Tuesday, September 20, 2011

လစဉ်တရားပွဲနှင့် ရွှေညီအစ်ကိုများတွေ့ဆုံပွဲ ဖိတ်ကြားခြင်း


ကျနော်တို့ ရွှေမြန်မာများအတွက် ကောင်းမှု ကုသိုလ်တရားများ တိုးပွားလာရေး ၊ မကောင်းမှု အကုသိုလ်များ လျော့ပါး ကင်းစင်ရေး ၊ ဓမ္မအမြင် လောကအမြင် စသည့် အသိဥာဏ်များ ပွင့်လန်းလာစေရေး ၊ သူငယ်ချင်းများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ညီအစ်ကို ရင်းချာများကဲ့သို့ ချစ်ကြည်ရင်းနှီး လာကြစေရေး ၊ အခက်အခဲများကို စုပေါင်းအဖြေရှာ၍ ကူညီရိုင်းပင်းကြသော ကောင်းမြတ်သော အလေ့အကျင့်များ ထွန်းကားလာစေရေး စတဲ့ စတဲ့ များလှစွာသော အကျိုးကျေးဇူးများ ရရှိစေရန်အတွက် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ် အလှူပွဲ ၊ တရားပွဲများ နဲ့ ရွှေမြန်မာ တွေ့ဆုံပွဲများကို ကျင်းပလျက်ရှိရာ ယခု စက်တင်္ဘာလမှာလည်း လစဉ်တရားပွဲ ကျင်းပမှာဖြစ်ပါတယ် ။ အဲဒီပွဲမှာ စိတ္တသုခ အကျိုးတော်ဆောင် အဖွဲ့နဲ့ ဝေယျာဝစ္စ အဖွဲ့တို့က ဟန်ချက်ညီ ပေါင်းစပ်လျက် စိတ်ကောင်းစေတနာ တို့ဖြင့် မြန်မာ ထမင်းဟင်း များကို လက်စွမ်းပြ ချက်ပြုတ်ပြီး ကျွေးမွေးဧည့်ခံမှာ ဖြစ်တဲ့အတွက် ကြွရောက်ခဲ့ကြပါဦးလို့ တလေးတစားနဲ့ ဖိတ်ကြားအပ်ပါတယ် ၊ အစီအစဉ် အသေးစိတ်မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်ခင်ဗျား



နေ့ရက်= ၂၀၁၁ စက်တင်ဘာလ ၂၅ ရက် (တနင်္ဂနွေနေ့)

တရားနာချိန် = နေ့လယ် (၁) နာရီ

ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အစားအသောက် = မြန်မာ ထမင်းဟင်း ၊ ကော်ဖီ



READ MORE......

Thursday, September 15, 2011

စိတ္တသုခ အဖွဲ့သားများ၏ ဆောရပ်ဆန် (설악산) ခရီး မှတ်တမ်း ပုံရိပ်များ

ကိုဝင်းနိုင်ဦး (ပြန်ကြာရေးမှူး)မှ မှတ်တမ်းတင်ဖော်ပြပါသည်။

ချူဆောက်ပိတ်ရက် (၁၃-၉-၂၀၁၁) ရက်နေ့တုန်းက စိတ္တသုခ ဆရာတော်နဲ့တကွ ကျောင်းအကျိုးဆောင်များနဲ့ အဖွဲ့သားများဟာ ဂန်ဝမ်ဒို (강원도) ဒေသရှိ နာမည်ကြီး ဆောရပ်ဆန် (설악산) အပါအ၀င် 산 척၊ 명덕 စတဲ့ ပင်လယ်ကမ်းခြေ နေရာများကို အပန်းဖြေခရီးသွားခဲ့ကြပါတယ် ၊ သာယာလှပတဲ့ ရှုခင်းများကို ကြည့်ရှုခဲ့ရသလို လတ်ဆတ်အေးမြတဲ့ တောင်ပေါ်လေနဲ့ ပင်လယ်လေတို့ကိုလည်း ရှုရှိုက်ခဲ့ရပါတယ် ၊ မီတာ (၇၀၀) အမြင့်ကို cable car နဲ့ တက်သွားရတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ၊ တောင်ခြေမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တော်ကြီးကိုလည်း ဖူးမျှော်ခဲ့ရတဲ့အတွက် ကုသိုလ်တွေလည်း ရခဲ့ပါတယ်လို့ ပြောနိုင်ပါတယ် ။ ဓါတ်ပုံ ၀ါသနာရှင်များအတွက်ကတော့ ပိုလို့တောင် ရင်ခုန်ခဲ့ကြလိမ့်မယ်လို့ထင်မိပါတယ် ၊ အကြောင်းကတော့ ဂယ်မြောင်တက္ကသိုလ် 겨몡대학교မှ Slovenia ကျောင်းသူလေး မခဲယာ (နာမည်ကို သေချာမမှတ်မိပါ) ကလည်း လိုက်ပါလာတဲ့အတွက် ကျနော်တို့ မင်းသားများနဲ့ တစ်လှည့်စီတွဲပြီး ဓါတ်ပုံလေးတွေ ရိုက်ခဲ့ကြတာ အမှတ်ရစရာပါ ။ ဒီတစ်ခေါက် အပန်းဖြေခရီးဟာ အချိန်နီးကပ်မှ စီစဉ်လိုက်ရတဲ့အတွက် အကျိုးဆောင်အဖွဲ့ဝင်တွေ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ကြိုတင်ပြီး အသိမပေးလိုက်ရပါဘူး ၊ ဒါကြောင့်မို့ ပိတ်ရက်ခရီးစဉ်ဆွဲပြီးသူတွေ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်စီစဉ်ပြီးသူတွေ မပါဝင်လိုက်ရသလို ဖြစ်သွားပါတယ် ၊ နောက်အစီအစဉ်များမှာတော့ အခုထက်ပိုပြီး ကြိုကြိုတင်တင် ဖိတ်ကြားမယ်လို့ ဆုံးဖြတ်ထားပါတယ် ၊ တကယ်တော့ ဒီခရီးစဉ်ဟာ အပျော်သဘောသက်သက်မဟုတ်ပဲနဲ့ ကျနော်တို့ အဖွဲ့သားတွေ ၊ သူငယ်ချင်းတွေ အချင်းချင်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ နီးနီကပ်ကပ် ရှိနေကြစေလိုတဲ့အတွက် စုပေးတဲ့ ( Gathering လုပ်တဲ့ ) သဘောမျိုးပါ ။ အနှစ်ချုပ်အားဖြင့်တော့ ပျော်ရွှင်အောင်မြင်တဲ့ ခရီးစဉ်တစ်ခုကို ကျနော်တို့ သွားခဲ့ကြတာဖြစ်ပါတယ် ။ အခု ဒီမှာတင်ထားတဲ့ ဓါတ်ပုံတွေထဲက ရယူလိုသူများ / ဖျက်ပေးလိုသူများ ကျနော့်ကို ဆက်သွယ်ပါခင်ဗျား


Cittasukha First Tour - picture slideshow

READ MORE......

Saturday, September 3, 2011

စိတ္တသုခ အဖွဲ့သားများ အများပေါင်းစု၍ ဂန်ဝမ်ဒို၊ ဆောရပ်ဆန်ဒေသ အပန်းဖြေ ခရီးထွက်ကြမည်

ကိုရီးယားရောက် ရွှေမြန်မာများ ကိုယ်စိတ်နွမ်းသမျှ လန်းလာကြစေရန်နှင့် ဒေသန္တရ ဗဟုသုတ ရကြပါစေရန် ရည်ရွယ်၍ စိတ္တသုခကျောင်းဆရာတော်နှင့် ကျောင်းအကျိုးဆောင်အဖွဲ့များမှ ဦးဆောင်၍ ချူဆောက်ပိတ်ရက်များမှ နောက်ဆုံးရက်ဖြစ်သည့် (၁၃-၉-၂၀၁၁)ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ ဂန်ဝမ်ဒို (강원도)ဒေသရှိ နာမည်ကြီး ဆောရပ်ဆန် (설악산)နှင့် ပင်လယ်ကမ်းခြေစသည့် နေရာများသို့ နေ့ချင်းပြန်ခရီး သွားရောက်ကြမည်ဖြစ်ပါသည်။

ဆောရပ်ဆန်သည် ကိုရီးယားနိုင်ငံတွင် နာမည်ကြီးသည့် လှပသည့် တောတောင်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဂန်ဝမ်ဒိုဒေသရှိ ပင်လယ်မြင်ကွင်းနှင့် အခြားအခြားသော ရှုချင်စဖွယ် မြင်ကွင်းအသွယ်သွယ်သည်လည်း ကိုရီးယားရောက် နိုင်ငံခြားသားများ အနေဖြင့် သွားရောက် လေ့လာသင့်သည့် နေရာဒေသများ ဖြစ်ပါသဖြင့် ထိုဒေသသို့ လေ့လာရေးခရီး သွားရောက်ကြရန် စိတ္တသုခ ကျောင်းအကျိုးဆောင်များက ဦးဆောင်ကာ ဤခရီးစဉ်ကို စီစဉ်ကြခြင်း ဖြစ်ပါသည်။

ဤခရီးစဉ်တွင် ကားခ၊ စားစရိတ် အပါအဝင် ဝင်ကြေးမှအစ ခရီးစဉ်အစအဆုံးကို ဝမ်၆၀၀၀၀ (ဝမ်ခြောက်သောင်း)နှုန်း သတ်မှတ်ထားပြီး အမှတ်တရ အနေဖြင့် စိတ္တသုခ လိုဂိုတံဆိပ်ပါသည့် အင်္ကျီများကိုလည်း လက်ဆောင်ပေးရန် စီစဉ်ထားပါသည်။

ထို့အပြင် ဤခရီးစဉ်တွင် လူ(၄၅)ယောက်ဆန့် ကာကြီးတစ်စီးစာသာ ကန့်သတ်ထားပါသဖြင့် ဤခရီးစဉ်နှင့်အတူ လိုက်ပါလိုသူများသည် အောက်ဖော်ပြပါ အကျိုးဆောင်များထံ ဆက်သွယ်လျက် (၉-၉-၂၀၁၁) ရက်၊ သောကြာနေ့ကို နောက်ဆုံးထား၍ စာရင်းပေးသွင်း ကြပါရန်နှင့် (၁၃)ရက်နေ့ မနက်အစော (၄)နာရီခွဲတွင် ဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်သဖြင့် လိုက်ပါမည့် သူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွင် လာရောက်အိပ်စက်၍ဖြစ်စေ၊ မိမိတို့အစီအစဉ်ဖြင့် သီးသန့်လာရောက်၍ဖြစ်စေ မနက် (၄)နာရီခွဲအရောက် ဘုန်းကြီးကျောင်းသို့ လာရောက်ကြပါ ရန်လည်း ကြိုတင်၍ အသိပေးအပ်ပါသည်။

ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိပ်သိလိုပါက အောက်ဖော်ပြပါ အကျိုးဆောင်များထံ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်
ကိုဘုန်းနိုင် (၀၁၀-၅၆၅၈-၂၂၅၀)
ကိုလင်းထိန်ဝင်း (၀၁၀-၄၃၄၅-၁၉၈၀)

READ MORE......

Sunday, August 21, 2011

စိတ္တသုခ အဖွဲ့သားများ၏ မြန်မာပြည်အလှူ ပုံရိပ်မှတ်တမ်း

ကိုရီယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းဆရာတော် နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်သည့် စိတ္တသုခ အဖွဲ့သားများ၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အကြောင်းပြု၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဂရိမုန်တိုင်းဒဏ် ခံခဲ့ရသည့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင်လည်း သံဃာတော်အပါး (၂၀)ကျော်အတွက် ဝါဆိုသင်္ကန်းအလှူ၊ ကျောင်းသူကျောင်းသား အယောက် (၄၀)အတွက် ပညာရေးအလှူ၊ တစ်နေ့တာဆွမ်းအလှူနှင့် ကျောင်းအလှူတော် စသည်ဖြင့် ကိုရီးယားဝမ် သိန်း (၂၀)ကျော် (မြန်မာငွေ ၁၅သိန်းတိတိ)ကိုပါ ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါသည်။ ထိုအလှူနဲ့ပတ်သက်၍ မှတ်တမ်းပေးပို့မှု အခက်အခဲများကြောင့် တင်ပြရန် အနည်းနောက်ကျသော်လည်း ယခုရရချင်း စိတ္တသုခ ဒကာဒကာမများ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ အလှူမှတ်တမ်းပုံရိပ်များကို တင်ပြအပ်ပါသည်။ နောက်နောင်လည်း နှစ်စဉ်တစ်နှစ်ကို (၂)ကြိမ်ခန့် မြန်မာပြည်ရှိ လိုအပ်သည့် နေရာများကို စုပေါင်းပြီး လှူဒါန်းကြမည် ဖြစ်သဖြင့် စိတ္တသုခ ဒကာဒကာမများ၏ အလှူများသည် ကိုရီးယားနိုင်ငံတွင်သာမက မြန်မာပြည်တွင်းသို့ပင် အကျိုးပြုပေးနေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


မှတ်တမ်းဓာတ်ပုံများကို READ MORE... နှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါသည်။










READ MORE......

Monday, August 15, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးမှတ်တမ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးကို ၁၄-၈-၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ဤကျောင်း၌ပင် ကျင်းပခဲ့ပါသည် ။ အစည်းအဝေးကို ဦးဆောင်နာယက ဆရာတော် ၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် စိတ္တသုခ အဖွဲ့သား ဒကာဒကာမများ တက်ရောက် ခဲ့ကြပါသည် ။

အစည်းအဝေး၏ ရည်ရွယ်ချက်များမှာ ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်၏ ခွဲစိတ်ကုသမှု အခြေအနေအတွက် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုဆွေးနွေးရန် ၊ ကျောင်းအကျိုးဆောင်အဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် ၊ ကျောင်းရေရှည် တည်တန့်ရေးအတွက် ဆက်လက်ထိန်းသိမ်းရန် အစီအစဉ်များကို ဆွေးနွေးညှိနှိင်းရန်တို့ဖြစ်ပါသည် ။

ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြီမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပါသည် ။

ထို့နောက် ဆရာတော်က ဒကာဦးရွှန်းဝင့်နွယ်၏ လောလောဆယ်ရှိနေသော ကျန်းမာရေးအခြေအနေများ ၊ ဆက်လက်ကုသရန် အခြေအနေများ ၊ ပြင်ပအဖွဲ့အစည်းများမှ ရရှိသော ထောက်ပံ့မှုများ ကို ရှင်းလင်းပါသည် ၊ ဒကာများကလည်း ငွေကြေးဆိုင်ရာ ကောက်ခံရရှိမှုများကို တင်ပြလျှောက်ထား၍ လိုအပ်သည်များကို ဆွေးနွေးလျှောက်ထားကြပါသည် ။

ဆက်လက်၍ ကျောင်းအကျိုးဆောင်အဖွဲ့သစ်ကို တက်ရောက်လာကြသူများ၏ သဘောထားကို ရယူလျှက် ပြန်လည်ဖွဲ့စည်းခဲ့ပါသည် ။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)
ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး
အကျိုးဆောင်အဖွဲ့
(၁၄-၈-၂၀၁၁ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည်)

ဆရာတော် ဦးဝိစိတ္တ = ဦးဆောင်နာယက
ဦးရွှန်းဝင့်နွယ် = ဂုဏ်ထူးဆောင်နာယက
၁။ ဦးမင်းနိုင် = ဥက္ကဋ္ဌ
၂။ ဦးမျိုးညွန့်သိန်း (ဆရာကျောင်း) = ဒု-ဥက္ကဋ္ဌ
၃။ ဦးဝင်းနိုင်ဦး = ပြန်ကြားရေးမှူး
၎။ ဦးဘုန်းနိုင် = အတွင်းရေးမှူး
၅။ ဦးလင်းထိန်ဝင်း = ဘဏ္ဍာရေးမှူး
၆။ ဦးကျော်ကျော်မင်း = တွဲဘက်ဘဏ္ဍာရေးမှူး
၇။ ဦးသိန်းထွန်းမောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၈။ ဦးအောင်ကျော်ငြိမ်း (ဆောင်ဂျူး) = အဖွဲ့ဝင်
၉။ ဦးစိုးမင်း(ဂယောင်ဆန်) = အဖွဲ့ဝင်
၁၀။ ဦးဇော်ထက်ဦး (ဝဲဂွန်) = အဖွဲ့ဝင်
၁၁။ ဦးသန်းဌေး (ဒါဆန်း) = အဖွဲ့ဝင်
၁၂။ ဦးဇော်ထူးအောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၁၃။ ဦးအောင်နိုင် (ဂယောင်ဂျူး) = အဖွဲ့ဝင်
၁၄။ ဦးစိန်ချွန် (ဆောင်ဆော) = အဖွဲ့ဝင် တို့ဖြစ်ပါသည် ။

အခမ်းအနားအစီအစဉ်အရ ကျောင်းရေရှည် တည်တန့်ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်များကို ဆက်လက်ဆွေးနွေး ကြပါသည် ၊ ဆရာတော်သည် ယခုနှစ်ကုန်ပိုင်းလောက်တွင် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို ပြုလုပ်ရန် ရှိနေသဖြင့် ဤဒေဂူးကျောင်း၌ ဆရာတော် မရှိသည့်အခိုက်တွင်လည်း ကျောင်းနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ရန် ကိစ္စများကို အရှိန်အဟုန်မပျက် ဆက်လက်ရှိနေစေရန် ၊ လစဉ်ဆိုသလို တရားပွဲများ ကျင်းပရန် စသည့် လိုအပ်သည့် အစီအစဉ်များကို ဆရာတော်က မှာကြားပါသည် ။

၎င်းနောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းလိုက်ပါသည် ။

အစည်းအဝေးတွင် အဟာရဒါနအဖြစ် ဘူးသီကြော် ၊ ရွှေရင်အေး စသည့်စားသောက်ဖွယ်ရာများကို စီမံဧည့်ခံခဲ့ကြသော ဦးမင်းနိုင် ၊ ကိုလင်းထိန်ဝင်း ၊ ကိုသက်နိုင် + မသင်းသင်းဋ္ဌေး ၊ ကိုဋ္ဌေ:အောင် ၊ ကိုလတ် နှင့် အားလုံးသော ဝေယျာဝစ္စ အဖွဲ့သားများကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster