Thursday, April 28, 2011

ပညာပါရမီ ပြည့်စေဖို့ စာကြည့်တိုက်အလှူ ဖြည့်လှူစို့

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည်ပြန်ကြွတုန်း မရောက်တာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းရဲ့ ဇာတိရွာကိုလည်း တရားဟောရင်း အလည်ရောက်ဖြစ်ခဲ့ပါတယ်။ သိတဲ့အတိုင်း ရွာဆိုတော့ လိုအပ်တာတွေကတော့ အများကြီးပေါ့။ လက်တလော စားဝတ်နေရေးအတွက် လိုအပ်တာတွေ ရှိသလို ရေရှည်အကျိုးရှိရေးအတွက် လိုအပ်တာတွေလည်း ရှိနေပါတယ်။ လိုအပ်ချက်တွေ များလွန်းလှတဲ့ ဇာတိရွာကိုကြည့်ပြီး ဘုန်းဘုန်းမှာ စိတ်မကောင်းဖြစ်ရတဲ့အပြင် ကိုယ့်အနေနဲ့ ဘယ်နေရာက ဘယ်လိုအတိုင်းအတာနဲ့ ဖြည့်ပေးရမလဲ ဆိုတာလည်း အမျိုးမျိုး စဉ်းစားရပါတယ်။ လူအတော်များများကတော့ လက်တလော စားဝတ်နေရေး လိုအပ်ချက်အတွက် မျှော်လင့်ကြတဲ့ သဘောရှိပါတယ်။ ဘုန်းဘုန်းအနေနဲ့ကတော့ လက်တလောလိုအပ်တာလည်း တတ်နိုင်သမျှ လုပ်ပေးရင်း ရေရှည်အကျိုးရှိမယ့် လိုအပ်ချက်အတွက်လည်း ပိုပြီးလုပ်ပေးသင့်တယ်လို့ စဉ်းစားမိပါတယ်။

ရေရှည်အတွက်ဆိုတော့ လက်ရှိရွာသူရွာသားတွေရဲ့ အသိပညာပိုင်းက အတော်နိမ့်ကျနေတဲ့ သဘောရှိတာကို တွေ့သိနေရတဲ့ ဘုန်းဘုန်းအနေနဲ့ ဒီပညာရေးအတွက် လိုအပ်ချက်ကို အရင်ဆုံး ဆောင်ရွတ်ပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာမှာရှိတဲ့ တစ်ရွာလုံးရဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး ပဒေသာပင်ဆိုက်ထူပြီး ပညာသင်ဆု ထောက်ပံ့ရေးကို အရင်အကောင်အထည် ဖော်ဖြစ်လိုက်ပါတယ်။ ဒီပဒေသာပင်က ရလာတဲ့ အသီးအပွင့်ကိုလည်း နှစ်စဉ်နှစ်တိုင်း ရွာမှာရှိတဲ့ မူလတန်းလွန်ကျောင်းရဲ့ ကျောင်းသားအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ အယောက်စိ ထောက်ပံ့ပေးဖို့ အကောင်အထည် ဖော်ဖြစ်ခဲ့ပြီး ရွာကနေ အထက်တန်းရောက်လာတဲ့ ကျောင်းသားတွေကိုလည်း တစ်ယောက်မကျန် အညီအမျှ အထောက်အပံ့ပြုကာ ထူးချွန်တဲ့ ကျောင်းသားတွေကိုလည်း ထူးချွန်သလို အထောက်အပံ့ပြုပေးဖို့ စီစဉ်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ဒီပညာရေး ပဒေသာပင် အစီအစဉ်ကတော့ အခုဆို ပုံမှန်လည်ပတ်နေပါပြီ။ ဒါက ပထမတစ်ခေါက် မြန်မာပြည်ပြန်တုန်း ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

အခုတစ်ခေါက် ရွာကိုရောက်ခဲ့တဲ့ အချိန်မှာတော့ အဲဒီပညာရေး ပဒေသာနဲ့ ဆက်စပ်ရာကို လုပ်ပေးရင်း အသိပညာ ဗဟုသုတ ချို့တဲ့လှတဲ့ ရွာသူရွာသားများအတွက် စာကြည့်တိုက်တစ်ခု တည်ထောင်ဖန်တီးပေးဖို့ အစီအစဉ်တစ်ခုပါ ဆောင်ရွတ်ဖြစ်ခဲ့ပါတယ်။ စာကြည့်တိုက် အမည်ကိုတောင်မှ နှစ်သက်ဖွယ်ကို ပေးလှူခြင်းလို့ အဓိပ္ပါယ်ရတဲ့ “မနာပဒါယီ”ဆိုတဲ့ ဘုန်းဘုန်းရဲ့ စာရေးတဲ့ ကလောင်အမည်ကိုပဲ ပေးဖြစ်ခဲ့ပါတယ်။ ဒီစာကြည့်တိုက် မြေနေရာအတွက် ရွာကနေ ရန်ကုန်ကိုပြောင်းသွားတဲ့ ဘုန်းဘုန်းရဟန်းဒကာ မိသားစုက သူတို့ရဲ့ အိမ်ခြံဝင်းကို စာကြည့်တိုက် အကောင်အထည်ဖော်လိုလှတဲ့ ဘုန်းဘုန်းကို လှူကြပါတယ်။ စာကြည့်တိုက် မြေနေရာရလာပြီဆိုတော့ အဆောက်အဦနဲ့ စာအုပ်စာတမ်း စတာတွေအတွက် လိုအပ်လာပြန်ပါပြီ။ ပြီးတော့ လိုအပ်တဲ့ စာကြည့်တိုက် ရံပုံငွေလည်း လိုအပ်လာပြန်ပြီပေါ့။ စာအုပ်စာတမ်းအတွက်ကတော့ ဘုန်းဘုန်းကိုယ်ပိုင်စုထားတဲ့ စာအုပ်တွေကိုက အမျိုးအမည်ပေါင်း သုံးလေးထောင်လောက် ရှိနေတာရယ်၊ ရန်ကုန်မှာရှိတဲ့ တစ်ချို့ဒကာဒကာမတွေကလည်း သူတို့စုဆောင်းထားတဲ့ စာအုပ်တွေကို လှူချင်တယ်လို့ ဆိုတာတွေရယ်ကြောင့် စာအုပ်အတွက်ကလည်း အဆင်ပြေသွားပြီလို့ ဆိုနိုင်ပါတယ်။

အဓိကအကျဆုံးဖြစ်တဲ့ စာကြည့်တိုက် အဆောက်အဦကတော့ အင်အားလည်းကြီးသလို အကုန်အကျလည်း အနည်းဆုံး မြန်မာငွေသိန်း (၂၀)အထက်မှာ ရှိမယ့်သဘောရှိပါတယ်။ ဒီအဆောက်အဦအတွက် ဘုန်းဘုန်းမှာ စဉ်းစားလာရပါပြီ။ မြန်မာပြည်မှာရှိတဲ့ ဒကာဒကာမတွေထံက အလှူခံမယ်၊ ဘုန်းဘုန်းတရားပွဲ ဓမ္မပူဇာလေးတွေနဲ့ စုပေါင်းလိုက်မယ်ဆိုရင် အဆောက်အဦအတွက်က ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းစဉ်းစားမိတာက ဒီစာကြည့်တိုက် အဆောက်အဦအလှူကို ဘုန်းဘုန်းအပါအဝင် ကိုရီးယားရောက် ရွှေမြန်မာတွေရဲ့ အလှူနဲ့ တည်ဆောက်ရင် ကောင်းမလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုစဉ်းစားရတာလဲဆိုတော့ ဘုန်းဘုန်းအပါအဝင် ကိုရီးယားရောက် မြန်မာတွေဟာ ကိုရီးယားနိုင်ငံမှာ အမြဲနေကြမယ့် သူတွေမဟုတ်ကြတဲ့အတွက် နိုင်ငံခြားမှာ ရှိတဲ့အခိုက် လှူထားတဲ့ အမှတ်တရ အလှူအဖြစ် ရှိနေစေချင်တာရယ်၊ ဒီမှာလာပြီး စုဆောင်းရှာဖွေထားတဲ့ သူတို့ရဲ့ ဝတ္ထူကြေးငွေဟာ တကယ့်ကို ဖြူစင်သန့်ရှင်းတဲ့ သမ္မာအာဇီဝကျတဲ့ လုပ်အားခတွေဖြစ်နေလို့ ပညာပါရမီ ဖြည့်ဖို့အတွက် အလိုက်ဖက်ဆုံး အလှူဖြစ်စေတာတွေရယ်ကြောင့်ပဲ ကိုရီးယားရောက် ရွှေမြန်မာများရဲ့ အလှူနဲ့ အကောင်အထည် ဖော်ရင်ကောင်းမလားလို့ စဉ်းစားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအကြောင်းကို ကျောင်းအကျိုးဆောင် ဒကာအချို့ကို ပြောပြတော့ သူတို့ကလည်း အားတက်သရော “အရှင်ဘုရား ဒါဆိုရင်တော့ တခြားမြန်မာတွေလည်း သိရအောင် ဒီအကြောင်းကို အင်တာနက်မှာ ရေးပြီးတင်လိုက်ရင် ကောင်းမယ်ဘုရား၊ သဒ္ဓါတရားရှိတဲ့သူတွေ၊ ပညာပါရမီဖြည့်ချင် သူတွေကတော့ အရမ်းကို စိတ်ဝင်တစားရှိပြီး တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းကြမှာ အမှန်ပဲ ဖြစ်ပါတယ်ဘုရား”လို့ လျှောက်ထားအကြံပြုကြပါတယ်။ ဒါနဲ့ဘုန်းဘုန်းလည်း အများကို အသိပေးတဲ့ အနေနဲ့ အခုလို အင်တာနက်မှာ တင်ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါစို့။ တကယ့်တော့ ဒီစာကြည့်တိုက် အလှူအတွက် အများစုပေါင်းလိုက်ရင် သိန်း (၂၀)ကျော်ဟာ သိပ်ကြီးမားတဲ့ အခက်အခဲ မဟုတ်ပေမယ့် အလှူရဲ့ တန်ဘိုးကတော့ ရေရှည်အတွက် ဖော်မပြနိုင်အောင် အကျိုးရှိမယ့် အလှူပဲ ဖြစ်ပါတယ်။ ပညာမြင့်မှ လူမျိုးတင့်မယ်လို့ ဆိုတဲ့အတိုင်း ပညာရေးအားကောင်းမှ အသိပညာတိုးပွားပြီး လူအဆင့်အတန်းလည်း မြင့်မားလာကြမှာ ဖြစ်တဲ့အတွက် ဒီလိုပညာရေး အထောက်အကူအလှူ လှူဒါန်းမှုဟာလည်း အကောင်းဆုံး ပညာပါရမီတစ်ခု ဖြစ်ကြမယ်ဆိုတာ အထူးပြောစရာ မလိုလှအောင်ပါပဲ။

ဒါကြောင့် ဒီတစ်ခေါက် ဘုန်းဘုန်းမြန်မာပြည် ပြန်တဲ့အခါ ဖွင့်ပွဲလုပ်ဖြစ်မယ့် မနာပဒါယီ စာကြည့်တိုက်အတွက် တစ်နိုင်တစ်ပိုင် ပညာပါရမီ ကုသိုလ်ပါဝင်လိုသူ ကိုရီးယားရောက် ရွှေမြန်မာများ အနေနဲ့ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်ကာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့ အလိုရှိသလို လှူဒါန်းနိုင်ပါကြောင်း စေတနာကောင်းဖြင့် အသိပေးကာ ရိုးသားစွာ ဖိတ်ကြားလိုက်ပါတယ်။ အခုလောလောဆယ် လှူဒါန်းထားသည့် အလှူရှင်များကိုလည်း အများတကာ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

လက်ရှိလှူဒါန်းထားပြီးသူများ
၁။ ဆရာတော် ဦးဝိစိတ္တ = ၃၀၀၀၀၀ (ဝမ်သုံးသိန်း)
၂။ ယုံရှင်းရွှေညီအစ်ကိုများ = ၄၀၀၀၀၀ (ဝမ်လေးသိန်း)
၃။ ဂျီလယန်းရွှေညီအစ်ကိုများ = ၂၀၀၀၀၀ (ဝမ်းနှစ်သိန်း)
၎။ ဝဲဂွန်ရွှေညီအစ်ကိုများ = ၅၀၀၀၀ (ဝမ်ငါးသောင်း)
- အလှူရှင်များကို ဆက်လက်ဖော်ပြပေးပါမည်။


ဆက်သွယ်ရန် =
ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ) – 010 – 3787 – 9693
ကိုရွှန်းဝင့်နွယ် - 010 – 5132 - 5299

READ MORE......

Tuesday, April 26, 2011

ကိုလှမျိုးဝင်း၏ ဈာပနကိစ္စ

၁၅-၄-၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ကိုလှမျိုးဝင်း ၏ ကျွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၁-၅-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီတွင် သဂြိုလ်မည်ဖြစ်ပါသည်။

လိုက်ပါပို့ဆောင်လိုသော သူငယ်ချင်းများအားလုံး စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တွင် နံနက် (၉) နာရီထက် နောက်မကျစေပဲ အရောက်လာကြပါရန် အသိပေးကြေငြာအပ်ပါသည်။ (၉း၃၀)နာရီတွင် ကားထွက်ခွါမည်ဖြစ်ပါသည်။

ဆေးရုံရေခဲတိုက်နှင့် သဂြိုလ်မည့်နေရာတို့၏ ခရီးအကွာအဝေးကြောင့် အချိန်စောထွက်ရန်လိုအပ်၍ ဖြစ်ပါသည်။

READ MORE......

Saturday, April 23, 2011

ကိုလှမျိုးဝင်း အားရည်စူး၍ ရက်လည်ဆွမ်းကြွေး ဖိတ်ကြားခြင်း

၁၅-၄-၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ကိုလှမျိုးဝင်း အားရည်စူး၍ သူငယ်ချင်းများမှ ရက်လည်ဆွမ်းကြွေး တရားနာ ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း သို့ အတူတကွ တရားတော်နာယူနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၂၄-၄-၂၀၁၁၊(တနင်္ဂနွေနေ့ )
- တရားနာချိန် = နံနက် ၁၀နာရီ
- နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

( ၁-၅-၂၀၁၁၊ တနင်္ဂနွေနေ့ တွင် အသုဘ ချမည်ဖြစ်ပါသည်။လိုက်ပါပို့ဆောင်နိုင်ရန် အစီအစဉ်ကို ထပ်မံကြေငြာပါမည်။)

READ MORE......

Thursday, April 21, 2011

လစဉ်ဟောကြား မြတ်တရား (၃)

အနှစ်ထုတ်ယူ စွမ်းတဲ့သူ
တစ်လတစ်ကြိမ် အထူးကျင်းပ ပြုလုပ်ပေးဖြစ်နေတဲ့ လစဉ်တရားပွဲနဲ့ ရွှေမြန်မာ ဆုံညီပွဲကို လေးလပိုင်းမှာလည်း ပုံမှန်အတိုင်း ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ မြန်မာ့နှစ်သစ်ကူးလည်း ရှိနေတဲ့အတွက် နှစ်သစ်ကူးအလှူပွဲ ကျင်းပမယ့်ရက်နဲ့ အချိန်ကိုက်ယူပြီး ၁၇-၄-၂၀၁၁၊ တနင်္ဂနွေနေ့၊ ၁၃၇၃ခုနှစ်ရဲ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာပဲ လစဉ်တရားပွဲ၊ နှစ်ဦးအလှူပွဲ၊ ဇီဝိတဒါနပွဲစတဲ့ ခေါင်းစဉ်များနဲ့ အထွေထွေ ကုသိုလ်ပွဲအဖြစ် ကျင်းပဖြစ်ခဲ့ပါတယ်။ ကုသိုလ်အမျိုးအစား စုံသလောက် ပရိတ်သတ်ကလည်း စည်ကားလှတဲ့အတွက် တရားပွဲအချိန်ကို တော်တော်လေးညှိပြီး ဟောကြားပေးခဲ့ရပါတယ်။ သူ့အစီအစဉ်နဲ့သူ အချိန်ကိုက်အောင် အပိုင်းလေးတွေခွဲပြီး စီစဉ်ရတာဖြစ်တဲ့အတွက် တရားဟောတာကို အရင်လို အေးအေးဆေးဆေး မဟောကြားနိုင်ခဲ့ပါဘူး။ ဒါပမယ့် ဟောကြားခွင့်ရတဲ့ နာရီဝက်ကျော်ကျော် အချိန်အတွင်းမှာတော့ လိုရင်းပါအောင် ဟောကြားပေးဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ဖို့၊ အတိတ်က အရိပ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ အမှားမဖြစ်ဖို့၊ တစ်နှစ်တစ်နှစ် ဖြတ်သန်းရတဲ့ အချိန်ဟာ အလွန်တိုတောင်းလှတဲ့အတွက် အချိန်တိုင်းမှာ အနှစ်သာရရှိရှိ ဖြတ်သန်းနိုင်ကြဖို့၊ အနှစ်နဲ့အကာ ခွဲခြားကာ အနှစ်သာရကို အရယူနိုင်ကြစေဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ဒီလရဲ့ တရားခေါင်းစဉ်ကိုလည်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”လို့ အမည်ပေးကာ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ဖြတ်သန်းခဲ့ရတဲ့ အတိတ်အချိန်တွေကိုကြည့်ရင် များသောအားဖြင့် ဟိုလိုဒီလိုလိုပဲ ဖြတ်သန်းခဲ့ကြရတာ များတတ်ပါတယ်။ တဒင်္ဂအခိုက်အတံ့ ကြီးပွားရေးနောက်ကိုလိုက်ပြီး ပညာရှာသူကရှာ၊ ဥစ္စာရှာသူကရှာ၊ မဆိုစလောက်သူတွေက တရားရှာသူကရှာနဲ့ပဲ အချိန်တွေဟာ ကုန်ပြီးရင်းကုန်ရင်း ဖြစ်နေကြတာ များလှပါတယ်။ တစ်ချို့လည်း ပညာရှာရင်း၊ စီးပွားရှာရင်းနဲ့ပဲ ဘာမှမရလိုက်ဘဲ ဘဝဆုံးသွားသူတွေ ရှိသလို တစ်ချို့လည်း စီးပွားရှာရင်း စီးပွားလည်းပျက်၊ အကျင့်တရားလည်းပျက်ကာ ဘဝပါ ပျက်သွားကြတဲ့အထိ ဖြစ်ကုန်ကြသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချိုဆိုရင် စည်းစိမ်ဥစ္စာ နောက်ကိုလိုက်ရင်း စည်းစိမ်ဥစ္စာလည်း မရ၊ ခန္ဓာကိုယ်လည်း နွမ်းလျကာ အသက်ရှင်နေရတဲ့ ဘဝဟာလည်း အဓိပ္ပါယ်မဲ့ဖြစ်ပြီး နောက်ဆုံး ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဘာမှအနှစ်သာရ မရလိုက်ဘဲ ရရှိလာတဲ့ လူ့ဘဝကို အရှုံးနဲ့ပဲ နိဂုံးချုပ်သွားကြရတဲ့ သူတွေအထိ ဖြစ်သွားကြတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သိပ်မကြာလှတဲ့ လူ့ဘဝမှာ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူပြီး အစွမ်းရှိတဲ့သူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘဝမှာ အနှစ်သာရတွေ ထုတ်ယူပြီး အစွမ်းရှိတဲ့သူတွေ ဖြစ်စေဖို့ ထုတ်ယူသင့်တဲ့ အနှစ်သာရက အများကြီး မရှိပါဘူး။ သုံးမျိုးပဲ ရှိပါတယ်။ အဲဒီသုံးမျိုးက
၁။ စည်းစိမ်းဥစ္စာတွေရဲ့ အနှစ်သာရ
၂။ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့
၃။ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရ
ဆိုတဲ့ အနှစ်သုံးမျိုးပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးရဲ့ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူသွားနိုင်မယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ တကယ့်ကိုပဲ စွမ်းနိုင်တဲ့သူ၊ အနှစ်ရှိတဲ့သူ၊ ပစ္စုပ္ပန် သံသရာ ကြီးပွားတိုးတက်မယ့်သူ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးကို အရင်းတည်ကာ ထုတ်လို့ရသမျှ အနှစ်သာရတွေကို ထုတ်ယူသွားနိုင်တဲ့သူဟာ ဗုဒ္ဓအလိုရှိတော်မူတဲ့ အနှစ်ထုတ်ယူ စွမ်းတဲ့သူ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ဘယ်လိုထုတ်သင့်သလဲ ဆိုတော့ ဗုဒ္ဓစာပေက “ပဉ္စန္နံ ဝေရာနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ဓနဿ ဒါနံ နာမ သာရော”လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုးသမီးဆို ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အဲဒီစည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရဟာ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီစာပေအဖွင့်အတိုင်းပါပဲ။ ကိုယ်ကိုယ်တိုင် ကြိုးစားရှာဖွေ စုစောင်းထားတဲ့ စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ သူခိုးဓားပြ စတဲ့ ရန်သူများကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်သလို သေပြီးနောက်လည်း တပါတည်း ယူဆောင်သွားလို့မရ ထားခဲ့ရမယ့် အရာများပဲ ဖြစ်ပါတယ်။ နောက် ပစ္စည်းဥစ္စာရဲ့ သဘောက ကိုယ်နဲ့ထိုက်မှလည်း ရတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ်ကဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုစောင်းပေမယ့် မရထိုက်ဘူးဆိုရင် တစ်မျိုးမျိုးနဲ့ကို ပျောက်ပျက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ့်အတွက် အဆင်မပြေလို့ နောင်ဘဝအတွက် ထုတ်ပိုးယူသွားလို့ ရသလားဆိုတော့လည်း သေသွားရင် ကိုယ်နဲ့မဆိုင်တော့ဘဲ ကိုယ်ပိုင်ဆိုင်တာတွေကို သူများတွေက ရယူသွားကြတော့တာ ဖြစ်ပါတယ်။ ဒီလိုရန်သူတစ်မျိုးမျိုးကြောင့် ပျက်စီးတတ်တဲ့သဘော၊ ကိုယ်နဲ့ထိုက်မှ ရတတ်တဲ့သဘော၊ သေရင်ယူသွားလို့မရ ထားသွားရတဲ့ သဘောရှိတဲ့အတွက် စည်းစိမ်ဥစ္စာဆိုတာ တကယ်တော့ ဘာမှအနှစ်သာရ မရှိတဲ့အရာတွေလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီစည်းစိမ်ဥစ္စာတွေကို အနှစ်သာရရှိသွားဖို့၊ ထာဝရ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ သေရင်ကိုယ်နဲ့ တပါတည်း ယူဆောင်သွားဖို့ဆိုတာ ဒီစည်းစိမ်ဥစ္စာတွေကို အသုံးပြုပြီး ဒါနလုပ်ကာသာ ယူဆောင်သွားရမှာ ဖြစ်ကြောင်း၊ ဒါနလုပ်ခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ထုတ်ခြင်းဖြစ်ကြောင်း၊ ဒီလိုစည်းစိမ်ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ကာ အနှစ်ထုတ်သွားနိုင်သူသည် စွမ်းနိုင်သူဖြစ်ကြောင်း စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက် ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓစာပေမှာ ဖွင့်ဆိုထားတဲ့ အဖွင့်လေးက “ဗဟုရောဂါနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ကာယဿ သီလံ နာမ သာရော” ဆိုတဲ့ ဖွင့်ဆိုချက်လေးပဲ ဖြစ်ပါတယ်။ ဒီအဖွင့်လေးရဲ့ ဆိုလိုရင်းက “ခန္ဓာကိုယ်ဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ ဒီခန္ဓာရဲ့ အနှစ်သာရဆိုတာ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့ သီလတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအဖွင့်အတိုင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တယ်လို့ ထင်နေရတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ သေချာတွေးကြည့်တော့ အပုတ်ကောင်ကြီး ရုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်။ တရားသဘောအရ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးကြည့်လိုက်ရင် အနှစ်သာရရှိတယ်ဆိုတာ ဘာတစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်သမျှအရာတွေဆိုရင်လည်း ဘယ်အပေါက်ကပဲ ထွက်ထွက် ကောင်းတယ်ဆိုတာ တစ်ခုမှ မရှိလှပါဘူး။ အရေပြားလေးဖုံးထားလို့သာ ဒီခန္ဓာကိုယ်ကြီးက လှတပတ ဖြစ်နေတယ်လို့ ထင်နေရပေမယ့် အပေါ်အရေပြားကို ခွာကြည့်ရင် အားလုံးဟာ စက်ဆုတ်ရွံရှာဖွယ်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပုတ်အစုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး တစ်ခုပြီးတစ်ခု ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ရောဂါရတယ်ဆိုတာ တကယ်တော့ အပုတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရုပ်ကောင်ကြီး ဖောက်ပြန်ခြင်းသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ လူတွေပြောပြောနေတဲ့ ရောဂါရောဂါဆိုတာ တခြားမဟုတ်ပါဘူး။ ဒီရုပ်အစုကိုပဲ ဆိုတာဖြစ်ပါတယ်။ ရုပ်ရှိတဲ့အတွက် ဖောက်ပြန်ခြင်း သဘောတွေရှိနေပြီး ဒီလိုဖောက်ပြန်နေခြင်းဟာ ရောဂါရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရုပ်တရားကို အမှီပြုပြီး ရောဂါတွေ အမြဲမပြတ် ရှိနေတဲ့အတွက် ခန္ဓာကိုယ်ဆိုတာ အနှစ်သာရ ဘာတစ်ခုမှ ရှာမရတဲ့ အပုတ်ကောင်ကြီးသာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလို ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့ အပုတ်ကောင်ဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ အနှစ်သာရ ရှာမရတဲ့အတွက် ဒီခန္ဓာကိုယ်ရဲ့ အနှစ်သာရကို ထုတ်ပါဆိုရင် ခန္ဓာအစုကို အရင်းပြုပြီး ကိုယ်ကျင့်သီလ ကောင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကို အရင်းပြုပြီး အနှစ်သာရ ထုတ်နေခြင်း ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကြီး ဒီထက်ပိုပြီး မဖောက်ပြန်ခင်၊ ခန္ဓာကိုယ်ကြီးကို သယ်ဆောင်သွားလို့ ရနေသေးခင်၊ ခြေလက်အင်္ဂါတွေကို လိုသလို လှုပ်ရှားလို့ ရနေသေးခင် ကိုယ်ကျင့်သီလကို ကြိုးစားစောင့်ထိန်းကြဖို့၊ ကိုယ်ကျင့်တရား မလုံခြုံဘဲ အနှစ်တစ်ရာကျော် အသက်ရှင် နေရခြင်းထက်စာရင် ကိုယ်ကျင့်တရား လုံအောင်စောင့်ထိန်းပြီး တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင်နေရခြင်းက ပိုပြီးမြင့်မြတ်လှတဲ့ အတွက် အကျင့်သီလကို အထူးစောင့်ထိန်းကြဖို့နဲ့ ဒီလို ခန္ဓာကိုယ်ကို အရင်းပြုပြီး သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရကို ထုတ်နေခြင်းဖြစ်ပြီး အစွမ်းရှိတဲ့သူတွေဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်တဲ့အတွက် သီလဆောက်တည်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို စွမ်းနိုင်သမျှ ထုတ်ကြည့်ကြဖို့ စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံးအနှစ်သာရ တစ်ခုဖြစ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရနဲ့ ပတ်သက်လို့ စာပေက “အနိစ္စာဒိ သဘာဝေဟိ အဘိဏှပ္ပဋိပီဠနတ္တာ နိဿာရဿ ဣမဿ ဇီဝိတဿ ဘာဝနံ နာမ သာရော” လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီအဖွင့်ရဲ့ ဆိုလိုရင်းက “အသက်ရှင်နေတဲ့ ဘဝဟာဆိုတာ မမြဲခြင်း အနိစ္စစတဲ့ သဘောတရားတွေနဲ့ အမြဲမပြတ် နှိက်စက်နေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အသက်ရှင်နေရတဲ့ ဒီဘဝရဲ့ အနှစ်သာရဟာ တရားဓမ္မ ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ ဘာဝနာ အလုပ်ပဲ ဖြစ်တယ်”လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီမှာဖွင့်ဆိုပြတဲ့ အဖွင့်အတိုင်းပါပဲ။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး ပျက်စီးတတ်တဲ့ မမြဲခြင်း အနိစ္စသဘော၊ အသက်ရှင်နေတဲ့ အခိုက်မှာ အချိန်မရွေး ဆင်းရဲနိုင်တဲ့ ဒုက္ခသဘော၊ အသက်ရှင်နေပေမယ့် ကိုယ်လိုသလို ဖန်တီးလို့ မရဘဲ သူ့အလိုအတိုင်း၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတဲ့ အနတ္တသဘော တွေနဲ့ အမြဲနှီးနွယ် ဆက်စပ်နေတဲ့အတွက် သေချာတွေးကြည့်ရင် အချိန်မရွေး ပြောင်းလဲနေတယ်ဆိုတာ ခံစားမိမှာ ဖြစ်ပါတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး သေနိုင်တဲ့သဘော၊ အချိန်မရွေး ဆင်းရဲနိုင်တဲ့သဘော၊ အချိန်မရွေး သူ့သဘော သူဆောင်သွားနိုင်တယ်ဆိုတဲ့ သဘောတရားတွေက ရှိနေတဲ့အတွက် တကယ်တော့ အနှစ်သာရ ဘာမှမရှိဘူးဆိုတာ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အနှစ်သာရ မရှိတဲ့အတွက်ကြောင့်လည်း အသက်ရှည်မှု မရှည်မှုဟာ အဓိကမကျဘဲ အသက်ရှင်နေတဲ့ အခိုက်မှာ လုပ်သင့်လုပ်ထိုက်တာကို အမိအရ လုပ်လိုက်နိုင်ခြင်းဟာ အဓိကကျတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ အသက်ရှင်နေတဲ့ ဘဝမှာ အဓိကကျတာက ဒီအခိုက်အတံ့ကို အရင်းပြုပြီး တရားအလုပ် အားထုတ်နိုင်မှုဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဟာ အချိန်မရွေး ပြောင်းလဲတတ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေခြင်း ဖြစ်တဲ့အတွက် ရှင်နေတုန်းမှာ အနှစ်သာရကို ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ရုပ်နာမ်နှစ်ခုနဲ့ တည်ဆောက်ထားပြီး သွားလာလှုပ်ရှား အသက်ထင်ရှား ဖြစ်နေတဲ့ ဒီဘဝမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးကို ဘာဝနာဉာဏ်နဲ့ အမှန်မြင်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝရဲ့ အနှစ်သာရကို ထုတ်နိုင်ဖို့ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာဆိုတဲ့ ဘာဝနာ တစ်ခုခုကို ကြိုးစားအားထုတ်ကြည့်ကြဖို့နဲ့ ဒီလို တရားအလုပ် အားထုတ်နေခြင်းဟာ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေတာဖြစ်တဲ့အတွက် သေချာပေါက် စွမ်းနိုင်တဲ့သူများ ဖြစ်နေမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဒီနေရာမှာ ပြောလိုတဲ့ အစွမ်းရှိသူဆိုတာ ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို ဘယ်လောက်လုပ်နိုင်သူ၊ ဘယ်လိုလုပ်နိုင်သူ၊ ဘယ်လိုကျင့်ကြံ အားထုတ်နိုင်သူကိုသာ ဆိုခြင်းဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာဆိုတဲ့ ဘဝနှစ်ဖြာမှာ အစွမ်းရှိတဲ့သူ၊ စွမ်းနိုင်တဲ့သူဖြစ်ဖို့ လူတိုင်းလူတိုင်း စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရ၊ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရတွေကို ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်းဖြင့် လက်တွေ့လုပ်ဆောင်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ အမြဲဆက်ဆံနေတတ်သလို၊ ခန္ဓာကိုယ်ဟာလည်း ရောဂါအမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတတ်ပြီး အသက်ရှင်နေပါတယ်ဆိုတဲ့ ဘဝဟာလည်း မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးရမခြင်း သဘောတွေနဲ့ အမြဲနှိပ်စက်နေတတ်တဲ့အတွက် အနှစ်မရှိတဲ့ ဒီစည်းစိမ်ဥစ္စာ၊ ဒီခန္ဓာနဲ့ ဒီအသက်ရှင်နေမှုတွေရဲ့ အနှစ်သာရကို ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းဖြင့်သာ စွမ်းနိုင်သမျှ ထုတ်ယူကြရမှာဖြစ်ပြီး ဒီလိုအနှစ်သာရများနဲ့ပဲ ဘဝမှာအစွမ်းရှိတဲ့ သူတွေဖြစ်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလရဲ့တရားပွဲမှာ အမည်ပေးထားတဲ့ “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားခေါင်းစဉ်အတိုင်း ဘဝသံသရာ ခရီးဆက်ကြမယ့် သံသရာ ခရီးသွားများ အနေနဲ့ သံသရာခရီးမှာ သက်သောင့်သက်သာ သွားနိုင်ရန်အတွက် အမှန်တကယ် ယူဆောင်လို့ရနိုင်မယ့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကိုသာ စည်းစည်ဥစ္စာကို အရင်းပြုကာ အလှူဒါနပြုခြင်း၊ ခန္ဓာကိုယ်ကို အရင်းပြုကာ သီလဆောက်တည်ခြင်း၊ အသက်ရှင်နေတဲ့ ဘဝအခိုက်အတံ့ကို အရင်းပြုကာ တရားဘာဝနာအလုပ် အားထုတ်ခြင်းဖြင့် ရနိုင်သမျှ အရယူကာ စွမ်းနိုင်တဲ့သူများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ တိုက်တွန်းရင်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားတော်ကို ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရားတစ်ပုဒ်အဖြစ် ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။

- စည်းစိမ်ဥစ္စာ၊ နှစ်ဆိုတာ၊ ဒါနလုပ်ကာ ထုတ်ရသည်။
- ခန္ဓာကိုယ်မှ၊ နှစ်သာရ၊ သီလဆောက်ကာ ထုတ်ရသည်။
- သက်ရှင်နေရ၊ နှစ်သာရ၊ ဘဝနာကျင့်ကာ ထုတ်ရသည်။

READ MORE......

Monday, April 18, 2011

နှစ်သစ်ကူး အလှူရှင်များစာရင်း

ဂယောင်ဆန်၊ဂျီလယန်းစက်မှုဇုံညီအကိုများမှ
(၁) စိတ္တသုခကျောင်း ထာဝရ ငွေပဒေသာပင်အတွက် ဝမ် ဆယ်သိန်း။
(၂) စိတ္တသုခကျောင်း ဝေယျာဝစ္စ ကုသိုလ်အလှူ........ဝမ် တစ်ဆယ့်သုံးသိန်းသုံးသောင်း။
(၃) ဆရာတော်နဝကမ္မအလှူ................................ဝမ် ငါးသိန်း။
(၄) မနာပဒါယီစာကြည့်တိုက်အလှူ........................ဝမ် နှစ်သိန်း။
(၅) စိတ္တသုခ လူမှုကူညီရေး ရံပုံငွေ.......................ဝမ် သုံးသိန်း။
(၆) ဇီဝိတဒါနငါးလွှတ်ပွဲအတွက်............................ဝမ် တစ်သိန်း။
စုစုပေါင်း ဝမ် သုံးဆယ့်လေးသိန်းသုံးသောင်း ကို လှူဒါန်းသွားပါသည်။
တစ်ဦးချင်းအလှူရှင်များ
(၁) ဆုံဆော လူငယ်ညီအကိုများ.............................ဝမ် တစ်သိန်းရှစ်သောင်း။
(၂) ဒါဆန်းရွှေညီအကိုများ.....................................ဝမ် နှစ်သိန်း။
ဝမ်တစ်သိန်း အလှူရှင်များ
(၃)ကိုမောင်ဇော်+မနှင်းနှင်းဦး မိသားစု
(၄)ကိုမင်းခန့်မောင် မိသားစု
(၅)ကိုဘုန်းနိုင်(UB)
(၆)မယမင်းထွေး
ဝမ်ငါးသောင်းအလှူရှင်များ...
(၇)ကိုခင်မောင်ကျော် မိသားစု
(၈)ကိုဝေလုဇော်
(၉)ကိုဇော်ဇော်အောင်တင်ဝင်း
(၁၀)ကိုအောင်ကျော်ထက်(ခ)ဖိုးစံ
(၁၁)ကိုရဲစိုးရာ။ဖာ
ဝမ် လေးသောင်းအလှူရှင်
(၁၂)ကိုအာကာနှင့် ညီအကိုများ
ဝမ် သုံးသောင်းအလှူရှင်များ
(၁၃)ကိုအောင်ကျော်ငြိမ်း၊ကိုရဲမြင့်ဟိန်း
(၁၄)ကိုမင်းနိုင်
(၁၅)ကိုမင်းမင်းထက်
(၁၆)ကိုကျော်စိုးဝင်း
(၁၇)ကိုလင်းလင်းစိုး
(၁၈)ကိုမင်းထွဋ်
(၁၉)ကိုဗိုလ်လင်း
(၂၀)ကိုဇေယျာတင့်
ဝမ် နှစ်သောင်းအလှူရှင်များ
(၂၁)ကိုသန်းဌေး
(၂၂)ကိုသန့်ဇော်
(၂၃)ကိုကျော်သူရ
(၂၄)ကိုစိုးသန်း
ဝမ်တစ်သောင်း အလှူရှင်များ
(၂၅)ကိုကျော်ဇော်အောင်
(၂၆)ကိုရွှန်းဝင့်နွယ်
(၂၇)ကိုစိုး
(၂၈)ကိုပြည့်ဖြိုးမောင်
(၂၉)ကိုအောင်နိုင်ဝင်း
(၃၀)ကိုဌေးအောင်
(၃၁)ကိုမောင်မောင်
(၃၂)ကိုဇေကြီး
(၃၃)ကိုသက်နိုင်
အလှူရှင် စာရင်းမှားယွင်းမှုရှိပါက ပြင်ဆင်ပေးပါမည်။

READ MORE......

Sunday, April 17, 2011

စိတ္တသုခ နှစ်သစ်ကူး အလှူအောင်ပွဲမှတ်တမ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ဒေဂူးမြို့၏ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ခရစ်နှစ် ၂၀၁၁၊ဧပြီလ(၁၇)ရက်၊ တနင်္ဂနွေနေ့ (နှစ်ဆန်းတစ်ရက်နေ့)တွင် ကျင်းပ ပြုလုပ်သော တတိယအကြိမ်မြောက် နှစ်သစ်ကူးအလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ မှတ်တမ်း...

ဤအလှူပွဲတွင် အဖက်ဖက်မှ ပြည့်စုံစွာ ကျွေးမွေးလှူဒါန်းကြသော ဂယောင်ဆန် ဂျီလယန်း စက်မှုဇုံမှ မြန်မာညီအကိုများ၊ကိုစိုးမြင့်အောင်+ဒေါက်တာ ဒေါ်နီနီ နှင့် အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း...။ (အလှူရှင်များစာရင်းကို ထပ်မံဖေါ်ပြပေးပါမည်။)

READ MORE......

Sunday, April 10, 2011

လစဉ်တရားပွဲ၊ နှစ်သစ်ဦးအလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ဖိတ်ကြားလွှာ

ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် တစ်လတစ်ကြိမ် လစဉ်တရားပွဲနှင့် ရွှေမြန်မာတွေ့ဆုံပွဲ၊ ဂျီလယန်းစက်မှုဇုံ ရွှေမြန်မာညီအကိုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူး နှစ်ဦးကုသိုလ်အလှူပွဲ၊ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ နှစ်စဉ်ဦးဆောင် ပြုလုပ်နေကျဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲစသည့် အများပေါင်းစုံ၍ ကောင်းမှုအစုံ ပြုလုပ်ကြမည့် အထွေထွေ ကုသိုလ်ပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် ကုသိုလ်ရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၁၇-၄-၂၀၁၁၊ (၁၃၇၃ခုနှစ်၊ တန်ခူးလဆန်း ၁၄ရက်၊ နှစ်ဆန်းတစ်ရက်)၊ တနင်္ဂနွေနေ့
-
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
-
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀

- ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ
-
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။
အလှူရှင် ဂျီလယန်းရွှေညီအစ်ကိုများမှ အထူးမြန်မာအစားအစာများ၊ ရွှေရင်အေးများဖြင့် ပြည့်စုံလုံလောက်စွာ ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် ချစ်ညီအကိုများ အများအပြား လာရောက်အားပေးကြဖို့ ထပ်မံ၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဂျီလယန်းစက်မှုဇုံ ရွှေညီအစ်ကိုများ

READ MORE......

ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် ၏ ဈာပနအခမ်းအနား


ကိုမိုးကောင်း(ခ) ကိုမြတ်ဝင်းဇော်၏ ဈာပနအခမ်းအနား ကောင်းမွန်စွာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါသည်။ ကိုမိုးကောင်း၏ ဈာပန အောင်မြင်ချောမွေ့စွာပြီးဆုံးအောင် ငွေအားလူအားဖြင့် ကူညီဆောင်ရွက်ပေးကြသော ချစ်သူငယ်ချင်းများအားလုံးကို ကျန်ရစ်သူ မိသားစုကိုယ်စားအထူးကျေးဇူးတင်ရှိပါသည်။

ကိုမိုးကောင်း၏ ဈာပန အတွက် ငွေစာရင်း ရှင်းလင်းတင်ပြပါသည်။


(၁)ဆေးရုံတက်သည်မှ ဈာပနကိစ္စဆောင်ရွက်ချိန်အထိ လက်ခံရရှိငွေပေါင်း= ဝမ် ခြောက်ဆယ့်သုံးသိန်းတစ်သောင်း(၆၃၁၀၀၀၀-)
(၂)ဆေးရုံးစရိတ်၊ အသုဘအခမ်းအနားဆောင်ရွက်သည့် ကုန်ကျငွေစုစုပေါင်း=ဝမ် သုံးဆယ့်လေးသိန်း ရှစ်သောင်း(၃၄၈၀၀၀၀-)
(၃)လက်ကျန်ငွေစုစုပေါင်း....................................=ဝမ် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်း(၂၈၃၀၀၀၀-)

လက်ကျန်ငွေများထဲမှ မြန်မာငွေကျပ် ဆယ်သိန်း(၁၀၀၀၀၀၀-)ကို ကိုမိုးကောင်းအားရည်စူး၍ ကျန်ရစ်သူမိသားစုမှ ကောင်းမှုကုသိုလ် ပြုနိုင်ရန် မြန်မာနိုင်ငံသို့ပေးပို့ပါမည်။ ကျန်ငွေများကို (၈-၅-၂၀၁၁ နေ့တွင်)တစ်လပြည့်ဆွမ်းကျွေး ပြုလုပ်ပေးမည်ဖြစ်ပြီး ၄င်းငွေများထဲမှ ကျန်ရှိသည့်ငွေများကို ကိုမိုးကောင်းအမည်ဖြင့် စိတ္တသုခလူမှုကူညီရေးအသင်း ရံပုံငွေသို့ လှူဒါန်းသွားရန် ဆရာတော်ဦးဝိစိတ္တနှင့် မိတ်ဆွေသူငယ်ခြင်းများဆန္ဒအရ ဆုံးဖြတ်ကြပါသည်။

ကိုမိုးကောင်း၏ မြန်မာပြည်လိပ်စာ
ဒေါ်ခင်မြှဖုန်း-096405194 အမှတ်(၂၉)၊ပိတောက်လမ်း၊(၆)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်။

READ MORE......

Friday, April 8, 2011

ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် ၏ ဈာပန ဖိတ်ကြားခြင်း


ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နေ အဖ(ဦးထိုက်ကြီး)၊အမိ ဒေါ်ခင်မြတို့၏ သားဖြစ်သူ ကိုမိုးကောင်း(ခ) ကိုမြတ်ဝင်းဇော်၊ အသက်(၃၃)နှစ် သည် သည် ၂၀၁၁ခုနှစ်၊ ဧပြီလ(၈)ရက်၊ သောကြာနေ့ ည(ရး၅၀) အချိန်၌ ဒေဂူးမြို့၊ကက်သလစ် ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။


ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၂၀၁၁ခုနှစ်၊ဧပြီလ(၁၀)ရက်၊ တနင်္ဂနွေနေ့ နေ့လည်(၁း၀၀)အချိန်၌ သဂြိုလ် မည်ဖြစ်ပါသည်။
တနင်္ဂနွေနေ့၊နံနက် (၁၀း၀၀)နာရီတွင် စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၌ သပိတ်သွတ် တရားနာယူ၍ နေ့လည် (၁၂း၀၀) နာရီတွင် ထွက်ခွါမည်ဖြစ်ပါကြောင်း မိတ်ဆွေသူငယ်ချင်းများ အားလုံး အသုဘရှု တရားနာယူနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

READ MORE......

Thursday, April 7, 2011

ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေ နောက်ဆက်တွဲသတင်း


ယနေ့ မနက်ဆေးရုံတွင် သွားရောက်အကူအညီ ပေးနေသည့် စိတ္တသုခ လူမှုကူညီရေး အသင်းမှ အကျိုးဆောင်များ၏ ပြောပြချက်အရ မနေ့တစ်နေ့ကအထိ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်မှု ရှိလာကြောင်း သိရှိရပါသည်။ ယနေ့မနက်ပိုင်းတွင် သတိလည်း ပြန်လာရလာသည့် အနေအထားတွင် ရှိနေပြီး ဘေးကပြောသမျှတွေကိုလည်း တစ်ခုချင်း နားလည်နေသည့် သဘောရှိသည်ကို တွေ့နေရသည်ဟု ဆိုပါသည်။ လက်ရှိအနေအထားအရ သူ၏ ကျန်းမာရေး အနေအထားကို တိတိကျကျ ပုံသေပြော၍ရမည့် အနေအထား မရှိသေးသော်လည်း ယခင်နေ့များထက်စာလျှင် တိုးတက်မှုရှိလာကြောင်း ဆိုပါသည်။ သို့သော်လည်း အလွန်စိုးရိမ်ရသည့် အနေအထားမှ ဝိုင်းဝန်းကြိုးစား ကုသပေးနေရခြင်း ဖြစ်သဖြင့် ဆက်လက်၍ စောင့်ကြည့်ရမှာဖြစ်ကြောင်း လူမှုကူညီရေးအသင်း အကျိုးဆောင်များက ဆိုပါသည်။ ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေ နောက်ဆက်တွဲသတင်းများကို ထူးခြားလျင် ထူးခြားသလို ဆက်လက်တင်ပြ ပေးသွားပါမည်။

READ MORE......

Wednesday, April 6, 2011

ကိုမိုးကောင်း ၏ ကျန်းမာရေးစရိတ် ကူညီသူများစာရင်း(နောက်ဆက်တွဲ)

ကိုမိုးကောင်း ၏ ကျန်းမာရေးစရိတ် အတွက် ဆက်လက်ကောက်ခံရရှိမှုကို တင်ပြပါသည်-

(၁)ဒေဂူး စိတ္တသုခလူမှုကူညီရေးအသင်း ဝမ် သုံးသိန်း
(၂)ဆရာတော်ဦးဝိစိတ္တ ......................ဝမ် ငါးသောင်း
(၃)ဒေါက်တာ ဒေါ်နီနီ.........................ဝမ် ငါးသောင်း
(၄)ကိုမင်းနိုင်...................................ဝမ် ငါးသောင်း
(၅)ကိုထွန်းအေးကျော်........................ဝမ် ငါးသောင်း
(၆)ကိုညီဇော်...................................ဝမ် သုံးသောင်း
(၇)ကိုစိုးသန်း..................................ဝမ် နှစ်သောင်း
(၈)ကိုသီဟဇော်...............................ဝမ် နှစ်သောင်း
(၉)ကိုကျော်သူဆန်း..........................ဝမ် နှစ်သောင်း
(၁၀)ကိုဇော်သူသက်ဝင်း.....................ဝမ် နှစ်သောင်း
(၁၁)ကိုမျိုးမြင့်ဦး..............................ဝမ် နှစ်သောင်း

ကျန်းမာရေးစရိတ်ကူညီလိုသော သူငယ်ချင်းများ၊အခြေအနေ စုံစမ်းသိရှိလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
(၁)ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)
(၂) ကိုရွှန်းဝင့်နွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)
(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)

ဘဏ်အကောင့်..... 07 91 0004685
DAEGU BANK
MAUNG KYAW KYAW MIN

READ MORE......

Tuesday, April 5, 2011

ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေ စိုးရိမ်အဆင့်သို့ ရောက်ရှိ



ယနေ့မနက် ရရှိသည့် သတင်းအရ ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် ကိုမိုးကောင်း (ခ) ကိုမြတ်ဇော်ဝင်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အကြောင်းကြားသင့်သည့် ပုဂ္ဂိုလ်များအား အကြောင်းကြားရန်နှင့် နောက်ဆုံးခရီးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း တာဝန်ခံ ဆရာဝန်များက ဆိုပါသည်။ ယခုလောလောဆယ် အခြေအနေမှာ ကိုမိုးကောင်းတွင် ပိုက်ပေါင်း (၂၀)လောက် ချိတ်ထားရပြီး သတိမှာလည်း မျှောနေသည့် အနေအထားတွင်ရှိကြောင်း၊ ချိတ်ထားသည့် ပိုက်တစ်ခုခုကို ဖြုတ်လိုက်ရင်ကိုပင် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ အသက်ရှုနေမှု အနေအထားမှာလည်း အပြင်းအထန် လုယူရှုနေရတဲ့ အနေအထားဖြစ်ကြောင်း စိတ္တသုခ လူမှုကူညီရေး အသင်းမှာ တာဝန်ခံ ကူညီပေးနေသူများက ဆိုပါသည်။ ထို့ကြောင့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှန်ကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အချိန်နဲ့တပြေးညီ သိရှိနိုင်စေရန် ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ပါသည်။ ကိုမိုးကောင်း၏ နောက်ဆက်တွဲ အခြေအနေကိုလည်း ဆက်လက် တင်ပြပေးပါမည်။

READ MORE......

ကိုမိုးကောင်း(ခ)ကိုမြတ်ဇော်ဝင်း လက်ရှိကျန်းမာရေးအခြေအနေ




ကိုမိုးကောင်းကို တနင်္လာနေ့မှ စတင်၍ ဆေးရုံသုံးရုံ ပြောင်းလဲပြ သခဲ့ရာ ယခုနောက်ဆုံးကသလစ် ဆေးရုံကြီးတွင် တင်ထား ရပြီဖြစ်ပါသည်။ ဆေးရုံ၏ဆေးစစ်ချက်အရ မူလက အသဲရောဂါ ရှိကြောင်း၊အအေးမိပြီး အဆုတ်အအေးပတ်သည်ကို နှစ်ပတ်ခန့် ထိရောက်စွာမကုသပဲ ပေါ့ဆစွာ နေထိုင်ခဲ့မိခြင်း၊ အစားအသောက် မှားယွင်းခြင်းများကြောင့် အစာအိမ်နှင့် အူလမ်း ကြောင်းများ ကို ထိခိုက်သွားပြီး အူနံရံများ ကောင်းမွန်မှုမရှိတော့ခြင်း၊ အဆုတ် ကောင်းမွန် မှု မရှိတော့ခြင်း စသည့် ဝမ်းတွင်း ကလီစာများ အတော်ပင် ချို့ယွင်းနေကြောင်း၊ထို့အပြင် ဆီးလမ်းကြောင်းမှာလဲ ကျောက်တည်နေ၍ ခွဲထုတ်ရန် လိုအပ်နေကြောင်း၊သွေးပမာမှာလဲ လူတစ်ယောက်ရှိ သင့်သည် ထက်လေးပုံ တစ်ပုံသာရှိ၍ အလွန်သွေး အားနည်း နေကြောင်း၊ လက်ရှိသွေးသွင်းထားရပြီး အစာကိုလဲ ပိုက်မှချပေး နေရကြောင်း၊ ရောဂါကိုတစ်ခုခြင်းစီကုသပါက သိန်း၅၀ အထက် ကုန်ကျနိုင်ကြောင်း၊ လက်ရှိ အနေအထားအရ သူငယ်ချင်းများက စုပေါင်း၍ တတ်နိုင် သလောက် ဖြင့်အစွမ်းကုန်ကုသပေးနေပါကြောင်း ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေကို တင်ပြလိုက်ရပါသည်။

READ MORE......

Monday, April 4, 2011

လစဉ်ဟောကြား မြတ်တရား (၂)

အကောင်းဆုံးဘဝ အရတော်ကြပါစေ
လစဉ်ပြုလုပ်လာခဲ့တဲ့ တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲမှာ (၃)လပိုင်းရဲ့ တရားပွဲကို ပြီးခဲ့တဲ့ ၂၇-၃-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း တရားခေါင်းစဉ်လေး တစ်ခုပေးပြီး ဓမ္မလက်ဆောင်အဖြစ် ဟောကြား ချီးမြှင့်ပေးဖြစ်ခဲ့ပါတယ်။ တရားနာပရိတ်သတ် အများစုဟာ လူငယ်အမျိုးသားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပရိတ်သတ်နဲ့ ကိုက်ညီမယ့် တရားတော်နဲ့ ဟောကြားမယ့် အကြောင်းအရာကိုလည်း ဘုန်းဘုန်းအနေနဲ့ ကြိုတင်စဉ်းစားရပါတယ်။ အများစုဟာ ဘာသာတရားနဲ့ အလှမ်းဝေးကြတဲ့ သူတွေဖြစ်သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့သာ ကျင်လည်နေကြရတာ ဖြစ်တဲ့အတွက် ဝိပဿနာဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ တရားတော်တွေ ဟောပေးဖို့ကျတော့ တော်တော်စဉ်းစားရပါတယ်။ ဟောမယ်ဆိုလည်း နားလည်လွယ်စေမယ့် အကြောင်းအရာကိုပဲ ရွေးချယ်ဟောပေးရပါတယ်။ တရားနာပရိတ်သတ်ဟာ ဒီပရိတ်သတ်တွေပဲ အဖြစ်များ နေတာကြောင့်လည်း သူတို့အတွက် မှတ်မိတာ မမှတ်မိတာ အသာထား။ ကိုယ့်အတွက်ကတော့ ဟောပြီးသားတရား ထပ်ဟောလို့ မဖြစ်ပြန်ပါဘူး။ ဒါကြောင့် မဟောဖူးသေးတဲ့ တရားကို ရွေးချယ်ပြီး သူတို့သူတို့လေးတွေနဲ့ သင့်လျော်တဲ့ တရားအမည်တစ်ခုပေးကာ နားလည်လွယ်အောင်ပဲ ဟောကြားပေးရတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တရားပွဲမှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားတော်ရဲ့ အမည်က “အကောင်းဆုံးဘဝ အရတော်ကြပါစေ” ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး ဘဝဆိုတာ အကောင်းဆုံးတွေ ရနေတဲ့ဘဝ၊ ရခဲတဲ့ အရာကို ရနေတဲ့ဘဝကို အကောင်းဆုံလို့ ဒီနေရာမှာ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီရခဲခြင်းဆိုတဲ့ စကားကို ပါဠိလို ဒုလ္လဘဆိုတဲ့ စကားလုံးနဲ့ ညွန်းဆိုပြီး ဒုလ္လဘတရား ငါးပါးရှိကြောင်းလည်း ဗုဒ္ဓဘုရား ဟောကြားတော်မူါတယ်။ ဒီငါးပါးကတော့
၁။ ဘုရားပွင့်တော်မူရန် ရခဲခြင်း (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော)
၂။ လူအဖြစ်ကို ရခဲခြင်း (မနုဿဿဘာဝေါ ဒုလ္လဘော)
၃။ သဒ္ဓါတရားနဲ့ ပြည့်စုံရန် ရခဲခြင်း (ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ)
၎။ ရဟန်းအဖြစ်ကို ရခဲခြင်း (ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော)
၅။ သူတော်ကောင်းတရား ကြားနာဖို့ရန် ရခဲခြင်း (သဒ္ဓမ္မဿဝနံ ဒုလ္လဘံ)
တို့ပဲ ဖြစ်ပါတယ်။

ဒီငါးပါးမှာ အခုလူ့ဘဝကို ရနေကြတဲ့ သူတွေဟာ ရခဲခြင်းတရားကို ရနေကြတဲ့ သူတွေဖြစ်တဲ့အတွက် အကောင်းဆုံးဘဝကို ရနေကြတဲ့ သူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့ဘဝဟာ တခြားတခြား ဘုံသားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်ရခဲ့တဲ့ ဘဝဖြစ်ပါတယ်။ ကမ္ဘာမှာ လူတွေသန်းပေါင်း မြောက်များစွာ ရှိနေပေမယ့် နေ့စဉ်သတ်ဖြတ် စားသောက်နေကြတဲ့ သတ္တဝါတွေ၊ ပြိတ္တာဖြစ်နေကြတဲ့ သတ္တဝါတွေ၊ ငရဲခံနေရတဲ့ သတ္တဝါတွေ စတဲ့ အပါယ်ဘုံသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် လူ့ဘဝ ရနေတဲ့သူတွေဟာ အလွန်အမတန် နည်းပါးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝဟာ ရခဲတဲ့ဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝဟာ လိုချင်တာတွေကို အရယူနိုင်တဲ့ ဘဝလည်း ဖြစ်ပါတယ်။ လူအဖြစ်နဲ့ အကောင်းဆုံးအရာတွေကို ပြုလုပ်အားထုတ်ပြီး အကောင်းဆုံးဘဝတွေကို ရောက်အောင် ရွေးချယ်သွားနိုင်သလို အမြင့်ဆုံးဖြစ်တဲ့ ဘုရားအဖြစ်၊ ရဟန်းအဖြစ်တွေကိုလည်း လူ့ဘဝနဲ့ အရယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ရခဲတဲ့ဘဝ၊ ရချင်တဲ့အရာတွေကို ရွေးချယ်ရယူနိုင်တဲ့ ဘဝ ဖြစ်တဲ့အတွက် လူ့ဘဝဟာ အကောင်းဆုံးဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေမှာလာတဲ့ သုတ္တန်တစ်ခုကတော့ လူ့ဘဝဟာ အကောင်းဆုံးဘဝ၊ သုဂတိဘဝ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြထားပါတယ်။ ဒီသုတ်တော်ဟာ ပုဗ္ဗပဉ္စနိမိတ္တသုတ်ပဲ ဖြစ်ပါတယ်။ နတ်ပြည်က နတ်သား၊ နတ်သမီးတွေထဲမှာ အချို့နတ်သား နတ်သမီးတွေဟာ နတ်သက်ကြွေ စုတေခါနီးအချိန်မှာ နိမိတ်ငါးမျိုး ထင်တတ်တယ်လို့ ဆိုပါတယ်။ စတုမဟာရာဇ်၊ တာဝတိံသာ စတဲ့ နတ်ပြည်လောက နတ်သားနတ်သမီးတွေဟာ လူတွေလို ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်းမရှိဘဲ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် နတ်သားနတ်သမီးတွေဟာ အရွယ်ရောက်သူတွေအဖြစ် တစ်ခါတည်း တန်းဖြစ်လာကြပါတယ်။ ဒီလိုအရွယ်ရောက်ပြီး နတ်သားနတ်သမီးအဖြစ်နဲ့ပဲ အိုခြင်းနာခြင်းမရှိ ကုသိုလ်အရှိန် ရှိသမျှ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နတ်သားနတ်သမီးတွေ သေတာတော့ ရှိပါတယ်။ အိုနာတာတွေ မရှိပေမယ့် သေတဲ့အခါ သေခါနီးကာလမှာတော့ နိမိတ်လက္ခဏာတွေ ထင်လာတတ်ပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေမှာ စုတေခါနီး နိမိတ်ငါးမျိုး ထင်လာတတ်ပါတယ်။ အဲဒီ နိမိတ်ငါးမျိုးကတော့
၁။ သူတို့သူတို့ ပန်ဆင်အသုံးပြုထားတဲ့ နတ်ပန်းတွေ ညှိုးနွမ်းလာခြင်း
၂။ သူတို့ဝတ်ဆင်ထားတဲ့ နတ်ဝတ်တန်ဆာတွေ ညစ်နွမ်းလာခြင်း
၃။ လက်ကတီးကြား၊ ဂျိုင်းကြားမှာ ချွေးတွေထွက်လာခြင်း (ပုံမှန်အားဖြင့် နတ်သားနတ်သမီးများ ချွေးထွက်လေ့မရှိ)
၎။ ကိုယ်ရောင်ကိုယ်ဝါတွေဟာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာခြင်း
၅။ နေနေရတဲ့ နတ်ဘုံဝမှာ မပျော်မွေ့တော့ခြင်း
ဆိုတဲ့ နိမိတ်ငါးမျိုးပဲ ဖြစ်ပါတယ်။

ဒီလို နိမိတ်တွေ ထင်လာတာကို တွေ့ရတဲ့အခါ တစ်ခြားနတ်သားနတ်သမီးတွေက ဒီနိမိတ်တွေကိုကြည့်ပြီး အဲဒီနတ်သား နတ်သမီးတွေ နတ်သက်ကြွေကာ စုတေတော့မယ်ဆိုတာ သိကြပါတယ်။ အဲဒီလို နိမိတ်ထင်လာတဲ့ နတ်သားနတ်သမီးတွေကို သူတော်ကောင်းနတ်တွေကနေ သွားပြီးတော့ အမှာစကားဆိုကြပါတယ်။ ဒီသုတ်တော်မှာတော့ စကားသုံးခွန်းမှာတယ်လို့ ဆိုပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေကို မှာတဲ့အဲဒီ စကားသုံးခွန်းကတော့
၁။ ဒီဘဝကနေ စုတေပြီးနောက် သုဂတိ ဘဝကို ရောက်အောင်သွား
၂။ သုဂတိဘဝရောက်တဲ့အခါ ရသင့်ရထိုက်တာကို ရအောင်ယူ
၃။ ရသင့်ရထိုက်တာကို ရပြီးရင် အဲဒီအရာကို တည်တံ့ခိုင်မြဲအောင် ကြိုးစား
ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
နတ်တွေမှာတဲ့ ဒီစကားသုံးမျိုးမှာ သုဂတိဘဝဆိုတာ လူ့ဘဝကို ဆိုခြင်းဖြစ်ပြီး၊ ရသင့်ရထိုက်တဲ့အရာ ဆိုတာ သဒ္ဓါတရားကို ဆိုခြင်းဖြစ်ကာ အဲဒီအရာကို ခိုင်မြဲအောင် ကြိုးစားဆိုတာ သဒ္ဓါတရားမြဲအောင် ကြိုးစားလို့ ဆိုခြင်းဖြစ်ကြောင်း ဒီသုတ္တန်နဲ့ စာပေအဖွင့်တွေက ဆိုပါတယ်။ ဒါက နတ်တွေကတောင် ပြောဆိုလေ့ရှိတဲ့ လူ့ဘဝအကြောင်း အကောင်းလေးတွေပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ လူ့ဘဝဟာ တကယ့်ကို အကောင်းဆုံး ဘဝဖြစ်တယ်ဆိုတာ သိနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကောင်းဆုံးဘဝမှာ နတ်တွေပြောသလို ရသင့်ရထိုက်တာကို ရအောင်ယူပြီး၊ မြဲသင့်မြဲထိုက်တာကို မြဲနေနိုင်မှ အကောင်းဆုံးဘဝ အရတော်ကြမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် အကောင်းဆုံး ဘဝကို ရထားပေမယ့် အရမတော်တဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့တတ်ပါတယ်။ လက်ရှိရထားတဲ့ အကောင်းဆုံး လူ့ဘဝမှာ အရတော်ကြဖို့ စာပေတွေက ပြောတဲ့အတိုင်း သဒ္ဓါတရားကို ရရှိအောင် ကြိုးစားပြီး သဒ္ဓါမြဲဖို့လည်း အထူးလိုအပ်လှပါတယ်။ သိတဲ့အတိုင်း သဒ္ဓါတရား ရှိဖို့၊ သဒ္ဓါတရား ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပုထုဇဉ်သဘာဝ စိတ်တွေကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်တဲ့ အတွက်ကြောင့် သဒ္ဓါတရားကို ထိန်းဖို့ခက်နေကြခြင်းလည်း ဖြစ်ပါတယ်။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှုလို့ ယေဘုယျ နားလည်ထားနိုင်ပါတယ်။ ဒီအဖွင့်တွေအရ ပုထုဇဉ်တွေမှာ ရတနာသုံးပါးနဲ့ ပတ်သက်ပြီး ယုံကြည်မှုမြဲဖို့၊ ကံတရားနဲ့ ပတ်သက်ပြီး ယုံကြည်မှုခိုင်ဖို့ အတော်ခဲယင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိုယ့်မှာရှိနေတဲ့ သဒ္ဓါတရားဟာ တစ်ခါတလေ အကောင်းဆုံးအလုပ်တစ်ခုခုကို လုပ်ဖို့ဆုံးဖြတ်ထားပေမယ့် တော်ကြာပြောင်းရင် ပြောင်းသွားတတ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဒါနလုပ်လိုက်မယ်၊ သီလဆောက်တည်လိုက်မယ်၊ ဘာဝနာ တစ်ခုခုကို အားထုတ်လိုက်မယ်၊ ဘယ်သူ့ကို ဘာလေးကူညီလိုက်မယ်၊ ဘာလေးလုပ်ပေးလိုက်မယ် စတဲ့အတွေးအကြံ ရည်ရွယ်ချက်တွေ ရှိနေပေမယ့် တကယ်လုပ်မယ်ဆိုတော့ ပျက်ပြယ်သွားတာတွေလည်း ရှိတတ်ပါတယ်။ မရခင်တုန်းကတော့ ရလာရင် ဘာလုပ်လိုက်မယ်လို့ ရည်ရွယ်ထားတတ်ပေမယ့် တကယ်ရလာတဲ့အခါကျတော့ စိတ်ပြောင်းသွားတတ်တာ၊ သဒ္ဓါတရား လျော့သွားတတ်တာတွေလည်း အများကြီး ဖြစ်တတ်ကြပါတယ်။ ဒီလို အဖြစ်မျိုးကတော့ ပုထုဇဉ် မှန်သမျှ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ သဘောဆိုတာထက် ဒါဟာ သဒ္ဓါတရား မခိုင်မြဲတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရားဟာ ရှိဖို့ခဲရင်းသလို၊ မြဲဖို့လည်း ခဲရင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

လူအတော်များများမှာ သဒ္ဓါတရား ရှိဖို့ခဲယင်းတတ်သလို ရှိပြီးသား အရာကို မြဲဖို့အတွက်လည်း ကိုယ်ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရား တည်တံ့ဖို့အတွက် ဘယ်တန်ခိုးရှင်ကမှ လုပ်ဆောင်ပေးလို့ မရပါဘူး။ ဗုဒ္ဓလက်ထက်က တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးတောင်မှ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံတည်တံ့အောင် တန်ခိုးတော်နဲ့ မလုပ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒီစကားတော်ကို အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ကိုယ်တော်တိုင် အလုပ်အကျွေး ဒကာကြီးတစ်ယောက်ကို မိန့်တော်မူဖူးပါတယ်။

တစ်ခါက မြတ်စွာဘုရားရှင်မှာ ဆွမ်းကိစ္စ အလှူနှစ်ခုနဲ့ ကြုံခဲ့ရဖူးပါတယ်။ တစ်ဦးက အရှင်သီဝလိလောင်းကို (၇)နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ မယ်တော် သုပ္ပဝါသာ ဒကာမဖြစ်ပြီး တစ်ဦးက အရှင်မောဂ္ဂလာန်မထေရ်ရဲ့ အလုပ်အကြွေး ဒကာကြီးပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အနေဖြင့် အလုပ်အကျွေးဒကာကြီးက အရင်ဆွမ်းပင့်ထားတာ ဖြစ်ပေမယ့် ကိုယ်တိုင်ချီးမြှောက်ရမယ့် အကြောင်းရှိနေတဲ့အတွက် သုပ္ပဝါသာ ဒကာမကြီးရဲ့ ဆွမ်းကို အရင်ချီးမြှောက်လိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အလုပ်အကျွေး ဒကာကြီးရဲ့ ခွင့်ပြုချက်ကိုယူဖို့ အရှင်မဟာမေဂ္ဂလာန် မထေရ်ကို အမိန့်ရှိတော်မူပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်လည်း ဒကာကြီးဆီရောက်ပြီး အကျိုးအကြောင်းပြောပြတော့ ဒကာကြီးက “ကောင်းပါပြီဘုရား အရှင်ုဘရားအနေနဲ့ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာရယ်၊ တပည့်တော်ရဲ့ အသက်ရယ်၊ တပည့်တော်ရဲ့ သဒ္ဓါတရားရယ် ဒီသုံးမျိုး မပျက်အောင်၊ မပြောင်းအောင် တာဝန်ယူပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ မထေရ်မြတ်က “ဒကာကြီးရေ စည်းစိမ်ဥစ္စာနဲ့ အသက်ကိုတော့ တာဝန်ယူပေးလို့ရတယ်၊ သဒ္ဓါတရားကိုတော့ ဒကာကြီးကိုယ်တိုင်ပဲ တာဝန်ယူပါ”လို့ ပြန်မိန့်လိုက်ပါတယ်။ နောက်ဆုံးတော့ သူ့သဒ္ဓါတရားကို သူယုံကြည်တဲ့ ဒကာကြီးက ဘုရားရှင် အမိန့်ရှိတော်မူတဲ့အတိုင်း လိုက်နာဆောင်ရွက် သွားခဲ့ပါတယ်။


ဒီမှာ အဓိက ပြောချင်တာက သဒ္ဓါတရားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးကိုယ်တိုင်တောင် တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံအောင် လုပ်မပေးနိုင်ဘဲ သဒ္ဓါတရားမြဲဖို့ ကိုယ်တိုင်ပဲ လုပ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သဒ္ဓါတရားဟာ အဲဒီလောက်ကို တည်တံ့ဖို့ ခဲယင်းတာဖြစ်ပါတယ်။ ဘယ်တန်ခိုးရှင်ကမှ သဒ္ဓါတရားမြဲအောင် လုပ်မပေးနိုင်သလို ဖြစ်ဖို့ရဖို့ ခဲရင်းတဲ့ ဒီသဒ္ဓါတရားကိုလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်တွေမှာသလို ရခဲတဲ့ သဒ္ဓါကို ရအောင်လုပ်ဖို့က ကိုယ်ကိုင်တိုင်ပဲ လုပ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အဲဒီလို ရလာတဲ့ သဒ္ဓါတရားကို ကောင်းစွာတည်တံ့အောင် ထာဝရမပျောက်အောင် လုပ်ဖို့အတွက်ကလည်း အနည်းဆုံး သောတာပန်အဆင့်ကို ရောက်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ သောတာပန်ဖြစ်သွားရင်တော့ သဒ္ဓါတရား လုံးဝမြဲသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘဝ သောတာပန် ဖြစ်အောင် မလုပ်နိုင်သေးပေမယ့်လည်း သောတာပန်အလား သရဏဂုံနဲ့ ကံငါးပါးလုံထားမယ်ဆိုရင်တော့ သဒ္ဓါတရားလည်း ကောင်းကောင်းမြဲနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ သောတာပန် အဖြစ်ကို မရနိုင်သေးတာတောင်မှ အနည်းဆုံး သရဏဂုံနဲ့ ငါးပါးသီလလောက်တော့ လုံထားမှ ဖြစ်မှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြောချင်တာက အကောင်းဆုံးဘဝ အရတော်ကြစေဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကောင်းဆုံးဘဝ တစ်ခုအဖြစ် ရရှိလာတဲ့ လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ သဒ္ဓါတရားကို ရအောင်ကြိုးစားပြီး အဲဒီသဒ္ဓါတရားကို တတ်နိုင်သမျှ မြဲမြံအောင်ကြိုးစားကာ အရတော်တဲ့ ဘဝဖြစ်အောင် ကြိုးစားကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ရရှိထားတဲ့ အကောင်းဆုံးဘဝ ထာဝရကောင်းစေဖို့၊ သဒ္ဓါတရား ထာဝရတည့်တံ့စေဖို့ ဆိုတာဟာ အရိယာအဖြစ်ကို ရရှိထားမှ စိတ်ချရနိုင်ပေမယ့် ဒီဘဝမှာ ကံငါးပါးကို လုံအောင်ထိန်းပြီး ဒါနအလုပ်၊ ဘာဝနာအလုပ်တွေကို ကြိုးစားအားထုတ် ထားနိုင်မယ်ဆိုရင်တော့ သောတာပန်အလား သဒ္ဓါတရားအားကောင်းကာ လားရာဂတိလည်း ကောင်းနေနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိရရှိထားတဲ့ လူ့ဘဝမှာ အနည်းဆုံးတော့ ကံငါးပါးကို လုံအောင်ကြိုးစားကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးဘဝ အရတော်ကြပါစေ ဆိုတဲ့ ဒီနေ့တရားတော်အရ အကောင်းဆုံးဘဝဖြစ်တဲ့ လူ့ဘဝကို ရရှိထားကြတဲ့ သူတွေအနေနဲ့ လူလည်းဖြစ်၊ ဘုရားသာသနာနဲ့လည်းကြုံ၊ အထိုက်အလျောက် သဒ္ဓါတရားလေးတွေလည်း ရှိနေကြပြီ ဖြစ်တဲ့အတွက် ကိုယ်လက်ရှိရထားတဲ့ အကောင်းဆုံး အခြေအနေကို ဒီထက်ပိုတဲ့ အရတော်တဲ့ အကောင်းဆုံး ဘဝမျိုးဖြစ်အောင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းတဲ့ဘဝ အရကောင်းတဲ့ သူတွေဖြစ်အောင်လည်း ဆထပ်ပိုပြီး အားထုတ်လိုက်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

အားလုံး အကောင်းဆုံးဘဝ အရတော်ကြပါစေ…

READ MORE......

ကိုမိုးကောင်း၏ ကျန်းမာရေးအတွက် ကူညီငွေ ဆက်လက်ကောက်ခံရရှိသော စာရင်း

ကိုမိုးကောင်း၏ ကျန်းမာရေးအတွက် ကူညီငွေ ဆက်လက်ကောက်ခံရရှိသော စာရင်း

ဝမ်ငါးသောင်း အလှူရှင်များ
(၁)ကိုနေလင်း(ရွှေကမ္ဘာမြန်မာစတိုး)
(၂)ကိုရွှန်းဝင့်နွယ်
ဝမ်နှစ်သောင်း အလှူရှင်များ
(၁)ကိုစိန်ချွန်
(၂)ကိုဇော်ကြီး
(၃)ကိုဟန်ထွန်းမောင်
ဝမ်တစ်သောင်း အလှူရှင်များ
(၁)ကိုခင်ဇော်
(၂)ကိုစိုးမင်းသိန်း
(၃)ကိုတင်မျိုးအောင်
(၄)ကိုနိုင်လင်းထွန်း
(၅)ကိုကျော်စိုးဦး
(၆)ကိုလင်းဇင်ဦး
(၇)ကိုဇော်ထက်ဦး
(၈)ကိုရဲစည်သူဇော်
(၉)ကိုဗိုလ်ဇာစိုး
(၁၀)ကိုဇော်မင်းသူ
(၁၁)ကိုကျော်ဇောလင်း
(၁၂)ကိုအောင်မျိုးမင်း
(၁၃)ကိုစိုးမိုးထက်

READ MORE......

Sunday, April 3, 2011

တနင်္ဂနွေ ဒေဂူး အထူးသတင်းများ...

တနင်္ဂနွေ ဒေဂူးအထူးသတင်းများ...

ရွှေမြန်မာအသိုင်းအဝိုင်းထံမှ ရရှိတဲ့ သတင်းထူးများကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော်၏ကျန်းမာရေး အကူအညီသတင်း
(၂)တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများအတွက် ကိုရီးယားလဝက အဖမ်းအဆီးသတင်း
(၃) အီး(၉)ဗီဇာပြည့် မြန်မာပြည်ပြန်သော မြန်မာအလုပ်သမားများအတွက် သတင်း

သတင်းအပြည့်အစုံ
(၁) ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် ၏ကျန်းမာရေး အကူအညီသတင်း
ဒေဂူးမြို့မှ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်သော ကိုမိုးကောင်း(ခ) ကိုမြတ်ဝင်းဇော်သည် နာမကျန်းဖြစ်နေပြီး ဆေးရုံတက် ကုသရန်လိုအပ်သောအခြေအနေဖြစ်နေပါသည်။ ထိုက်သင့်သော ကျန်းမာရေးကောင်းမွန်မှုရရှိလျှင် မြန်မာပြည်ပြန်နိုင်ရန်ကိုပါ ဝိုင်းဝန်းကူညီပံ့ပိုးကြမည်ဖြစ်ပါသဖြင့် စိတ္တသုခ လူမှုကူညီရေးအသင်းမှ ဦးဆောင်၍ အောက်ပါပုဂ္ဂိုလ်များထံတွင် ကူညီလှူဒါန်း နိုင်ပါသည်။
(၁)ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)
(၂) ကိုရွှန်းဝင်းနွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)
(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)

ကူညီလှူဒါန်းသူများစာရင်း...
ဝမ်ခုနှစ်သိန်းအလှူရှင်များ
(၁)ကိုဖိုးဇော်
(၂)ကိုအောင်ဘု
(၃)အရုပ်သည်
ဝမ် နှစ်သိန်းအလှူရှင်
-ကိုကျော်ဌေး
ဝမ်တစ်သိန်းအလှူရှင်များ
(၁)စိတ္တသုခ ဘုန်းတော်ကြီးကျောင်း
(၂)ကိုလှမျိုး
(၃)ကိုမောင်ဦး
ဝမ်ငါးသောင်းအလှူရှင်များ
(၁)ကိုမော်ကြီး
(၂)ကိုအောင်ကျော်ငြိမ်း
(၃)ကိုမျိုးမင်းသန်း
(၄)ကိုဗိုလ်လင်း
(၅)ကိုဝင်းမြင့်သိန်း
(၆)ကိုသိန်းငွေ
(၇)ကိုဇေယျာတင့်
(၈)ကိုကယား(ဟာဘင်း)
(၉)ကိုလင်းထိန်ဝင်း
(၁၀)ကိုဇော်မင်း(ယုံရှင်း)
(၁၁)ကိုဝင်းနိုင်ဦး(ယုံရှင်း)
(၁၂)ကိုအောင်ဇော်ဝင်း
ဝမ်သုံးသောင်းအလှူရှင်များ
(၁)ကိုလင်းလင်းစိန်
(၂)ကိုဝင်းနိုင်ဦး
(၃)ကိုမျိုးညွန့်သိန်း
(၄)ကိုသက်နိုင
(၅)ကိုကျော်ကျော်မင်း
(၆)ကိုထွန်းထွန်းလင်း
ဝမ်နှစ်သောင်းအလှူရှင်များ
(၁)ကိုသန်းလွင်ဦး
(၂)ကိုသက်ချို
(၃)ကိုကျင်စိန်
(၄)ကိုကျော်မိုးဦး
(၅)ကိုအောင်ကျော်မိုး
(၆)ကိုအောင်ဇော်မင်း
(၇)ကိုချန်ဒူးဝမ်
(၈)ကိုဇော်ဝင်းထွန်း
(၉)ကိုနေမျိုးအောင်စိုး
ဝမ်တစ်သောင်းအလှူရှင်
-ကိုရန်နိုင်ထွန်း
အလှူရှင်အမည်စာရင်း မှားယွင်းနေပါက ပြင်ဆင်ပေးပါမည်။ထပ်မံရရှိသော အလှူရှင်များစာရင်းကို ထပ်မံတင်ပြပါမည်။(ကိုဝင်းလတ်)

(၂)တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများအတွက် ကိုရီးယားလဝက အဖမ်းအဆီးသတင်း
အီးပီအက်စ် စနစ်ဖြင့် ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်လာသောအလုပ်သမားများကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးမှ တင်းကြပ်စွာစီစစ်နေပြီး အရေးယူမှုများ ပြုလုပ်နေပါသည်။ ယခုအခါ မြန်မာ အလုပ်သမားထဲမှ စီစစ်တွေ့ရှိပြီး ဖမ်းဆီးပြန်ပို့နေမှုများ ဖြစ်ပေါ်နေပါသည်။ထို့အပြင် အသစ်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား လေဆိပ်အဝင်မှာ စီစစ်ခံနေရခြင်း၊ပြန်ပို့ခြင်း ဖြစ်ရပ်များရှိနေပါသည်။ သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံတွင်းရောက်ရှိနေသော တစ်ကကြီး၊နှစ်ကကြီး ရွှေမြန်မာများနှင့် လာရောက်ရန် အသင့်ဖြစ်နေကြသော ရွှေမြန်မာအား သိရှိစေနိုင်ရန် တင်ပြလိုက်ပါသည်။

(၃) အီး(၉)ဗီဇာပြည့် မြန်မာပြည်ပြန်သော မြန်မာအလုပ်သမားများအတွက် သတင်း
အီး(၉)ဗီဇာ ဖြင့် ကိုရီးယားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ပြီး နှစ်ပြည့်၍ ဌာနေပြန်ကြသော မြန်မာအလုပ်သမားများအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြုပ်နှံလုပ်ကိုင်နေသော ကိုရီးယား လုပ်ငန်းရှင်များမှ လုပ်ငန်းကျွမ်းကျင်မှု ၊ ကိုရီးယားစကား တတ်ကျွမ်းနားလည်မှုများရှိသည့် မြန်မာများကို ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်၍ လုပ်ကိုင်လိုကြပါသည်။ သို့ပါ၍ လိုအပ်သော အချက်အလက်များကို ကိုရီးယားရှိ သက်ဆိုင်ရာ ဌာနများက ရယူမည်ဖြစ်ပါသဖြင့် မြန်မာပြည် ပြန်ဖို့ အစီအစဉ် ရှိသူများက ဖြည့်စွက်ရန် Job Application Form ကို စိတ္တသုခ ဘုန်းတော်ကြီးကျောင်းတွင် ရယူနိုင်ပါသည် ။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster