သိမ သွားဘူး။ ဒီလို ကောင်လေးတွေ အများကြီး ရှိစေ ချင်တယ်။
လောကကြီးမှာ အသက်ကြီးတာ ငယ်တာအဓိကမကျဘူး...။မှန်ကန်တဲ့ အသိတရားရှိရင် လေးစား ထိုက်တဲ့လူ...။အဲဒါမှ လူပီသတာ....။
ကျွန်တော် နဲ့ အဲဒီကောင်လေး စိတ္တသုခ ဘုန်းကြီးကျောင်းမှာ တွေ့ခဲ့တာ။ အရင်က ကောင်လေးကို ဖဲဝိုင်း၊အရက်ဝိုင်းနဲ့ ဟေးလားဝါးလား တွေ့တွေ့ နေကျ။ အသုံးအဖြုံးကတော့ သိတဲ့အတိုင်း ကိုရီးယားမှာ ကိုရီးယားလိုသုံးမလား၊ မြန်မာလိုသုံးမလား၊ တစ်ညလုံးတစ်ဆိုင်ပြီး တစ်ဆိုင်ပြောင်း၊ မအိပ်ကြေး။ ငွေရှာရလွယ်သလို ပျော်စရာ အပြည့်။ ကိုရီးယားရောဂါစွဲရင် ကုရခက်တယ်။
ဟော...အခုတော့ အံ့သြဖို့ မကောင်းဘူးလား။
အချိန်မီ မိမိကိုယ် မိမိ ပြုပြင်တတ်တဲ့ ကောင်လေး။ အချိန်မီ အသိတရား ရှိတဲ့ ကောင်လေး။ လူတိုင်း အချိန်မီဆိုတဲ့ စကားကို မေ့မသွားဖို့၊ မေ့မထားဖို့ လိုတယ်။ အဲဒီကောင်လေးလို ဖြစ်ဖို့လိုတယ်။
ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်ငုံ့ကြည့်မိသေးတယ်။ဒီကောင်လေး စကားကြောင့်ပေါ့..။ ဒီကောင်လေးကို အရင်ကထဲက သတိထားမိတယ်။ ကြည့် ...သူများတွေနဲ့ မတူဘူး။ ဘုန်းကြီးကျောင်းကို တစ်လ အလှူငွေ ငါးသောင်းလှူနေတာ။ တော်ရုံ သဒ္ဓါလား....။

ဘာပဲဖြစ်ဖြစ်...သူတော်ကောင်းအနားနေလို့....၊
သူတော်ကောင်းစကားတွေကြောင့်ဖြစ်မှာ...။

“ဒီနိုင်ငံမှာ ငွေလာရှာတယ်။ဒီအတိုင်း အချိန်ကုန်မခံစေချင်ဘူး။ ကြွေးဟောင်းလဲဆပ်ကြ၊ ကြွေးသစ်လဲချ၊ ရွှေအိုးလဲ မြုပ်နှံထားကြမှ တော်မယ်။”
“မိဘတွေကို အလုပ်အကြွေးပြုတာ ကြွေးဟောင်းဆပ်တာပေါ့၊ သားသမီးအတွက် မိသားစုအတွက် ရှာဖွေကြွေးမွေးတာ ကြွေးသစ်ချတာပေါ့၊ ရွှေအိုးမြုပ်တယ်ဆိုတာ ဘာသာ သာသနာအတွက် လှူဒါန်းဒါနပြုပြီး အနာဂတ် ဘဝတွေအတွက် စုဆောင်းတာပေါ့”
“ငါးပါးသီလ မှာ တစ်ပါးလောက်ကိုတောင် ခိုင်ခိုင်မာမာစောင့်ထိန်းနိုင်ရင် မိမိမှာ အကျပ်အတည်း အခက်အခဲတစ်စုံတစ်ရာ တွေ့ကြုံလာပြီဆိုရင်၊ သေရေးရှင်ရေး ဘေးတွေ့ခဲ့ရင် စောင့်ထိန်းထားတဲ့ သီလကို သစ္စာပြုလိုက်ပါ၊ ဘေးရန်အန္တရာယ်တွေ၊ အခက်အခဲ အကျပ်အတည်းတွေကနေ လွတ်မြောက်မှာ သေချာတယ်”

စိတ္တသုခ ကျောင်းတော်ကြီး တစ်နှစ်ပြည့်တော့ မြန်မာနိုင်ငံမှာရှိတဲ့ HIV/AIDS ဝေဒနာရှင် ကလေးငယ်တွေကို စောင့်ရှောက် ပြုစုနေတဲ့ သုခရိပ်မြုံ ဂေဟာကို အလှူငွေ လှူဒါန်းပွဲမှာ ကျောင်းထိုင်ဆရာတော်ရဲ့ ဆုံးမစကား....။ အလှူပွဲတွေ ရှိရင် တရားပွဲ ရှိတယ်။ တရားစကား ကြားရရင် ကုသိုလ်အကျိုးများမှာပေါ့။ တရားပွဲကား လူကျဲတဲ။ရပ်ရွာပျော်ပွဲ တသဲသဲ ဆိုရင်တော့ ခက်မယ်...။ ဒီနိုင်ငံမှာ ကိုယ့်ဘာသာ၊ကိုယ့်သာသနာ ထွန်းပေါက်ဖို့ဆိုတာ ခက်သလို ကျွန်တော်တို့ အားလုံးအတွက် ဒီလို တွေ့ဆုံခွင့် ရဖို့ဆိုတာ ပိုခက်တာပေါ့။ ကုသိုလ်ထူးကံ အကြောင်းဖန်လဲ ရှောင်လျှင်လွဲလိမ့် ဆိုသလို....။

သူတော်ကောင်းနားနေမှ သူတော်ကောင်းစကား ကြားရမှာ....။

“တို့ဘုရားရှင်ကလေ နုစဉ်ဘဝကထဲက သတ္တဝါတွေ အပေါ်မှာ ကရုဏာထားတယ်။ မဟာဂရုဏာနဲ့ အများချမ်းသာအောင် လုပ်တယ်။ အများအကျိုးသည်ပိုးခဲ့တယ် အဲဒီလို ကိုယ်ကျိုး မဖက် အများအကျိုးကို ဆောင်ရွက်ခဲ့လို့ အားလုံးရဲ့ ကြည်ညိုခြင်းခံရတာပေါ့။”
“တို့ဘုရားရှင်ကလေ..နုစဉ်ဘဝကထဲက အရာရာကို ပညာနဲ့ ဆုံးဖြတ် လုပ်ကိုင်ခဲ့တာ။ ပညာ ပါရမီ ဖြည့်ခဲ့တာ။ နောက်ဆုံးဘုရားဖြစ်တော့ သဗ္ဗညုတ ဥာဏ်တော်ရှင်ဖြစ်တာပေါ့”
“အဲဒီလို သူတပါးအပေါ်ဂရုဏာ ထားမယ်၊ ပညာဥာဏ် ရှိမယ်ဆိုရင် မိမိကိုယ်မိမိ စောင့်ရှောက်တာပဲ။ တို့လူတွေမှာ ဒီအချက်နှစ်ချက် ပြည့်စုံဖို့လိုတယ်”
“သူတပါးကို ဂရုဏာနဲ့ ကူညီလုပ်ကိုင်ပေး။ အရာရာကို ပညာနဲ့ အကောင်းအဆိုး ဝေဖန်ပိုင်းခြား၊ ဒါဆို ဒုက္ခမရောက်တော့ဘူး။ အများအပေါ်မေတ္တာဂရုဏာရှိတော့ အများကလဲ မေတ္တာဂရုဏာ တုံ့ ပြန်မှာပဲ၊ပညာဥာဏ်နဲ့ ဆုံးဖြတ်လုပ်ကိုင်တော့ ဘေးမဖြစ်တော့ဘူး”

ပြည်တော်ဦး ကိုရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်(ဘူဆန်) ကျောင်းတော်က ဆရာတော်ရဲ့ ကျောင်းတက်ပွဲမှာ ဆုံးမစကားလေး....။ဘယ်လောက်ကောင်းလိုက်သလဲ။ ယူတတ်ရင် အနှစ် မယူတတ်ရင် ပစ် ဆိုပဲ။ အဲဒီနေ့က ဆရာတော်တွေ ထံက တရားစကားတွေ သိပ်ကောင်းတာ။
နားထောင်စေချင်တယ်...တကယ်။
ကိုရီးယား ဆရာတော်တွေ ဟောတဲ့ တရားစကား ဆရာတော် ဦးဝိစိတ္တက မြန်မာလိုဘာသာ ပြန် ပေးတယ်။
နာယူတတ်သူတွေများ နှလုံးသားထဲအထိ လက်ခံသွားကြတယ်။ ဘူဆန်မှာလဲ ထေရဝါဒ သာသနာ သူတော်ကောင်းစကားသံနဲ့ ပြည့်လျံနေဦးမှာပါ။

ကျွန်တော်ထင်တယ်...။
သူတော်ကောင်းအနားသွား သူတော်ကောင်းစကားကြားရမှာ
လက်ရှိအချိန်မှာ နောက်မကျသေးဘူး...။

တော်ကြာ နောင်တရနေမှဖြင့်…
အော်...“နောင်တ” ဆိုတာ စကားလုံးကသာနှစ်လုံးထဲနော်…
ပြန်စစ်တော့ အမျိုးအစား ၁၀ မျိုးတောင်ရှိတာ...ကြည့်....ကြည့်...ဒီမှာ....။

နောင်တ ၁၀-မျိုး...
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း...တဲ့....။

(အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။)

ကဲ....ဘယ်အထဲမှ မပါချင်ပါဘူး....
သူတော်ကောင်းအနားသွား....သူတော်ကောင်းစကားကြားရရင် ပြည့်စုံတယ်ဗျ....။

(ကျေးဇူးတင်ပါသည်-
ဆရာတော်ဦးဝိစိတ္တ(စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ဒေဂူး)
ဆရာတော်ဦးပဏ္ဍိစ(ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၊ဘူဆန်)
ကိုရီးယား ထေရဝါဒ ဆရာတော်များ။
ကိုရီးယား မဟာယန ဆရာတော်။
ညီငယ် လင်းအောင်ဖြိုး......တို့ထံမှ ကျွန်တော်
သူတော်ကောင်းစကား များ ကြားခဲ့ရပါသည်။)

အပြည့်အစုံသို့...

READ MORE......

Tuesday, February 16, 2010

ဒေဂူး-ဘူဆန် မြန်မာဘုန်းတော်ကြီးကျောင်းများ သတင်း

တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တစ်နှစ်ပြည့် အလှူပွဲနှင့် ဘူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းတက် မင်္ဂလာပွဲ သတင်း၊မှတ်တမ်းဓါတ်ပုံ

ကိုရီးယား နှစ်သစ်ကူး အားလပ်ရက်ဖြစ်သော (၁၄-၂-၀၂၊တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းတော်ကြီး တစ်နှစ် ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင် ကလေးများကို ပြုစုစောင့်ရှောက်ပေးနေသော သုခရိပ်မြုံ ဂေဟာသို့ မြန်မာ ကျပ်ငွေ ၁၂ သိန်း ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည်။ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း ပဓာန နာယက ဆရာတော် ဦးဝိစိတ္တ မှ ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ရောက် မြန်မာ လူငယ်များ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါသည်။(မြန်မာပြည်တွင် လှူဒါန်းသည့် မှတ်တမ်း ကို သီးခြား တင်ပြပေးပါမည်။)
ထိုနေ့တွင် ဂယောင်ဆန်စက်မှုနယ်မြေရောက် 세인정기 စက်ရုံမှ မြန်မာညီအကို များ စုပေါင်း၍ အာရုံဆွမ်း၊ နေ့ဆွမ်း အလှူများ လှူဒါန်းကုသိုလ် ပြုကြပါသည်။

(၁၅-၂-၀၂၊တနလာင်္နေ့)တွင် ဘူဆန်မြို့၌ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊(မြန်မာ ဘုန်းတော်ကြီးကျောင်း) ကျောင်းတက်ပွဲ ကို ကျင်းပ ပြုလုပ်ပါသည်။ကျောင်းတက်ပွဲသို့ ကိုရီးယားနှင့် မြန်မာ ထေရဝါဒ ဆရာတော်များ၊ ကိုရီးယား မဟာယန ဆရာတော်များ ကြွရောက်တော်မူကြပါသည်။
ကျောင်းတက်ပွဲအခမ်းအနားသို့ ဒေဂူးမြို့နှင့် ဘူဆန်မြို့ရောက် မြန်မာ အလုပ်သမားများ၊ ကိုရီးယား ဗုဒ္ဓဘာသာဝင်များ အလှူရှင်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

သတင်း=ကိုဝင်းလတ်

အပြည့်အစုံသို့...

READ MORE......

Tuesday, February 9, 2010

နှစ်ပတ်လည် အလှူပွဲ အတူနွဲကြရအောင်...


ဒေဂူးမြို့၊စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ကျောင်းတော် ကြီး၏ အလှူဒကာ၊ဒကာမများ စုပေါင်း၍ မြန်မာနိုင်ငံ၊ သုခရိပ်မြုံဂေဟာရှိ HIV/AIDS ရောဂါဝေဒနာ ခံစား နေကြရသော ခလေးငယ် ၄၉ ယောက်အတွက် လိုအပ်နေသည့် ဆေးဝါး၊ အစားအသောက်၊ ပညာ သင်ကြားရေး အစရှိသော ကဏ္ဍ များတွင် ထောက်ပံ့လှူဒါန်း သွားကြမည်ဖြစ်ပါသည်။



သုခရိပ်မြုံ ဂေဟာ

သို့ဖြစ်ပါ၍ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအကိုမောင်နှမ အပေါင်း စုပေါင်းပါဝင် ကုသိုလ်ပြုနိုင်ရေး နိုးဆော်လိုက်ပါသည်။

ကျောင်းတော်ကြီး တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၁၄-၂-၂၀၁၀(တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့၊ စိတ္တသုခကျောင်းတော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အလှူငွေများကို အောက်ပါအတိုင်း ဆက်သွယ် လှူဒါန်း နိုင်ကြပါသည်-

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဖုန်း-၀၅၃ ၂၉၅ ၉၂၂၀ )
ဆရာတော် ဦးဝိစိတ္တ.......................(ဖုန်း-၀၁၀ ၆၈၇၂ ၃၈၅၆)
ကိုရွှန်းဝင့်နွယ်..............................(ဖုန်း ၀၁၀ ၅၁၃၂ ၅၂၉၉ )
ကိုမင်းနိုင်...................................(ဖုန်း ၀၁၁ ၉၆၈၈ ၀၄၂၂ )
ကိုဘုန်းနိုင်..................................(ဖုန်း ၀၁၀ ၇၂၅၂ ၁၆၇၆ )
ကိုလင်းထိန်ဝင်း........................... (ဖုန်း ၀၁၀ ၄၃၄၅ ၁၉၈၀ )
Bank account ...........................농협 150088-56-143035

ကာတွန်းဆရာ စိုးသော်တာမှ ကလေးငယ်များကို ကာတွန်းပုံရေးဆွဲပြနေပုံ

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster