Thursday, April 28, 2011

ပညာပါရမီ ပြည့်စေဖို့ စာကြည့်တိုက်အလှူ ဖြည့်လှူစို့

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည်ပြန်ကြွတုန်း မရောက်တာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းရဲ့ ဇာတိရွာကိုလည်း တရားဟောရင်း အလည်ရောက်ဖြစ်ခဲ့ပါတယ်။ သိတဲ့အတိုင်း ရွာဆိုတော့ လိုအပ်တာတွေကတော့ အများကြီးပေါ့။ လက်တလော စားဝတ်နေရေးအတွက် လိုအပ်တာတွေ ရှိသလို ရေရှည်အကျိုးရှိရေးအတွက် လိုအပ်တာတွေလည်း ရှိနေပါတယ်။ လိုအပ်ချက်တွေ များလွန်းလှတဲ့ ဇာတိရွာကိုကြည့်ပြီး ဘုန်းဘုန်းမှာ စိတ်မကောင်းဖြစ်ရတဲ့အပြင် ကိုယ့်အနေနဲ့ ဘယ်နေရာက ဘယ်လိုအတိုင်းအတာနဲ့ ဖြည့်ပေးရမလဲ ဆိုတာလည်း အမျိုးမျိုး စဉ်းစားရပါတယ်။ လူအတော်များများကတော့ လက်တလော စားဝတ်နေရေး လိုအပ်ချက်အတွက် မျှော်လင့်ကြတဲ့ သဘောရှိပါတယ်။ ဘုန်းဘုန်းအနေနဲ့ကတော့ လက်တလောလိုအပ်တာလည်း တတ်နိုင်သမျှ လုပ်ပေးရင်း ရေရှည်အကျိုးရှိမယ့် လိုအပ်ချက်အတွက်လည်း ပိုပြီးလုပ်ပေးသင့်တယ်လို့ စဉ်းစားမိပါတယ်။

ရေရှည်အတွက်ဆိုတော့ လက်ရှိရွာသူရွာသားတွေရဲ့ အသိပညာပိုင်းက အတော်နိမ့်ကျနေတဲ့ သဘောရှိတာကို တွေ့သိနေရတဲ့ ဘုန်းဘုန်းအနေနဲ့ ဒီပညာရေးအတွက် လိုအပ်ချက်ကို အရင်ဆုံး ဆောင်ရွတ်ပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာမှာရှိတဲ့ တစ်ရွာလုံးရဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး ပဒေသာပင်ဆိုက်ထူပြီး ပညာသင်ဆု ထောက်ပံ့ရေးကို အရင်အကောင်အထည် ဖော်ဖြစ်လိုက်ပါတယ်။ ဒီပဒေသာပင်က ရလာတဲ့ အသီးအပွင့်ကိုလည်း နှစ်စဉ်နှစ်တိုင်း ရွာမှာရှိတဲ့ မူလတန်းလွန်ကျောင်းရဲ့ ကျောင်းသားအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ အယောက်စိ ထောက်ပံ့ပေးဖို့ အကောင်အထည် ဖော်ဖြစ်ခဲ့ပြီး ရွာကနေ အထက်တန်းရောက်လာတဲ့ ကျောင်းသားတွေကိုလည်း တစ်ယောက်မကျန် အညီအမျှ အထောက်အပံ့ပြုကာ ထူးချွန်တဲ့ ကျောင်းသားတွေကိုလည်း ထူးချွန်သလို အထောက်အပံ့ပြုပေးဖို့ စီစဉ်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ဒီပညာရေး ပဒေသာပင် အစီအစဉ်ကတော့ အခုဆို ပုံမှန်လည်ပတ်နေပါပြီ။ ဒါက ပထမတစ်ခေါက် မြန်မာပြည်ပြန်တုန်း ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

အခုတစ်ခေါက် ရွာကိုရောက်ခဲ့တဲ့ အချိန်မှာတော့ အဲဒီပညာရေး ပဒေသာနဲ့ ဆက်စပ်ရာကို လုပ်ပေးရင်း အသိပညာ ဗဟုသုတ ချို့တဲ့လှတဲ့ ရွာသူရွာသားများအတွက် စာကြည့်တိုက်တစ်ခု တည်ထောင်ဖန်တီးပေးဖို့ အစီအစဉ်တစ်ခုပါ ဆောင်ရွတ်ဖြစ်ခဲ့ပါတယ်။ စာကြည့်တိုက် အမည်ကိုတောင်မှ နှစ်သက်ဖွယ်ကို ပေးလှူခြင်းလို့ အဓိပ္ပါယ်ရတဲ့ “မနာပဒါယီ”ဆိုတဲ့ ဘုန်းဘုန်းရဲ့ စာရေးတဲ့ ကလောင်အမည်ကိုပဲ ပေးဖြစ်ခဲ့ပါတယ်။ ဒီစာကြည့်တိုက် မြေနေရာအတွက် ရွာကနေ ရန်ကုန်ကိုပြောင်းသွားတဲ့ ဘုန်းဘုန်းရဟန်းဒကာ မိသားစုက သူတို့ရဲ့ အိမ်ခြံဝင်းကို စာကြည့်တိုက် အကောင်အထည်ဖော်လိုလှတဲ့ ဘုန်းဘုန်းကို လှူကြပါတယ်။ စာကြည့်တိုက် မြေနေရာရလာပြီဆိုတော့ အဆောက်အဦနဲ့ စာအုပ်စာတမ်း စတာတွေအတွက် လိုအပ်လာပြန်ပါပြီ။ ပြီးတော့ လိုအပ်တဲ့ စာကြည့်တိုက် ရံပုံငွေလည်း လိုအပ်လာပြန်ပြီပေါ့။ စာအုပ်စာတမ်းအတွက်ကတော့ ဘုန်းဘုန်းကိုယ်ပိုင်စုထားတဲ့ စာအုပ်တွေကိုက အမျိုးအမည်ပေါင်း သုံးလေးထောင်လောက် ရှိနေတာရယ်၊ ရန်ကုန်မှာရှိတဲ့ တစ်ချို့ဒကာဒကာမတွေကလည်း သူတို့စုဆောင်းထားတဲ့ စာအုပ်တွေကို လှူချင်တယ်လို့ ဆိုတာတွေရယ်ကြောင့် စာအုပ်အတွက်ကလည်း အဆင်ပြေသွားပြီလို့ ဆိုနိုင်ပါတယ်။

အဓိကအကျဆုံးဖြစ်တဲ့ စာကြည့်တိုက် အဆောက်အဦကတော့ အင်အားလည်းကြီးသလို အကုန်အကျလည်း အနည်းဆုံး မြန်မာငွေသိန်း (၂၀)အထက်မှာ ရှိမယ့်သဘောရှိပါတယ်။ ဒီအဆောက်အဦအတွက် ဘုန်းဘုန်းမှာ စဉ်းစားလာရပါပြီ။ မြန်မာပြည်မှာရှိတဲ့ ဒကာဒကာမတွေထံက အလှူခံမယ်၊ ဘုန်းဘုန်းတရားပွဲ ဓမ္မပူဇာလေးတွေနဲ့ စုပေါင်းလိုက်မယ်ဆိုရင် အဆောက်အဦအတွက်က ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းစဉ်းစားမိတာက ဒီစာကြည့်တိုက် အဆောက်အဦအလှူကို ဘုန်းဘုန်းအပါအဝင် ကိုရီးယားရောက် ရွှေမြန်မာတွေရဲ့ အလှူနဲ့ တည်ဆောက်ရင် ကောင်းမလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုစဉ်းစားရတာလဲဆိုတော့ ဘုန်းဘုန်းအပါအဝင် ကိုရီးယားရောက် မြန်မာတွေဟာ ကိုရီးယားနိုင်ငံမှာ အမြဲနေကြမယ့် သူတွေမဟုတ်ကြတဲ့အတွက် နိုင်ငံခြားမှာ ရှိတဲ့အခိုက် လှူထားတဲ့ အမှတ်တရ အလှူအဖြစ် ရှိနေစေချင်တာရယ်၊ ဒီမှာလာပြီး စုဆောင်းရှာဖွေထားတဲ့ သူတို့ရဲ့ ဝတ္ထူကြေးငွေဟာ တကယ့်ကို ဖြူစင်သန့်ရှင်းတဲ့ သမ္မာအာဇီဝကျတဲ့ လုပ်အားခတွေဖြစ်နေလို့ ပညာပါရမီ ဖြည့်ဖို့အတွက် အလိုက်ဖက်ဆုံး အလှူဖြစ်စေတာတွေရယ်ကြောင့်ပဲ ကိုရီးယားရောက် ရွှေမြန်မာများရဲ့ အလှူနဲ့ အကောင်အထည် ဖော်ရင်ကောင်းမလားလို့ စဉ်းစားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအကြောင်းကို ကျောင်းအကျိုးဆောင် ဒကာအချို့ကို ပြောပြတော့ သူတို့ကလည်း အားတက်သရော “အရှင်ဘုရား ဒါဆိုရင်တော့ တခြားမြန်မာတွေလည်း သိရအောင် ဒီအကြောင်းကို အင်တာနက်မှာ ရေးပြီးတင်လိုက်ရင် ကောင်းမယ်ဘုရား၊ သဒ္ဓါတရားရှိတဲ့သူတွေ၊ ပညာပါရမီဖြည့်ချင် သူတွေကတော့ အရမ်းကို စိတ်ဝင်တစားရှိပြီး တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းကြမှာ အမှန်ပဲ ဖြစ်ပါတယ်ဘုရား”လို့ လျှောက်ထားအကြံပြုကြပါတယ်။ ဒါနဲ့ဘုန်းဘုန်းလည်း အများကို အသိပေးတဲ့ အနေနဲ့ အခုလို အင်တာနက်မှာ တင်ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါစို့။ တကယ့်တော့ ဒီစာကြည့်တိုက် အလှူအတွက် အများစုပေါင်းလိုက်ရင် သိန်း (၂၀)ကျော်ဟာ သိပ်ကြီးမားတဲ့ အခက်အခဲ မဟုတ်ပေမယ့် အလှူရဲ့ တန်ဘိုးကတော့ ရေရှည်အတွက် ဖော်မပြနိုင်အောင် အကျိုးရှိမယ့် အလှူပဲ ဖြစ်ပါတယ်။ ပညာမြင့်မှ လူမျိုးတင့်မယ်လို့ ဆိုတဲ့အတိုင်း ပညာရေးအားကောင်းမှ အသိပညာတိုးပွားပြီး လူအဆင့်အတန်းလည်း မြင့်မားလာကြမှာ ဖြစ်တဲ့အတွက် ဒီလိုပညာရေး အထောက်အကူအလှူ လှူဒါန်းမှုဟာလည်း အကောင်းဆုံး ပညာပါရမီတစ်ခု ဖြစ်ကြမယ်ဆိုတာ အထူးပြောစရာ မလိုလှအောင်ပါပဲ။

ဒါကြောင့် ဒီတစ်ခေါက် ဘုန်းဘုန်းမြန်မာပြည် ပြန်တဲ့အခါ ဖွင့်ပွဲလုပ်ဖြစ်မယ့် မနာပဒါယီ စာကြည့်တိုက်အတွက် တစ်နိုင်တစ်ပိုင် ပညာပါရမီ ကုသိုလ်ပါဝင်လိုသူ ကိုရီးယားရောက် ရွှေမြန်မာများ အနေနဲ့ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်ကာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့ အလိုရှိသလို လှူဒါန်းနိုင်ပါကြောင်း စေတနာကောင်းဖြင့် အသိပေးကာ ရိုးသားစွာ ဖိတ်ကြားလိုက်ပါတယ်။ အခုလောလောဆယ် လှူဒါန်းထားသည့် အလှူရှင်များကိုလည်း အများတကာ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

လက်ရှိလှူဒါန်းထားပြီးသူများ
၁။ ဆရာတော် ဦးဝိစိတ္တ = ၃၀၀၀၀၀ (ဝမ်သုံးသိန်း)
၂။ ယုံရှင်းရွှေညီအစ်ကိုများ = ၄၀၀၀၀၀ (ဝမ်လေးသိန်း)
၃။ ဂျီလယန်းရွှေညီအစ်ကိုများ = ၂၀၀၀၀၀ (ဝမ်းနှစ်သိန်း)
၎။ ဝဲဂွန်ရွှေညီအစ်ကိုများ = ၅၀၀၀၀ (ဝမ်ငါးသောင်း)
- အလှူရှင်များကို ဆက်လက်ဖော်ပြပေးပါမည်။


ဆက်သွယ်ရန် =
ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ) – 010 – 3787 – 9693
ကိုရွှန်းဝင့်နွယ် - 010 – 5132 - 5299

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster