Tuesday, June 28, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒယ်ဂူး) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အစီအစဉ်

နှစ်စဉ်ကျင်းပမြဲဖြစ်သော စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး၊တောင်ကိုရီးယား)၏ ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ယခင်နှစ်များနှင့်မတူ ယခုနှစ်တွင် နှစ်နေရာ ကျင်းပမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းတော်ကြီး၏ ဒကာ၊ဒကာမများ သဒ္ဓ္ဓါတရား ထက်သန်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး အတွက် သင်္ကန်းကပ်လှူပွဲ အစီအစဉ်ကို တင်ပြပါသည်။

ဝါဆိုသင်္ကန်း ကပ်လှူမည့်အစီအစဉ်-

(၁) ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့(၁၅-၇-၂၀၁၁ သောကြာနေ့)တွင် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ မြေပုံမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင် သံဃာတော် အပါး(၂၀) အား ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊နဝကမ္မ ဝတ္တုငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် အဆိုပါကျောင်းတိုက်တွင် ပညာသင်ကြားနေသော ဆယ်တန်း ကျောင်းသား ကျောင်းသူ အယောက်(၄၀)တို့အတွက် ပညာဒါနအဖြစ် ပညာရေးအထောက်အပံ့ငွေ လှူဒါန်းခြင်း။

(၂)ဝါဆိုလဆုတ်(၂)ရက်(၁၇-၇-၂၀၁၁ တနင်္ဂနွေနေ့)တွင် ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း။ဒါဆန်းစက်မှုဇုံ ညီအကိုများမှ မြန်မာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးပါမည်။

သင်္ကန်းဆက်ကပ်လှူဒါန်းလိုသူများ၊ပညာဒါန အလှူပေးလှူလိုသူများ ကျောင်းအကျိုးတော်ဆောင်အဖွဲနှင့် ဆက်သွယ်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

READ MORE......

Monday, June 27, 2011

ဆရာချစ်ဦးညို ၏ စာပေဟောပြောပွဲ


မြောက်ဥက္ကလာပ (ဈ) ရပ်ကွက် စာပေဟောပြောပွဲတွင် ပြောကြားခဲ့သော စာရေးဆရာ ချစ်ဦးညို၏ ပြောကြားချက်။
နန်နေမန်း ဘလော့မှ ယူပါတယ်...။
Chit Oo Nyo by Niknayman

READ MORE......

Tuesday, June 21, 2011

လစဉ်ဟောကြား မြတ်တရား (၅)

မျှော်လင့်ချက်ထား မိဘများ
ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့ သူငယ်ချင်းများ ဝိုင်းဝန်းချက်ပြုတ်ပေးတဲ့ အထူးစပါယ်ရှယ် မြန်မာထမင်းဟင်းများနဲ့ လှူဒါန်းကျွေးမွေး ဧည့်ခံပေးဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုကလည်း ပူတဲ့အချိန်ကို တဖြည်းဖြည်း ပြောင်းလာနေတာဆိုတော့ အပူထဲက ရောက်လာတဲ့ ဧည့်သည်တွေကို ကျောင်းရိပ်ကန်ရိပ် ဓမ္မရိပ်နဲ့ အေးမြစေခဲ့သလို အရသာရှိရှိ ချက်ပြုတ်ထားတဲ့ အစားအစာတွေကလည်း စားသုံးသူတွေကို တစ်ပွဲပြီးတစ်ပွဲ နွဲစေခဲ့ပါတယ်။ ဒါနရဲ့ပီတိ၊ ဓမ္မရဲ့ ပီတိတွေနဲ့ အလှူရှင်များနဲ့ စိတ္တသုခ အဖွဲ့သားများဟာ မိမိတို့နားရမယ့် တနင်္ဂနွေနေ့ကို ကုသိုလ်တွေနဲ့ အဆုံးသတ်စေခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်လတစ်ကြိမ် တရားပွဲဆိုပေမယ့် ဖခင်ကြီးကို ရည်စူးပြီး လှူဒါန်းတဲ့ ဒါနရှင်များကလည်း ပါနေတဲ့အတွက် အားလုံးမှတ်သားစေနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ကာ “မျှော်လင့်ချက်ထား မိဘများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ်ဟောကြား မြတ်တရားအဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဒီတရားခေါင်းစဉ်လေးကို ပေးရတာက တရားနာပရိတ်သတ်တွေထဲမှာ မိဘဖြစ်ပြီးသူတွေ၊ ဖြစ်ခဲ့သူတွေပါနေသလို ဖြစ်မယ့်သူတွေ ပါနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မိဘနဲ့သားသမီးကြားမှာ ရှိသင့်တဲ့ ဝတ္တရားလေးတွေ ဖြည့်ပေးစေချင်တဲ့ အရာလေးတွေကို သတိပြု ဆင်ခြင်နိုင်ဖို့နဲ့ ဖြည့်နိုင်သလောက် ဖြည့်ပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာပဲပြောပြော၊ ဘယ်လိုပုံစံပဲ ဖြစ်နေဖြစ်နေ မိဘဟာ မိဘပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မိဘတွေကြားမှာ မဆိုစလောက်လေးတွေက မိဘဝတ္တရားတွေ ပျက်ကွက်မှု ရှိနိုင်ပေမယ့် ကိုယ့်ကိုလူ့လောကကို ရောက်စေခဲ့တာ တစ်ခုတည်းနဲ့ကိုပဲ မိဘတွေရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မိဘတွေရဲ့ ကျေးဇူးကို အကုန်ကျေအောင် မဆပ်နိုင်ပေမယ့် မိဘတွေ မျှော်လင့်တတ်တဲ့ မျှော်လင့်ချင်လေးတွေတော့ တတ်နိုင်သမျှ ပြုစုဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးတာ၊ ကျေးဇူးသိတတ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့လည်း ညီညွတ်နေတာဖြစ်ပါတယ်။ မင်္ဂလသုတ်တော်မှာ မြတ်စွာဘုရားရှင်က “မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော” စသဖြင့် ဟောကြားတော်မူထားတာ ရှိပါတယ်။ မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာဖြစ်ပြီး သားမယားကို ထောက်ပံ့ပေးခြင်းဟာလည်း မင်္ဂလာဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ကာ မိဘအပေါ် တာဝန်ကျေတဲ့သူ၊ သားမယားအပေါ် တာဝန်ကျေတဲ့သူဟာ မင်္ဂလာရှိတဲ့သူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီနေရာမှာ ပြောလိုတဲ့ မျှော်လင့်ချက်ထား မိဘများဆိုတာ မိဘတွေ မျှော်လင့်တတ်ကြတဲ့ မျှော်လင့်ချက်လေးများအကြောင်း ပြောချင်တာဖြစ်ပါတယ်။ မိဘဆိုတဲ့ သဘောက သားသမီးတွေအပေါ်မှာ မိမိတို့အတွက် အရမ်းကြီးမျှော်လင့်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဘယ်မိဘမဆို သားသမီးတွေအနေနဲ့ ဒို့အပေါ်မှာ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒီလိုလေး ဖြည့်ပေးရင် ကောင်းမှာပဲ စတဲ့တောင့်တမှု သဘောသက်သက် လေးလောက်ပဲ ဖြစ်ပါတယ်။ ဒီတောင့်တချက်လေးတွေ၊ မျှော်လင့်ချက်လေးတွေ မဖြည့်ပေးလို့၊ မလုပ်ပေးလို့ သားသမီးတွေအပေါ်မှာ မေတ္တာပျက်တာ၊ စေတနာ ပျက်တာဆိုတာ မိဘတွေမှာ မရှိပါဘူး။ မျှော်လင့်တယ်၊ တောင့်တတယ်ဆိုတာကတော့ စိတ်ရှိတဲ့သူတိုင်း၊ ရင်ထဲမှာ ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ သဘောမျိုးလေးကို ဗုဒ္ဓစာပေတွေမှာ မိဘတို့ရဲ့ မျှော်လင့်ချက်များ အနေနဲ့ ဖွင့်ဆိုရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ စာပေအဖွင့်တွေအရ မိဘများရဲ့ သားသမီးတွေ အပေါ်မှာ မျှော်လင့်တောင့်တတတ်တဲ့ မျှော်လင့်ချက် (၅)မျိုး ရှိပါတယ်။ အဲဒီငါးမျိုးက

၁။ ငါတို့ရဲ့ သားသမီးတွေဟာ ငါ့တို့အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ တစ်ခါပြန်ပြီး ပြုစုလုပ်ကျွေးကြလိမ့်မယ်
၂။ ငါတို့ရဲ့ အမှုကိစ္စတွေကို ပြုလုပ်ပေးကြလိမ့်မယ်
၃။ ငါတို့ရဲ့ အမွေကို ဆက်ခံကြလိမ့်မယ်
၎။ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ထိန်းကြလိမ့်မယ်
၅။ ငါတို့သေပြီးနောက်မှာ ငါ့တို့အတွက် ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေပေးကြလိမ့်မယ်
ဆိုတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီတောင့်တချက် (၅)မျိုးဟာ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လို့ ဆိုပေမယ့် သားသမီးတွေဘက်က ကြည့်ရင် သားသမီးဝတ္တရား (၅)မျိုးပဲ ဖြစ်ပါတယ်။ အားလုံးရဖူးပြီးသားဖြစ်တဲ့ သားသမီး ဝတ္တရားငါးပါး ဆောင်ပုဒ်လေးကို ပြန်ဆိုကြည့်မယ်ဆိုရင် “ကျွေးမွေးမပြတ်၊ ဆောင်ရွတ်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ” ဆိုတဲ့ သားသမီးဝတ္တရား ငါးချက်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သားသမီးဝတ္တရား ငါးပါးကို ပြည့်စုံအောင် ပြုလုပ်ဖြည့်ဆည်းပေးတဲ့သူ၊ သားသမီး ဝတ္တရားနဲ့အညီ နေထိုင်နေတဲ့သူဆိုရင် မိဘတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ပေးနေတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ မိဘတွေတောင့်တတဲ့ မျှော်လင့်တောင့်တချက်ကို ဖြည့်ပေးနေသူဆိုရင် သားသမီးဝတ္တရား ကျေပွန်နေပြီး မိဘကျေးဇူးကို ဆပ်နေသူတွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါကြောင့် မိဘကျေးဇူးကို ဆပ်ချင်သူတွေ၊ မိဘတွေရဲ့ တောင့်တချက်ကို ဖြည့်ချင်သူတွေဟာ အထွေအထူး ဟိုဟိုဒီဒီ စဉ်စားစရာမလိုဘဲ သားသမီးဝတ္တရား ငါးပါးကိုသာ ကျေပွန်အောင် ကြိုးစားနေရုံနဲ့ လောကဝတ်တွေကို ကျေပွန်စေကာ ကျေးဇူးတရား ဆပ်နေသူများအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက သားသမီးဝတ္တရာငါးပါး၊ တစ်နည်းအားဖြင့် မိဘတို့မျှော်လင့်ချက် ငါးပါးထဲက မိဘတွေရဲ့ အမွေဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အမွေဆိုတဲ့နေရာမှာ ကောင်းမွေတွေကို ဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းတယ်ဆိုရာမှာ အိမ်ထောင်သားမွေးပြီး သားသမီးတွေ အများကြီးနဲ့ လူသားမျိုးဆက် တိုးပွားစေဖို့ထက် သူတော်ကောင်းစိတ်ဓာတ်၊ ကောင်းမြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ သူတော်သူမြတ် အမျိုးဇာတ်တွေဖြစ်အောင် စောင့်ထိန်းဖို့ကို ဆိုလိုတယ်ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုပါတယ်။ မိဘတွေ အစဉ်အဆက် လှူဒါန်းခဲ့တဲ့ ကောင်းမှုအမွေတွေ၊ မိဘတွေ အစဉ်အဆက် ထိန်းခဲ့တဲ့ ကိုယ်ကျင့် သိက္ခာကောင်းတဲ့ အမျိုးဇာတ်တွေကို ဆက်ခံထိန်းသိမ်း စောင့်ရှောက်မှုမျိုး တွေကိုသာ မွေခံထိုက်စေ၊ စောင့်လေမျိုးနွယ်လို့ ဆိုလိုတာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို အထူးသတိပြု ဆက်ခံထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီမျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးတွေရဲ့ ဝတ္တရာငါးမျိုးထဲမှာ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ သေဆုံးသွားတဲ့ မိဘတွေကို ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ် အမျှအတမ်း ပေးဝေပေးတဲ့ အချက်ဟာ ဒီနေရာ သားသမီးတွေ အနေနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စွမ်းနိုင်သမျှ မကြာခဏလည်း လုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သေပြီးနောက် ဘဝအသစ်ကို ရောက်သွားတဲ့ သူတွေအတွက် တကယ်လို့များ အစွဲတစ်ခုခုကြောင့် မကောင်းတဲ့ ပြိတ္တာဘုံမျိုးကို ရောက်ရှိသွားမယ်ဆိုရင် ဒီဘုံဘဝကလွတ်အောင်၊ မလွတ်တောင်မှ အဲဒီဘုံဘဝမှာ ချမ်းချမ်းသာသာဖြစ်အောင် အကောင်းဆုံး မျှော်လင့်နိုင်တာက မသေသေးဘဲ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေးပေးတဲ့ အခွင့်အရေး တစ်ခုပဲ သူတို့မှာ ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီးကုသိုလ်လုပ် အမျှအတမ်းပေးဝေ ပေးတဲ့အလုပ်မျိုးဟာ သားသမီးတွေအတွက် မိဘကျေးဇူးကို နောက်ဆုံးအဓိကအကျဆုံး အချက်အဖြစ် ဆပ်တာလို့ ပြောရခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ မိဘကျေးဇူးဆပ်တာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးဝတ္တရား ငါးမျိုးကို ကျေပွန်အောင်ကြိုးစား နေထိုင်နေတဲ့သူတွေဟာ မိဘကျေးဇူးကို ဆပ်နေတာလို့ ဆိုပေမယ့် အလွန်ကျေးဇူးများတဲ့ မိဘတွေရဲ့ ကျေးဇူးကို အပြည့်အဝ ဆပ်ပေးတာလို့တော့ ပြောလို့မရသေးပါဘူး။ အမြတ်ဆုံး ကျေးဇူးဆပ်တာလို့လည်း မဆိုနိုင်သေးပါဘူး။ မိဘကျေးဇူးအကျေ ဆပ်ဖို့ကတော့ ဘုရားရှင်ဟောထားတဲ့ အနှစ်သာရ ဓမ္မနဲ့ကျေအောင် ဆပ်မှပဲ အကျေဆပ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။ ဒါက ဘုရားပေးတော်မူတဲ့ မိဘကျေးဇူး အကျေဆပ်နည်းပဲ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဒီဟောကြားချက်ကို မှီငြမ်းပြီး မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်ကျမ်းမှာ “မိကိုလက်ျာ၊ ဖမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ လှူဒါနနှင့် သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးစေမှ၊ ဟောဖော်ပြ၍၊ ဓမ္မဖြင့်သာ၊ ဆပ်နိုင်ရာ၏”လို့ အခုလို သီးကုံးဆပ်ဆိုထားတာကို ဗဟုသုတဖြစ်ဖွယ် မှတ်သားရပါတယ်။

ဆိုတော့ကား ဒီလိုတရားနဲ့ အကျေမဆပ်နိုင်တဲ့အတွက် ကျန်တဲ့ကျေးဇူးဆပ်နည်းတွေဟာ မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့သလို မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လေးတွေကို ဖြည့်ဆည်းရင်း သားသမီးဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပေးနေတဲ့ သားသမီးတွေဟာ လောကကြောင်းအရ၊ လောကဝတ်အရ မိဘကျေးဇူးကို ဆပ်နေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မိဘတွေကို အရိယာ အဆင့်လောက်အထိ ရောက်အောင် ကျေးဇူးဆပ်နိုင်ရင်တော့ အကောင်းဆုံး၊ အကျေဆုံး ကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်သေးရင်လည်း အခုလို သားသမီးဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်တယ် ဆိုရင်ကိုပဲ ဒါဟာ အလွန်ပြည့်စုံတဲ့ အထူးကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီမှာအဓိက ပြောချင်တာက မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ဘာလုပ်ပေးပါ၊ ဘယ်လိုဆောင်ရွတ်ပေးပါ စသဖြင့် အတင်းအဓမ္မ လိုချင်တောင့်တမှုနဲ့ နှုတ်ကထုတ်ဖော်ပြီး သားသမီးတွေကို ဖိအားပေးတဲ့ မျှော်လင့်ချက်တွေ မရှိပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ရင်ထဲမှာတော့ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒါလေးလုပ်ပေးရင် ကောင်းမှာပဲ စတဲ့ မျှော်လင့်ချက်မဟုတ်တဲ့ မျှော်လင့်ချက်လေးတွေ ရှိတတ်ရာမှာ အထက်မှာပြောခဲ့တဲ့ မျှော်လင့်တောင့်တချက် ငါးမျိုးလည်းပဲ ရှိနိုင်တဲ့အတွက် ဒီလို ကျေးဇူးများတဲ့ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်များကို သားသမီးများ ပြုကျင့်ရမယ့် သားသမီးဝတ္တရား ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ပေးရင်း ဖြည့်ဆည်းပေးကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဗုဒ္ဓအလိုကျ တရားနဲ့ကျေအောင် ဆပ်နိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရပေမယ့် အဲဒီလိုမလုပ်နိုင်သေးရင်လည်း ဒီလိုလောကဝတ်ကို ကျေပွန်စေခြင်းနဲ့လည်း မိဘကျေးဇူးကို အထိုက်အလျောက် ဆပ်နေနိုင်တာ ဖြစ်တဲ့အတွက် လက်ရှိဘဝမှာပဲ သားသမီးဝတ္တရားကို ကျေပွန်အောင်ကြိုးစားကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လစဉ်ဟောကြား ပေးလာခဲ့တဲ့ တရားပွဲများမှာ ဒီနေ့လုပ်တဲ့ တရားပွဲရဲ့ အနှစ်ချုပ်အနေနဲ့ မိဘနဲ့သားသမီးကြား အပြန်အလှန် ကျေးဇူးတရားများ ရှိကြရာမှာ မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ဆိုတဲ့အတိုင်း အလွန်ကြီးမားလှတဲ့ မိဘကျေးဇူးကို အကျေမဆပ်နိုင်ပေမယ့် မိဘတွေရဲ့ မျှော်လင့်တောင့်တချက်တွေကို သားသမီးဝတ်ကို ကျေပွန်အောင် ထမ်းဆောင်ပေးခြင်းဖြင့် အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွတ်ပြီး စွမ်းနိုင်သမျှ ဆပ်ပေးကြဖို့ တိုက်တွန်းရင်း ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ထုတ်နှုတ် ဟောကြားလိုက်ရပါတယ်။

အားလုံး မျှော်လင့်ချက်ကိုယ်စီ ပြည့်မှီနိုင်ကြပါစေ…

READ MORE......

Monday, June 20, 2011

လစဉ် တတိယပတ် တရားပွဲ၏ ကောင်းမှုကုသိုလ်များ

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး၊ကိုရီးယား)တွင် လစဉ် တတိယပတ် တနင်္ဂနွေနေ့တိုင်း တရားပွဲ၊အလှူပွဲ နှင့် ရွှေမြန်မာ တွေ့ဆုံပွဲကို ကျင်းပလျှက်ရှိပါသည်။
ကုသိုလ်တရားများ တိုးပွားစေရန်၊တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရှိကြစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
အခါအားလျော်စွာ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော စာသင်ကျောင်းများ၊ရပ်ရွာဒေသဖွံ့ဖြိုးရေးကိစ္စများစသည့် အဖက်ဖက်မှ လိုအပ်နေသည်အများကိုလည်း စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင် ကာ လှူဒါန်းလျှက်ရှိနေပါသည်။

လာမည့်ဇူလိုင်လ တွင် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါသော (စာသင်တိုက်/ဘုန်းတော်ကြီးသင်ပညာရေး တွဲလျှက် ရှိသော)ဘုန်းတော်ကြီးကျောင်းသို့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရန် စီစဉ်ထားပါသည်။ ဝါဆိုသင်္ကန်း ကပ် လှူခြင်း၊ဆွမ်းဆက်ကပ်ခြင်း၊စာသင်သား သံဃာတော်များ(သို့မဟုတ်)ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ကျောင်းသား/သူ များအတွက် လိုအပ်သည်များ လှူဒါန်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူနိုင်ကြရန် နှင့် ဝါဆိုပွဲပါဝင်ဆင်နွဲကြပါရန် ဖိတ်ခေါ်ပါသည်။
သင်္ကန်းတစ်စုံ ဝမ်သုံးသောင်းခွဲ နှင့် စာသင်သားများအတွက် ဝမ် ငါးထောင် ဖြင့် လှူဒါန်းနိုင်ကြပါသည်။

၎-၂၀၁၁/၅-၂၀၁၁ နှင့် ၆-၂၀၁၁ အလှူရှင်များ .....
စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်း(ဒေဂူး-ကိုရီးယား) သို့ လစဉ်အလှူရှင်များမှ စေတနာ သဒ္ဓါတရား ထက် သန်စွာဖြင့် လှူဒါန်းလျှက်ရှိကြပါသည်။
အောက်ဖေါ်ပြပါအလှူရှင်များ၏ အလှူကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ဖေါ်ပြလိုက်ပါသည်-
(၁)ဒေါက်တာ ဒေါ်နီနီ.........(၄-၅-၆ လ အင်တာနက်/ရေ/မီး အလှူ) ဝမ် သုံးသိန်း
(၂)ကိုအောင်နိုင်ဦး၊ညီ-ကိုမောင်မြတ်သူ(ဂယောင်ဂျူး)....................ဝမ် နှစ်သိန်း
(၃)ကိုမောင်ဇော်..(လစဉ်အလှူ)...............................................ဝမ် ငါးသောင်း
(၄)ကိုပြည့်ဖြိုးမောင် (လစဉ်အလှူ)............................................ဝမ် တစ်သောင်း
(၅)၁၉-၆-၂၀၁၁ တရားပွဲလာ အလှူရှင်များမှ ..............................ဝမ် တစ်သိန်းရှစ်သောင်း
(၆)ယုံအမ်း ကိုအောင်ကိုနှင့်သူငယ်ချင်းများ.................................ဝမ် နှစ်သိန်း
(၇) ကွယ်လွန်သူဖခင်ကြီး ဦးတင်ဝင်းအား ရည်စူး၍ သား ကိုဇော်ဇော်အောင်တင်ဝင်းမှ ဆရာတော် နဝကမ္မ အလှူ၊သင်္ကန်းအလှူနှင့် တရားပွဲလာ မိတ်ဆွေများအား ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ပြုသွားပါသ
ည်။
အလှူရှင်များစာရင်းကျန်ရှိပါက ထပ်မံတင်ပြပေးပါမည်။

READ MORE......

Sunday, June 12, 2011

တစ်လတစ်ကြိမ်တရားပွဲ၊ရွှေမြန်မာများတွေ့ဆုံပွဲနှင့် ဖခင်ကြီးအားရည်စူးကုသိုလ်ပြုခြင်း

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်သည့် တစ်လတစ်ကြိမ် တရားပွဲ များနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၁၉-၆-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို (၃-၅-၂၀၁၁)ရက်နေ့ က ကွယ်လွန်သွားသော ကျေးဇူးရှင် ဖခင်ကြီး ဦးတင်ဝင်း အားရည်စူး၍ သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းမှ မြတ်စွာဘုရားအားအမှူးထားပြီး ဆရာတော်အား သင်္ကန်းကပ်လှူခြင်း၊လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်းနှင့် မိတ်ဆွေသူငယ်ချင်းများအား ဧည့်ခံကျွေးမွေးခြင်း အလှူဖြင့် ကုသိုလ်ပြု မည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= June 19 – 6 – 2011 (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် (၁) နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster