Tuesday, February 15, 2011

စိတ္တသုခ လူမှုကူညီရေး အသင်း ဖွဲ့စည်းတည်ထောင်မည်

အခြေအနေ လိုအပ်ချက်အရ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင်၍ “စိတ္တသုခ လူမှုကူညီရေးအသင်း (ဒယ်ဂူး၊ ကိုရီးယား)” ကိုဖွဲ့စည်းတည်ထောင်မည် ဖြစ်ပါသည်။ မိမိတို့တစ်နိုင်တစ်ပိုင် အနေဖြင့်လည်း ပရဟိတ အလှူလေးများကို ပေးလှူနေကြမြဲ ဖြစ်သော်လည်း အသင်းအဖွဲ့ အနေဖြင့် စည်းလုံးညီညွတ်စွာ ပေးအပ်လှူဒါန်းနိုင်လျှင် ပိုမိုကောင်းမွန် ခန့်ငြားနိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ လူမှုကူညီရေး အသင်းအဖွဲ့လေးကို ဖွဲ့စည်းကြရခြင်း ဖြစ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လွတ်လပ်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး အတွက်သာ အဖွဲ့အစည်း တစ်ခုအနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် မည်သည့်အသင်းအဖွဲ့မျာနှင့်မျှ အပြိုင်အဆိုင် တိုက်ခိုက်မှုများရှိမည် မဟုတ်သကဲ့သို့ ဆရာတော်၏ စိတ္တသုခ ကျောင်းအကျိုးဆောင် အဖွဲ့နှင့်လည်း သီးသန့်ခွဲထွက်ကာ ကျောင်းအကျိုးဆောင်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် အင်အားများကို ယုတ်လျော့သွားစေမည့် အသင်းလည်း မဟုတ်ကြောင်း အတိအလင်း သိစေအပ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေး အသင်းဖြစ်သဖြင့် ဆရာတော်အနေဖြင့် ဦးဆောင်မှုကိုသာ ပေးမည်ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရေးကိုကား လူပုဂ္ဂိုလ်များကသာ လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ သို့သော် ယခု လောလောဆယ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နေရာပေးထားခြင်း မရှိသေးဘဲ ဘဏ္ဍာငွေ ထိန်းသိမ်းရေး အပိုင်းတွင်သာ ဆရာတော်၏ ညွန်ကြားချက်အရ ကိုဇေယျာတင့်နှင့် ကိုကျော်ကျော်မင်းတို့အား ယာယီအားဖြင့် ပေးအပ်ထားမည် ဖြစ်ပါသည်။ နောက်ပိုင်း အသင်းအထိုင် ကျလာသည့် အခါမှသာ သင့်လျော်သည့် ပုဂ္ဂိုလ်များကို လွဲပြောင်းပေးအပ် တာဝန်ယူစေမည် ဖြစ်ပါသည်။

မကြာမီ အဦးဆုံး မတည်လှူဒါန်းသူများဖြင့် အသင်းရံပုံငွေ ပေးအပ်ပွဲလှူဒါန်းပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြမည် ဖြစ်ပါသည်။ ဤအသင်းသည် စိတ်ပါဝင်စားသူများဖြင့် စတင်တည်ထောင်ခြင်း ဖြစ်သဖြင့် ယခုလောလောဆယ်တွင် မည်သူပါဝင်ရမည်၊ မည်ရွေ့မည်မျှ ထည့်ဝင်ရမည် ဟူသည် မရှိသေးဘဲ မိမိတို့၏ စိတ်ဆန္ဒ သဘောအတိုင်းသာ တတ်နိုင်သမျှ ထည့်ဝင်နိုင်ကြမည် ဖြစ်ပါသည်။ အသင်းနဲ့ ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်လေးလံမှု မဖြစ်စေဘဲ စိတ်ပါဝင်စားသူများ၏ အတူတကွ ပူပေါင်း ပါဝင်လာရေးကိုသာ အထူးမျှော်လင့်ပါသည်။ သို့သော် ကူညီထောက်ပံ့သည့် အခါတွင်ကား စိတ်ပါဝင်စားသူဖြစ်စေ၊ မဝင်စားသူဖြစ်စေ၊ အသင်းအလှူငွေ ထည့်ဝင်ထားသူဖြစ်စေ၊ မလှူထားသူဖြစ်စေ လူမှုရေး အကူအညီလိုအပ်သည့် မြန်မာမှန်သမျှ မည်သူ့ကိုမဆို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေးအတွက်ကိုသာ ဦးတည်ထားသည့် အသင်းဖြစ်ပြီး လူမှုရေး အကူအညီ လိုအပ်သူ မည်သူ့ကိုမဆို ပုဂ္ဂိုလ်ရေး ခွဲခြားမှုမရှိဘဲ တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးမည် ဖြစ်သဖြင့် အမှန်ပင် ပရဟိတဆန်သည့် အသင်းတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ ပင်ပင်ပန်းပန်း ရှာဖွေထားသည်များမှ စစ်မှန်သည့် ပရဟိတစိတ်ထားဖြင့် တတ်နိုင်သမျှ ကုသိုလ်ပါဝင် လှူဒါန်းလိုသူများသည် ဤအသင်း၏ ယာယီဘဏ္ဍာရေး ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဆက်သွယ်ကာ အတူတကွ ကူသိုလ်ယူ ပါဝင်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ဘဏ္ဍာငွေထိန်းသိမ်းရေး တာဝန်ခံများ (ယာယီ)
ကိုဇေယျာတင့် (010-9838-1986)
ကိုကျော်ကျော်မင်း (010-2945-8338)

*** အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက် အကြမ်းကိုလည်း စိတ်ပါဝင်စားသူများ လေ့လာသိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

အသင်းအမည်
စိတ္တသုခ လူမှုကူညီရေး အသင်း (ဒယ်ဂူး၊ ကိုရီးယား)

အသင်း၏ရည်ရွယ်ချက်
ဤအသင်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားရောက် မြန်မာများနှင့် ပြည်တွင်းရှိ မြန်မာများ၏ လူမှုကူညီရေး လိုအပ်ချက်များအား စွမ်းနိုင်သမျှ ထောက်ပံ့ကူညီ လှူဒါန်းပေးသွားရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ဒယ်ဂူးမြို့အနီးဝန်းကျင်ရှိ မြန်မာများနှင့် ထို့ထက်ကျယ်ကျယ်ပြန့်ပြန့် အနေဖြင့် ကိုရီးယားနိုင်ငံ တစ်ဝှန်းရှိ မြန်မာများ၏ လူမှုကူညီရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ထောက်ပံ့ကူညီ ပေးသွားရန် ရည်ရွယ်ထားပြီး ရံပုံငွေ အနေအထားအရ အခါအားလျော်စွာ မြန်မာပြည်ရှိ လူမှုကူညီရေး အထောက်အပံ့ လိုအပ်ရာနေရာများနှင့် ရုတ်တရက် ပေါ်ပေါက်လာနိုင်သည့် သဘာဝဘေး အန္တရာယ် ကျရောက်ရာ နေရာများသို့လည်း ပေးပို့လှူဒါန်း ထောက်ပံ့ ပေးသွားရန် ရည်ရွယ်ပါသည်။

အသင်း၏ လုပ်ဆောင်ချက်
(၁) ရှေးဦးစွာ အသင်း၏ ဘဏ္ဍာရေး ရံပုံငွေ တောင့်တင်းခိုင်မာရေးအတွက် ကြိုးစားဆောင်ရွက်ခြင်း
(၂) ရံပုံငွေ အထိုက်အလျောက် ပြည့်စုံလာသည့်အခါ ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်ရှိ မြန်မာများ၏ လူမှုအကူအညီ လိုအပ်ချက်များကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း
(၃) ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်တွင် လူမှုအကူအညီ မလိုအပ်သေးပါက ကိုရီးယားနိုင်ငံ တဝှန်းရှိ လူမှုကူညီရေး လိုအပ်လျက်ရှိသည့် မြန်မာများ၏ လိုအပ်ချက်ကို အများသဘောတူညီချက်နှင့် အညီ “စိတ္တသုခ လူမှုကူညီရေး အသင်း (ဒယ်ဂူး)“ ဟူသော အမည်ဖြင့် ထောက်ပံ့ကူညီ လှူဒါန်းပေးခြင်း
(၄) အသင်း၏ ရံပုံငွေအနေအထားအရ အခါအားလျော်စွာ မြန်မာပြည်တွင်းရှိ လူမှုအကူအညီ လိုအပ်ရာ နေရာများသို့ တတ်နိုင်သမျှ ပေးပို့လှူဒါန်းပေးခြင်း
(၅) မြန်မာပြည်တွင် ရုတ်တရက် သဘာဝ ဘေးအန္တရာယ် တစ်ခုခု ပေါ်ပေါက်လာပါက အသင်းအနေဖြင့် အလျင်အမြန် လူမှုအကူအညီများ ပေးပို့လှူဒါန်းပေးခြင်း
(၆) အသင်းအနေဖြင့် စိတ္တသုခ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့နှင့်လည်း အတူတကွ လက်တွဲကာ ဘာသာရေး၊ သာရေး၊ နာရေး၊ လူမှုရေး၊ ကုသိုလ်ရေးများကို ပါဝင်ဆောက်ရွက်ပေးခြင်း

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster