Showing posts with label လစဉ်ဟောကြား မြတ်တရား. Show all posts
Showing posts with label လစဉ်ဟောကြား မြတ်တရား. Show all posts

Monday, July 30, 2012

ဂျူလိုင်လ အလှူတော်ပွဲ မှတ်တမ်းပုံရိပ်များ

ဒီတစ်ပတ်ရဲ့ ဓါတ်ပုံလေးများကိုတော့ ကြယ်ပွင့်လေးများရဲ့ ဒိုင်ယာယီလို့ နာမည်ပေးထားလိုက်ချင်ပါတယ် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ အလှူပွဲ မှတ်တမ်း ပုံရိပ်လေးတွေ ဖြစ်ပါတယ် ၊ 

(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း
(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း
(၄) အနဂ္ဂဟိတဒါန= လှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြား မထိပါးစေဘဲ လှူဒါန်းခြင်း ၊

 စတဲ့ သူတော်ကောင်းတို့ ဒါနပြုရာ မှာ ကျင့်သုံးတဲ့ သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် နဲ့ ကိုက်ညီစွာ လှူဒါန်းခဲ့ကြတာကို မြင်တွေ့ကြရပါတယ် ။ အဲဒါကြောင့်ပဲ သာဓု အကြိမ်ကြိမ်ခေါ်ရင်းနဲ့ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်ဗျာ..

READ MORE......

Monday, July 9, 2012

လစဉ်တရားပွဲ နှင့် အလှူတော်ပွဲ ဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ လစဉ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများကို ကျင်းပလာခဲ့ပြီး ယခု ဂျူလိုင်လ (၁၅) ရက်နေ့မှာလည်း လစဉ်တရားပွဲနှင့် အလှူတော်ပွဲကို ကျင်းပဦးမှာ ဖြစ်ပါတယ် ။ 

 ဒီတစ်ပတ် အကျွေးအမွေးအတွက် ကုသိုလ်ယူ လှူဒါန်းကြမည့်သူများကတော့ ဆုံဆောစက်မှုဇုန် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) မှ ညီငယ်လေးများ ဖြစ်ပါတယ် ၊ အရင်ကတော့ ကျနော်တို့ စိတ္တသုခကျောင်းတော်ကနေ ပြုလုပ်တဲ့ ကုသိုလ်ရေး လုပ်ငန်းတွေမှာ တစ်ဦးချင်းစီ အလျဉ်းသင့်သလို ပါဝင်နေရာကနေ အခုတစ်ကြိမ်မှာတော့ စက်ရုံတစ်ရုံတည်းက သူငယ်ချင်းတွေ တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းပြီး အဟာရဒါန ကုသိုလ်ပြုကြမှာ ဖြစ်ပါတယ် ။ အခုလိုမျိုး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် နဲ့ ကုသိုလ်ရေးကိစ္စတွေမှာ ပါဝင်လာကြတာကို ကျနော်တို့ စိတ္တသုခ အကျိုးတော်ဆောင်များနဲ့ အဖွဲ့သားများ အားလုံးက ကျေးဇူးတင်စွာနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ် ။ 

အဲဒီညီငယ်လေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဇင်ကိုအောင် နဲ့ တွေ့တုန်းလေး အခိုက်မှာ ကျနော်က “ညီရေ အလှူပွဲအတွက် ဘယ်လိုလုပ်ချင်တုန်း” လို့မေးကြည့်တော့ ၊ သူက “ အကိုရေ သူငယ်ချင်းတွေ များများလာအောင်လည်း ဖိတ်ပေးပါ ၊ ကောင်းကောင်းလေးလဲ ကျွေးမွေးချင်တယ် “ လို့ ပြောပါတယ် ၊ ကဲဒါဆိုရင် သူတို့ရဲ့ စေတနာကို ကျနော်တို့ ခန့်မှန်းလို့ရပြီပေါ့ ။ တကယ်တန်းမှာတော့ အလှူပွဲ လုပ်တဲ့ အခါတိုင်းမှာ အလှူရှင်တွေက ခါတိုင်းတွေထက် ပိုပြီးတော့ ကောင်းမွန်အောင် ၊ သစ်ဆန်းခမ်းနားအောင် စီစဉ်လှူဒါန်းခဲ့ကြတာချည်းပါပဲ ။

အဲဒါကြောင့်ပဲ တစ်ကြိမ်နဲ့တစ်ကြိမ် အစားအသောက် ပုံစံတွေထပ်မနေအောင်လို့ ဒီတစ်ကြိမ်မှာတော့ ပလာတာနဲ့ ကြက်သားဟင်းကို ကျွေးမွေးဖို့ စီစဉ်ထားပါတယ် ၊ ပလာတာရိုက်တတ်ဖို့ ဆိုတာကလည်း ကျွမ်းကျင်မှု လိုသေးတော့ စက်ရုံတော်တော်များများမှာ ကိုယ့်ဖာသာ လုပ်စားဖို့က မလွယ်ဘူးမဟုတ်လား ။ အခုလုပ်မယ့် ပလာတာကတော့ ကျနော်တို့ အကြိမ်ပေါင်းများစွာ စားဖူးပြီးသား မုန့်ဆရာရဲ့ လက်ရာမို့ မုန့်သားချည်းပဲ စားရင်တောင် အရသာရှိနေတာမျိုးပါ ။ ဒီလောက်ဆို ညွှန်းတာလေးတွေ တော်လောက်ပြီထင်ပါရဲ့ ။

ကျနော်တို့ရဲ့ အတွေးအကြံ အပြောအဆို အပြုအမူ လေးတွေကို upgrade လုပ်နိုင်ဖို့အတွက် တရားတော် နာယူဖို့ ၊ စားရခဲပြီး အရသာရှိလှတဲ့ အစားသောက်တွေကို သုံးဆောင်ဖို့ ၊ အလေးအမြတ်ထားပြီး ဖိတ်ကြားထားတဲ့ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ ဖိတ်ကြားချက်တွေကို အသိအမှတ်ပြုနိုင်ဖို့ တို့အတွက် ကြွရောက်ခဲ့ကြပါဦးလို့ အထူးတလည် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား 

နေ့ရက် = ၁၅ - ၇ -၂၀၁၂ (တနင်္ဂနွေနေ့ ) 

ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ 

တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀ 

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း 

အစားအသောက် = ကြက်သားပလာတာ ၊ လက်ဖက်ရည် ၊ ဖျော်ရည်အေးမျိုးစုံ ၊ ဖရဲသီးနို့အေး သဘာဝ ဖျော်ရည်

READ MORE......

Thursday, June 7, 2012

တိပိဋကဓရ ဆရာတော်အား ပူဇော်ပွဲနှင့် အထူးတရားပွဲ မှတ်တမ်းပုံများ


ကုသိုလ်အမှု (၁၀)ခု ရှိတယ်လို့ ကျနော်ဖတ်ဖူးခဲ့ပါတယ် ၊ အဲဒါတွေကတော့

(၁) ဒါနကုသိုလ် ---------------- စွန့်ကြဲ...ပေးကမ်းလှူဒါန်းခြင်း
(၂) သီလကုသိုလ် -------------- မိမိကိုယ်နှင့် နှုတ်ကို အပြစ်ကင်အောင်စောင့်စည်းခြင်း
(၃) ဘာဝနာကုသိုလ် ----------- တရားအာထုတ်ခြင်း
(၄) အပစာယနကုသိုလ် -------- ရိုသေထိုက်သူကို ရိုသေခြင်း
(၅) ဝေယျာဝစ္စကုသိုလ် --------- သူတစ်ပါး၏ အပြစ်ကင်းတဲ့ ကိစ္စကြီးငယ်ကို လုပ်ကိုင်ပေးခြင်း
(၆) ပတ္တိဒါနကုသိုလ် ------------ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေခြင်း
(၇) ပတ္တာနုမောဒနကုသိုလ် ----- သူတစ်ပါးကုသိုလ်ပြုက ၀မ်းမြောက်ခြင်း
(၈) ဓမ္မဿဝနကုသိုလ် ---------- တရားနာခြင်း၊ ဘာသာရေးစာပေများ ဖတ်ရှုခြင်း
(၉) ဓမ္မဒေသနာကုသိုလ် --------- တရားဟော၊ တရားပြ၊ စာချခြင်း
(၁၀) ဒိဋ္ဌိကမ္မကုသိုလ် ------------ အယူကို ဖြောင့်မှန်အောင်ယူခြင်း တို့ပါပဲ ၊

အဲဒီအထဲကမှ ကုသိုလ် (၈) မျိုးလောက်ကို ကျနော်တို့ ပြုဖြစ်ခဲ့ကြပါတယ် ၊ “ဒေဂူးက မြန်မာတွေ စည်းလုံး ညီညွတ်ကြတယ် ဆိုတာ ကြားရပါတယ်” ဆိုတဲ့ တိပိဋကဓရ ဆရာတော် ဘုရားကြီးရဲ့ ချီးကျူးစကားကလည်း ကျနော်တို့ စိတ္တသုခ အဖွဲ့သားတွေကို ရှေ့ဆက်ပြီး ကုသိုလ်ရေးတွေ အရှိန်မပျက် လုပ်နိုင်ဖို့အတွက် အားတက်စေပါတယ် ၊ လူတွေဟာ ကိုယ့်သမိုင်းကိုယ် ရေးကြတယ်တဲ့ ၊ သမိုင်းဆိုတာ သင်္ခန်းစာ ယူစရာတွေရှိသလို ဂုဏ်ယူစရာတွေလည်း ရှိတတ်တယ် မဟုတ်ပါလား ၊ ကျနော်တို့သမိုင်းရဲ့ ဟောဒီ အချိန်ကာလ လေးကို ကြည့်မယ်ဆိုရင် အမျိုးဘာသာ သာသနာအတွက် ကိုယ်စွမ်းနိုင်သလောက် လုပ်ခဲ့ကြတာ ဂုဏ်ယူစရာပါ ၊ Every picture tells a story ဆိုတဲ့ စကားလေးတစ်ခု ရှိတယ် ၊ ဟောဒီပုံလေးတွေက ကျနော်တို့သမိုင်းရဲ့ လှပတဲ့ တစိတ်တဒေသကို ပြောပြနေမှာကတော့ အသေအချာပါပဲ..

READ MORE......

Tuesday, June 5, 2012

တိပိဋကဓရ ၊ တိပိဋကကောဝိဒ ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ အားပူဇော်ပွဲနှင့် အထူးတရားပွဲ အလှူရှင်များစာရင်း တင်ပြခြင်း

ကိုရီးယားနိုင်ငံ ဒေဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း မှာ တိပိဋကဓရ ၊ တိပိဋကကောဝိဒ ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ အားပူဇော်ပွဲနှင့် အထူးတရားပွဲကို (၃-၆-၂၀၁၂) နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ၊ ထူးခြားပြီး အနှစ်သာရ ရှိလှတဲ့ တရားတော်ကိုလည်း နာယူခဲ့ကြရပါတယ် ၊ ကျနော်တို့ ရင်ထဲမှာ သဒ္ဓါ ၊ ဟီရိ ၊ သြတပ္ပ ၊ ဗဟုသုတ ၊ ၀ီရိယ ၊ သတိ ၊ ပညာ တို့ကိုဖြည့်ဆည်းပြီး ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်မှုအတွက် ခံတပ်တွေ ကိုယ်စီ ဆောက်နိုင်ခဲ့ကြပြီ မဟုတ်ပါလား ၊ 

(၁) တရားနာသူသည် မကြားဘူးသေးသော တရားကို ကြားနာရခြင်း 
(၂) ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာ သိရရှိရခြင်း 
(၃) ယုံမှားသံသယ ကင်းရှင်းခြင်း 
(၄) အယူအဆ ဖြောင့်မှန်ခြင်း 
(၅) စိတ်ကြည်လင်ခြင်း-ဟူသော 

တရားနာကြားခြင်း၏ အကျိုး ၅-ပါးကိုလည်း ရခဲ့ကြပြီ ဖြစ်ပါတယ် ၊ သို့အတွက်ကြောင့် ကျေးဇူးတင်ထိုက်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုခဲ့ပါတယ် .. 

ပထမဦးစွာ ကြွရောက်ချီးမြှောက်ပေးတော်မူသော တိပိဋကဓရ ၊ တိပိဋကကောဝိဒ ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ ၊ ဆိုးလ်မြို့ ဗိုရိဆု (보리수-ဗောဓိ) ဝိပဿနာ တရားရိပ်သာ ပဓာန နာယကဆရာတော် ဦးဗုဒ္ဓရက္ခိတ နှင့် ပူဇော်ပွဲ ဖြစ်မြောက်အောင် စီစဉ် ပင့်လျှောက်ပေးတော်မူသော ဒေဂူး စိတ္တသုခကျောင်းဆရာတော် အရှင် ၀ိစိတ္တ တို့အား ကျေးဇူးတင်ရှိစွာဖြင့် ရှိခိုး ဦးတင် အပ်ပါတယ်ဘုရား ။ 

ထို့ပြင် မိဘနှစ်ပါး အမှူးထား၍ အရသာရှိလှသော စားသောက်ဖွယ်ရာ စုံလင်စွာ တို့ကို ဆက်ကပ်လှူဒါန်း ကျွေးမွေးခဲ့သော ကိုဖြိုးေ၀၀င်း အားလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါတယ် ။ 

၎င်းနောက် အထူးတလည် လာရောက် ကူညီခဲ့သော ကိုဝိုင်း (မိုးညှင်း) အားလည်းကောင်း 

ကူညီပြင်ဆင်လုပ်ကိုင် ပေးခဲ့ကြသော ဆရာ ဆရာမတို့အားလည်းကောင်း 

ဝေယျာဝစ္စ ကူညီလုပ်ကိုင်ပေးခဲ့ကြသော စိတ္တသုခ အဖွဲ့သားများ အားလုံးကိုလည်းကောင်း 

အနယ်နယ်အရပ်ရပ်မှ ကြွရောက်၍ တရားနာယူကြကုန်သော ဧည့်ပရိဿတ် အပေါင်းတို့အား လည်းကောင်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုအပ်ပါတယ် ။ 

ဆက်လက်ပြီး သာဓုခေါ်ယူ စိမ့်သောငှာ အလှူရှင်များစာရင်းကိုလည်း ဆက်လက် တင်ပြအပ်ပါတယ် 
 
စဉ်

အလှူရှင်
အလှူငွေ (သောင်း)

ဦးမင်းနိုင် + မအေးယုနွယ်
ကိုဘုန်းနိုင် နှင့် ဇနီး
ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင်
ကိုကျင်စိန်
ကိုဝင်းနိုင်ဦး + မကြူကြူမော်မိုးမြင့်
ကိုမျိုးညွန့်သိန်း + မသဇင်ငြိမ်း
ကိုဇော်မင်း + မနီလာမြင့်ကျော်
ကိုကျော်သက်ဦး
ကိုစိုးမိုးနိုင်
၁၀
ကိုလေးနိုင်
၁၁
ကိုနေမျိုးအောင်စိုး
၁၂
ကိုသော်တာမင်း + မမေသူအောင်
၁၃
ကိုသက်နိုင် + မသင်းသင်းဋ္ဌေး
၁၄
ကိုဇော် ( ဒယ်ဟန်း)
၁၅
ကိုဋ္ဌေးအောင်
၁၆
ကိုဝင်းနိုင်လတ် (ကယားလေး)
၁၇
ကိုဇော်မင်းလေး
၁၈
ကွယ်လွန်သူ ဖခင်ကြီးအားရည်စူး၍ သား ကိုတင်ညွန့်
၁၉
ကိုဟန်လင်းစိုး
၂၀
ကိုဋ္ဌေးအောင်ခိုင်
၂၁
ကိုဇော်မျိုးဝင်း ( အရုပ်သည်)
၁၀
၂၂
ကိုကိုနိုင်
၂၃
ကိုဝေဠုဇော်
၂၄
ကိုကျော်ကျော်မင်း
၂၅
ကိုဘိုဘို
၂၆
ဒါဆန်းညီအစ်ကိုများ ( လစဉ်အလှူငွေ )
၃၃
၂၇
ကိုဝိုင်း (မိုးညှင်း)
၂၈
ကိုဇေယျာတင့်
၂၉
JUNG AUNG ညီအစ်ကိုများ
၃၀
ကိုဘိုဘိုနိုင်
၃၁
ကိုသန်းဋ္ဌေး
၃၂
ကိုစိုး
၃၃
ကိုကျော်ဇော်အောင်
၃၄
ကိုအောင်ဇော်မင်း
၃၅
ကိုကျော်ဝင်းနိုင်
၃၆
박수경 + 북자
၃၇
ကိုဝေလင်းအောင်
၃၈
ကိုဘုန်းနိုင် + ကိုဖြိုးေ၀၀င်း + ကိုအေးမင်းစိုး + ကိုကျော်ဝင်းနိုင် + ကိုကျော်သန်း ( လစဉ်အလှူငွေ )
၂၀
၃၉
ကိုဟန်ဝင်းသူ ( ရှမ်းလေး )
၄၀
ကိုမျိုးမင်းသန်း
၄၁
ကိုဆန်းထွန်းနိုင်နှင့် သူငယ်ချင်းများ
၄၂
ကိုမောင်မောင်
၄၃
ကိုထွန်းထွန်းလတ်
၄၄
ကိုတင်မျိုးအောင်
၄၅
ကိုထွန်းထွန်းလင်း
၄၆
ကိုကျော်သူရ + ကိုညီညီအောင်
၄၇
ကိုမျိုးမြင့်အောင်
၄၈
ကိုဗိုလ်လင်း
၄၉
ကိုမြတ်မိုးအောင်
၅၀
ကိုမျိုး
၅၁
ကိုကျော်စွာမင်း
၁၀
၅၂
ကိုဝင်းသန်း
၅၃
ကိုနေဇင်အောင်
၅၄
ကိုကျော်ဋ္ဌေး
၅၅
ကိုဇေကြီး
၅၆
ကိုလင်းလင်းစိုး
၅၇
ကိုချန်ဒူးဝမ်
၅၈
ကိုသူရအောင် ( STAR LIGHT ) မြန်မာဆိုင်
၅၉
ကိုဇေယျာအောင်
၆၀
ကိုချစ်လင်းအောင်
၆၁
ကိုဇင်ကိုအောင်




စုစုပေါင်း ( ၂၇၄,၀၀၀၀ ၀မ် )
၂၇၄
 

အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ ၍ ကုသိုလ်တရား များများစုဆောင်း နိုင်ကြပါစေ..

READ MORE......

Tuesday, June 21, 2011

လစဉ်ဟောကြား မြတ်တရား (၅)

မျှော်လင့်ချက်ထား မိဘများ
ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့ သူငယ်ချင်းများ ဝိုင်းဝန်းချက်ပြုတ်ပေးတဲ့ အထူးစပါယ်ရှယ် မြန်မာထမင်းဟင်းများနဲ့ လှူဒါန်းကျွေးမွေး ဧည့်ခံပေးဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုကလည်း ပူတဲ့အချိန်ကို တဖြည်းဖြည်း ပြောင်းလာနေတာဆိုတော့ အပူထဲက ရောက်လာတဲ့ ဧည့်သည်တွေကို ကျောင်းရိပ်ကန်ရိပ် ဓမ္မရိပ်နဲ့ အေးမြစေခဲ့သလို အရသာရှိရှိ ချက်ပြုတ်ထားတဲ့ အစားအစာတွေကလည်း စားသုံးသူတွေကို တစ်ပွဲပြီးတစ်ပွဲ နွဲစေခဲ့ပါတယ်။ ဒါနရဲ့ပီတိ၊ ဓမ္မရဲ့ ပီတိတွေနဲ့ အလှူရှင်များနဲ့ စိတ္တသုခ အဖွဲ့သားများဟာ မိမိတို့နားရမယ့် တနင်္ဂနွေနေ့ကို ကုသိုလ်တွေနဲ့ အဆုံးသတ်စေခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်လတစ်ကြိမ် တရားပွဲဆိုပေမယ့် ဖခင်ကြီးကို ရည်စူးပြီး လှူဒါန်းတဲ့ ဒါနရှင်များကလည်း ပါနေတဲ့အတွက် အားလုံးမှတ်သားစေနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ကာ “မျှော်လင့်ချက်ထား မိဘများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ်ဟောကြား မြတ်တရားအဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဒီတရားခေါင်းစဉ်လေးကို ပေးရတာက တရားနာပရိတ်သတ်တွေထဲမှာ မိဘဖြစ်ပြီးသူတွေ၊ ဖြစ်ခဲ့သူတွေပါနေသလို ဖြစ်မယ့်သူတွေ ပါနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မိဘနဲ့သားသမီးကြားမှာ ရှိသင့်တဲ့ ဝတ္တရားလေးတွေ ဖြည့်ပေးစေချင်တဲ့ အရာလေးတွေကို သတိပြု ဆင်ခြင်နိုင်ဖို့နဲ့ ဖြည့်နိုင်သလောက် ဖြည့်ပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာပဲပြောပြော၊ ဘယ်လိုပုံစံပဲ ဖြစ်နေဖြစ်နေ မိဘဟာ မိဘပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မိဘတွေကြားမှာ မဆိုစလောက်လေးတွေက မိဘဝတ္တရားတွေ ပျက်ကွက်မှု ရှိနိုင်ပေမယ့် ကိုယ့်ကိုလူ့လောကကို ရောက်စေခဲ့တာ တစ်ခုတည်းနဲ့ကိုပဲ မိဘတွေရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မိဘတွေရဲ့ ကျေးဇူးကို အကုန်ကျေအောင် မဆပ်နိုင်ပေမယ့် မိဘတွေ မျှော်လင့်တတ်တဲ့ မျှော်လင့်ချင်လေးတွေတော့ တတ်နိုင်သမျှ ပြုစုဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးတာ၊ ကျေးဇူးသိတတ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့လည်း ညီညွတ်နေတာဖြစ်ပါတယ်။ မင်္ဂလသုတ်တော်မှာ မြတ်စွာဘုရားရှင်က “မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော” စသဖြင့် ဟောကြားတော်မူထားတာ ရှိပါတယ်။ မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာဖြစ်ပြီး သားမယားကို ထောက်ပံ့ပေးခြင်းဟာလည်း မင်္ဂလာဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ကာ မိဘအပေါ် တာဝန်ကျေတဲ့သူ၊ သားမယားအပေါ် တာဝန်ကျေတဲ့သူဟာ မင်္ဂလာရှိတဲ့သူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီနေရာမှာ ပြောလိုတဲ့ မျှော်လင့်ချက်ထား မိဘများဆိုတာ မိဘတွေ မျှော်လင့်တတ်ကြတဲ့ မျှော်လင့်ချက်လေးများအကြောင်း ပြောချင်တာဖြစ်ပါတယ်။ မိဘဆိုတဲ့ သဘောက သားသမီးတွေအပေါ်မှာ မိမိတို့အတွက် အရမ်းကြီးမျှော်လင့်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဘယ်မိဘမဆို သားသမီးတွေအနေနဲ့ ဒို့အပေါ်မှာ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒီလိုလေး ဖြည့်ပေးရင် ကောင်းမှာပဲ စတဲ့တောင့်တမှု သဘောသက်သက် လေးလောက်ပဲ ဖြစ်ပါတယ်။ ဒီတောင့်တချက်လေးတွေ၊ မျှော်လင့်ချက်လေးတွေ မဖြည့်ပေးလို့၊ မလုပ်ပေးလို့ သားသမီးတွေအပေါ်မှာ မေတ္တာပျက်တာ၊ စေတနာ ပျက်တာဆိုတာ မိဘတွေမှာ မရှိပါဘူး။ မျှော်လင့်တယ်၊ တောင့်တတယ်ဆိုတာကတော့ စိတ်ရှိတဲ့သူတိုင်း၊ ရင်ထဲမှာ ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ သဘောမျိုးလေးကို ဗုဒ္ဓစာပေတွေမှာ မိဘတို့ရဲ့ မျှော်လင့်ချက်များ အနေနဲ့ ဖွင့်ဆိုရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ စာပေအဖွင့်တွေအရ မိဘများရဲ့ သားသမီးတွေ အပေါ်မှာ မျှော်လင့်တောင့်တတတ်တဲ့ မျှော်လင့်ချက် (၅)မျိုး ရှိပါတယ်။ အဲဒီငါးမျိုးက

၁။ ငါတို့ရဲ့ သားသမီးတွေဟာ ငါ့တို့အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ တစ်ခါပြန်ပြီး ပြုစုလုပ်ကျွေးကြလိမ့်မယ်
၂။ ငါတို့ရဲ့ အမှုကိစ္စတွေကို ပြုလုပ်ပေးကြလိမ့်မယ်
၃။ ငါတို့ရဲ့ အမွေကို ဆက်ခံကြလိမ့်မယ်
၎။ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ထိန်းကြလိမ့်မယ်
၅။ ငါတို့သေပြီးနောက်မှာ ငါ့တို့အတွက် ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေပေးကြလိမ့်မယ်
ဆိုတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီတောင့်တချက် (၅)မျိုးဟာ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လို့ ဆိုပေမယ့် သားသမီးတွေဘက်က ကြည့်ရင် သားသမီးဝတ္တရား (၅)မျိုးပဲ ဖြစ်ပါတယ်။ အားလုံးရဖူးပြီးသားဖြစ်တဲ့ သားသမီး ဝတ္တရားငါးပါး ဆောင်ပုဒ်လေးကို ပြန်ဆိုကြည့်မယ်ဆိုရင် “ကျွေးမွေးမပြတ်၊ ဆောင်ရွတ်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ” ဆိုတဲ့ သားသမီးဝတ္တရား ငါးချက်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သားသမီးဝတ္တရား ငါးပါးကို ပြည့်စုံအောင် ပြုလုပ်ဖြည့်ဆည်းပေးတဲ့သူ၊ သားသမီး ဝတ္တရားနဲ့အညီ နေထိုင်နေတဲ့သူဆိုရင် မိဘတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ပေးနေတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ မိဘတွေတောင့်တတဲ့ မျှော်လင့်တောင့်တချက်ကို ဖြည့်ပေးနေသူဆိုရင် သားသမီးဝတ္တရား ကျေပွန်နေပြီး မိဘကျေးဇူးကို ဆပ်နေသူတွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါကြောင့် မိဘကျေးဇူးကို ဆပ်ချင်သူတွေ၊ မိဘတွေရဲ့ တောင့်တချက်ကို ဖြည့်ချင်သူတွေဟာ အထွေအထူး ဟိုဟိုဒီဒီ စဉ်စားစရာမလိုဘဲ သားသမီးဝတ္တရား ငါးပါးကိုသာ ကျေပွန်အောင် ကြိုးစားနေရုံနဲ့ လောကဝတ်တွေကို ကျေပွန်စေကာ ကျေးဇူးတရား ဆပ်နေသူများအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက သားသမီးဝတ္တရာငါးပါး၊ တစ်နည်းအားဖြင့် မိဘတို့မျှော်လင့်ချက် ငါးပါးထဲက မိဘတွေရဲ့ အမွေဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အမွေဆိုတဲ့နေရာမှာ ကောင်းမွေတွေကို ဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းတယ်ဆိုရာမှာ အိမ်ထောင်သားမွေးပြီး သားသမီးတွေ အများကြီးနဲ့ လူသားမျိုးဆက် တိုးပွားစေဖို့ထက် သူတော်ကောင်းစိတ်ဓာတ်၊ ကောင်းမြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ သူတော်သူမြတ် အမျိုးဇာတ်တွေဖြစ်အောင် စောင့်ထိန်းဖို့ကို ဆိုလိုတယ်ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုပါတယ်။ မိဘတွေ အစဉ်အဆက် လှူဒါန်းခဲ့တဲ့ ကောင်းမှုအမွေတွေ၊ မိဘတွေ အစဉ်အဆက် ထိန်းခဲ့တဲ့ ကိုယ်ကျင့် သိက္ခာကောင်းတဲ့ အမျိုးဇာတ်တွေကို ဆက်ခံထိန်းသိမ်း စောင့်ရှောက်မှုမျိုး တွေကိုသာ မွေခံထိုက်စေ၊ စောင့်လေမျိုးနွယ်လို့ ဆိုလိုတာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို အထူးသတိပြု ဆက်ခံထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီမျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးတွေရဲ့ ဝတ္တရာငါးမျိုးထဲမှာ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ သေဆုံးသွားတဲ့ မိဘတွေကို ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ် အမျှအတမ်း ပေးဝေပေးတဲ့ အချက်ဟာ ဒီနေရာ သားသမီးတွေ အနေနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စွမ်းနိုင်သမျှ မကြာခဏလည်း လုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သေပြီးနောက် ဘဝအသစ်ကို ရောက်သွားတဲ့ သူတွေအတွက် တကယ်လို့များ အစွဲတစ်ခုခုကြောင့် မကောင်းတဲ့ ပြိတ္တာဘုံမျိုးကို ရောက်ရှိသွားမယ်ဆိုရင် ဒီဘုံဘဝကလွတ်အောင်၊ မလွတ်တောင်မှ အဲဒီဘုံဘဝမှာ ချမ်းချမ်းသာသာဖြစ်အောင် အကောင်းဆုံး မျှော်လင့်နိုင်တာက မသေသေးဘဲ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေးပေးတဲ့ အခွင့်အရေး တစ်ခုပဲ သူတို့မှာ ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီးကုသိုလ်လုပ် အမျှအတမ်းပေးဝေ ပေးတဲ့အလုပ်မျိုးဟာ သားသမီးတွေအတွက် မိဘကျေးဇူးကို နောက်ဆုံးအဓိကအကျဆုံး အချက်အဖြစ် ဆပ်တာလို့ ပြောရခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ မိဘကျေးဇူးဆပ်တာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးဝတ္တရား ငါးမျိုးကို ကျေပွန်အောင်ကြိုးစား နေထိုင်နေတဲ့သူတွေဟာ မိဘကျေးဇူးကို ဆပ်နေတာလို့ ဆိုပေမယ့် အလွန်ကျေးဇူးများတဲ့ မိဘတွေရဲ့ ကျေးဇူးကို အပြည့်အဝ ဆပ်ပေးတာလို့တော့ ပြောလို့မရသေးပါဘူး။ အမြတ်ဆုံး ကျေးဇူးဆပ်တာလို့လည်း မဆိုနိုင်သေးပါဘူး။ မိဘကျေးဇူးအကျေ ဆပ်ဖို့ကတော့ ဘုရားရှင်ဟောထားတဲ့ အနှစ်သာရ ဓမ္မနဲ့ကျေအောင် ဆပ်မှပဲ အကျေဆပ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။ ဒါက ဘုရားပေးတော်မူတဲ့ မိဘကျေးဇူး အကျေဆပ်နည်းပဲ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဒီဟောကြားချက်ကို မှီငြမ်းပြီး မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်ကျမ်းမှာ “မိကိုလက်ျာ၊ ဖမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ လှူဒါနနှင့် သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးစေမှ၊ ဟောဖော်ပြ၍၊ ဓမ္မဖြင့်သာ၊ ဆပ်နိုင်ရာ၏”လို့ အခုလို သီးကုံးဆပ်ဆိုထားတာကို ဗဟုသုတဖြစ်ဖွယ် မှတ်သားရပါတယ်။

ဆိုတော့ကား ဒီလိုတရားနဲ့ အကျေမဆပ်နိုင်တဲ့အတွက် ကျန်တဲ့ကျေးဇူးဆပ်နည်းတွေဟာ မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့သလို မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လေးတွေကို ဖြည့်ဆည်းရင်း သားသမီးဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပေးနေတဲ့ သားသမီးတွေဟာ လောကကြောင်းအရ၊ လောကဝတ်အရ မိဘကျေးဇူးကို ဆပ်နေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မိဘတွေကို အရိယာ အဆင့်လောက်အထိ ရောက်အောင် ကျေးဇူးဆပ်နိုင်ရင်တော့ အကောင်းဆုံး၊ အကျေဆုံး ကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်သေးရင်လည်း အခုလို သားသမီးဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်တယ် ဆိုရင်ကိုပဲ ဒါဟာ အလွန်ပြည့်စုံတဲ့ အထူးကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီမှာအဓိက ပြောချင်တာက မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ဘာလုပ်ပေးပါ၊ ဘယ်လိုဆောင်ရွတ်ပေးပါ စသဖြင့် အတင်းအဓမ္မ လိုချင်တောင့်တမှုနဲ့ နှုတ်ကထုတ်ဖော်ပြီး သားသမီးတွေကို ဖိအားပေးတဲ့ မျှော်လင့်ချက်တွေ မရှိပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ရင်ထဲမှာတော့ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒါလေးလုပ်ပေးရင် ကောင်းမှာပဲ စတဲ့ မျှော်လင့်ချက်မဟုတ်တဲ့ မျှော်လင့်ချက်လေးတွေ ရှိတတ်ရာမှာ အထက်မှာပြောခဲ့တဲ့ မျှော်လင့်တောင့်တချက် ငါးမျိုးလည်းပဲ ရှိနိုင်တဲ့အတွက် ဒီလို ကျေးဇူးများတဲ့ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်များကို သားသမီးများ ပြုကျင့်ရမယ့် သားသမီးဝတ္တရား ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ပေးရင်း ဖြည့်ဆည်းပေးကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဗုဒ္ဓအလိုကျ တရားနဲ့ကျေအောင် ဆပ်နိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရပေမယ့် အဲဒီလိုမလုပ်နိုင်သေးရင်လည်း ဒီလိုလောကဝတ်ကို ကျေပွန်စေခြင်းနဲ့လည်း မိဘကျေးဇူးကို အထိုက်အလျောက် ဆပ်နေနိုင်တာ ဖြစ်တဲ့အတွက် လက်ရှိဘဝမှာပဲ သားသမီးဝတ္တရားကို ကျေပွန်အောင်ကြိုးစားကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လစဉ်ဟောကြား ပေးလာခဲ့တဲ့ တရားပွဲများမှာ ဒီနေ့လုပ်တဲ့ တရားပွဲရဲ့ အနှစ်ချုပ်အနေနဲ့ မိဘနဲ့သားသမီးကြား အပြန်အလှန် ကျေးဇူးတရားများ ရှိကြရာမှာ မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ဆိုတဲ့အတိုင်း အလွန်ကြီးမားလှတဲ့ မိဘကျေးဇူးကို အကျေမဆပ်နိုင်ပေမယ့် မိဘတွေရဲ့ မျှော်လင့်တောင့်တချက်တွေကို သားသမီးဝတ်ကို ကျေပွန်အောင် ထမ်းဆောင်ပေးခြင်းဖြင့် အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွတ်ပြီး စွမ်းနိုင်သမျှ ဆပ်ပေးကြဖို့ တိုက်တွန်းရင်း ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ထုတ်နှုတ် ဟောကြားလိုက်ရပါတယ်။

အားလုံး မျှော်လင့်ချက်ကိုယ်စီ ပြည့်မှီနိုင်ကြပါစေ…

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster