Sunday, August 19, 2012

ဝတ်ရွတ်ပူဇော် ကုသိုလ်တော်



ဒီတစ်ရက် နှစ်ရက်ကစပြီး ဘုန်းဘုန်းတို့ စိတ္တသုကျောင်းတော်မှာ ဝတ်ရွတ်ပူဇော် ကုသိုလ်တော်သံတွေနဲ့ လွင့်ပြန့်သာယာကာ စိတ္တသုခရဲ့ ရှင်သန်နေတဲ့ ပုံရိပ်တွေဟာ တစတစ ပိုပိုပြီး အားရစရာ ဖြစ်လာနေပါတယ်။ တနင်္ဂနွေနေ့တွေမှာ ဆိုရင်လည်း အလှူတရားပွဲ ရှိတဲ့အခါ တရားသံ၊ ဝေယျာဝစ္စစံတွေနဲ့ ငြိမ်းချမ်းသာယာနေသလို တရားပွဲ မရှိတဲ့ နေ့တွေမှာဆိုရင်လည်း ကိုရီးယားသင်တန်း ပို့ချသင်ယူသံတွေနဲ့ ပဲ့တင်လျှံနေတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ္တသုခ အဖွဲ့သားတွေရဲ့ ရှင်သံနေတဲ့ ပုံရိပ်တွေနဲ့ ဒီပုံရိပ်တွေကို ကြည့်ကာ ပီတိဖြာနေရတဲ့ စိတ္တသုခ ဆရာတော်နဲ့ အကျိုးဆောင်တွေရဲ့ လှုပ်ရှားမှုများရဲ့ တစ်စိပ်တဒေသပဲ ဖြစ်ပါတယ်။ စိတ္တသုခရဲ့ ရည်ရွယ်ချက်ကိုက အမျိုးဘာသာ သာသနာကို အပြောမဟုတ် အလုပ်နဲ့ သက်သေထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဆိုတော့ အခုလို ရှင်သန်နေတာဟာ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်နေတာဖြစ်တဲ့အတွက် အထူးတလည် ဂုဏ်ဖော်စရာမလိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

အခုလည်း တစ်မူထူးခြား ကုသိုလ်တရားတစ်ခုက ဝတ်ရွတ်ပူဇော် ကုသိုလ်တော်ယူကာ ဘုရားရှင်ကို ပူဇော်နေကြတာလေးတွေပဲ ဖြစ်ပါတယ်။ ဝါတွင်းကာလမှာဆိုတော့ ဒီကုသိုလ်လေးတွဟာ လိုက်ဖက်လှတဲ့ သာဓုသံပဲ ဖြစ်ပါတယ်။ ကျောင်းမှာ အလုပ်ရှာရင်း ခေတ္တခဏ ကိုရင်ကြီးဝတ်နေတဲ့ ဒကာတစ်ယောက်ရယ်၊ အလုပ်ရှာဖို့ ထွက်လာရင်း ကျောင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ ဒကာတစ်ယောက်ရယ်ကို ဝတ်ရွတ်စေရာကနေ ကျောင်းကိုရောက်လာတဲ့ ဒကာလေးတွေကလည်း သူတို့ပါ ရွတ်ချင်ပါတယ်လို့ ဆိုရာက ရွတ်ဖြစ်သွားကြတဲ့ ဒီကုသိုလ်တွေဟာ ဝတ်ရွတ်သူတွေတင် မဟုတ်ဘဲ အဲဒီဝတ်ရည်သံကို နားဆင်ရတဲ့ ဘုန်းဘုန်းအပါအဝင် သူတော်ကောင်းနတ်တွေရဲ့ နှလုံးအိမ်အထိ ငြိမ်းချမ်းတဲ့ ပီတိကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ 

 တစ်ယောက်စ၊ နှစ်ယောက်စကနေ စတင်ခဲ့တဲ့ ဝတ်ရွတ်ကုသိုလ်လေးဟာ သဒ္ဓါတရား ဓာတ်ခံရှိနေတဲ့ ဒကာလေးတွေ အချင်းချင်း တိုက်တွန်းရာကနေ ခုဆိုတဖြည်းဖြည်း များလာနေတော့တာ ဖြစ်ပါတယ်။ ကုသိုလ်ရဲ့ အစွမ်းကလည်း ပြုလုပ်သူကို သဒ္ဓါတရားနဲ့ ပိတီအားကို တိုးပွားစေတဲ့အတွက် ဝတ်ရွတ်ကုသိုလ်ယူနေကြတဲ့ ဒကာလေးတွေရဲ့ မျက်နှာမှာ ဝင်းပကြည်လင်တဲ့ အသွင်အထိတောင် ဆောင်သွားစေတော့တာ ဖြစ်ပါတယ်။ ပိုပြီး ကျေနပ်စရာကောင်းတာက ခိုင်းလို့လုပ်ရတဲ့ ကုသိုလ်မဟုတ်ဘဲ သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ လုပ်တဲ့ကုသိုလ် ဖြစ်တဲ့အတွက်လည်း သဒ္ဓါစေတနာအားက ကောင်းလာနေတော့တာပဲ ဖြစ်ပါတယ်။ 
 ကျောင်းမှာရှိတဲ့ ဝတ်ရွတ်စဉ် စာအုပ်ကို ဝတ်ရွတ်စေရင်း ပြီးတဲ့အခါ အဲဒီထဲမှာ ပါတဲ့ အဓိပ္ဗါယ်လေးတွေကိုပါ ရှင်းပြဖြစ်တော့ ရွတ်ဆိုသူ ကလေးတွေမှာ ဘာသာတရား အသိတွေ တိုးစေတဲ့အပြင် မိရိုးဖလာ ဗုဒ္ဓဘာသာ အဖြစ်ကနေပြီး နောင်တစ်ချိန်မှာ အနှစ်သာရရှိတဲ့ ဗုဒ္ဓဘာသာအဖြစ်၊ ပြီးတော့ မိမိတို့ရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်း ရှင်းပြနိုင်တဲ့အထိ အထောက်အပံ့ဖြစ်စေမယ့် ကုသိုလ်ဖြစ်တဲ့အတွက် ဒီဝတ်ရွတ်ပူဇော် ကုသိုလ်တော်ဟာ သူတို့အတွက်တော့ အထူးတလည်ကို အကျိုးရှိနေစေတော့တာ ဖြစ်ပါတယ်။ အကျိုးပေးတာဟာ ကံရဲ့အလုပ်ဖြစ်ပြီး လုပ်ရမှာက ကိုယ့်ရဲ့အလုပ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကုသိုလ်အလုပ်ကို ကိုယ်ကိုယ်တိုင် ကျိုးစားအားထုတ်ပြီး အကုသိုလ်တွေ များနေတဲ့ ဘဝမှာ ကုသိုလ်တရားလေးတွေနဲ့ မှတ်ကျောက်ပြုနေတာလို့ ဝတ်ရွတ်ပူဇော်သူလေးတွေကို ပြောပြပေးဖြစ်ပါတယ်။ 

 နောက်တစ်ချက်က ဘဝမှာ ကုသိုလ်ဆိုတာ သီးသန့်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်တဲ့အပြင် မိမိတို့အတွက် ဒီလိုအချိန်မှာ ဒီလိုကုသိုလ်ဝတ်လေးတွေကို လုပ်ဖူးတယ်ဆိုတဲ့ ကုသိုလ်နဲ့ ပတ်သက်တဲ့ သက်သေခံ သစ္စာပြုစရာ အဓိဋ္ဌာန်ချက်လေးတွေလည်း ရရှိသွားတဲ့အတွက် ဝတ်ရွတ်ပူဇော် ကုသိုလ်တော်ဟာ ရွတ်ဆိုသူတွေအတွက်တော့ အထူးကို အားအင်တွေ ဖြစ်နေစေတော့တာ ဖြစ်ပါတယ်။ အလုပ်ပင်ပန်းလို့ ကုသိုလ်ရေးကို မလုပ်ဖြစ်တဲ့ကြားက ဒီလို ဝတ်ရွတ်ကုသိုလ်လေးတွေ လုပ်ဖြစ်ကြတယ်ဆိုတာဟာ တော်ရုံသဒ္ဓါတရားနဲ့တော့ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ သေချာတွေးကြည့်ရင် ဗုဒ္ဓဘာသာ အမည်ခံထားပေမယ့် တခြားဘာသာဝင်တွေလောက် ပုံမှန် ဘာသာတရား အလုပ်တွေကို မလုပ်ဖြစ်တဲ့ အမည်ခံ ဗုဒ္ဓဘာသာ အဖြစ်ကနေ စွမ်းနိုင်သမျှ ဒီလို ဝတ်ရွတ်ကုသိုလ်လေးတွေ လုပ်ဖြစ်တာဟာ အကြိမ်ကြိမ် သာဓုခေါ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ဘာသာ သာသနာအတွက် သာဓုခေါ်ဖြစ်တာထက် သူတို့ရဲ့ ကိုယ်ပိုင်သဒ္ဓါတရားနဲ့ ကုသိုလ်စိတ်အတွက် သာဓုခေါ်တယ်ဆိုရင် ပိုမှန်မှာ ဖြစ်ပါတယ်။ 
 အခုလို သူတို့လေးတွေရဲ့ ပင်ကိုယ်သဒ္ဓါတရားနဲ့ ဝတ်ရွတ်ပူဇော် ကုသိုလ်တော် ယူသလို သူတို့လိုပဲ သဒ္ဓါပေါက်ပြီး ဝတ်ယူပူဇော် ကုသိုလ်တော် ယူလိုသူများ ရှိခဲ့မယ်ဆိုရင်တော့ စိတ္တသုခကျောင်းတော်မှာ ညစဉ် ည(၈)နာရီအချိန်မှာ ဝတ်ရွတ်ပူဇော် ကုသိုလ်တော် အစီအစဉ်မှာ ပါဝင်ပြီး ကုသိုလ်တော် ယူနိုင်မှာ ဖြစ်ပါကြောင်းနှင့် ဝတ်ယူပူဇော်ချိန်ဟာ အများဆုံး နာရီဝက်ခန့်သာ ဖြစ်တဲ့အတွက် အချိန်ရလို့ အဓိဋ္ဌာန်နဲ့ ကုသိုလ်ယူကာ ဝတ်ရွတ်ပူဇော်လိုသူများ အချိန်ကိုက်ကာ လာရောက်ပူဇော် ကုသိုလ်တော် ယူနိုင်ပါကြောင်းလည်း အထူးတလည် တိုက်တွန်းနှိုးဆော်ရင်း ဖိတ်မန္တက ပြုအပ်ပါတယ်။ အတင်းတိုက်တွန်းမှု မဟုတ်ပေမယ့် သဒ္ဓါတရား ဓာတ်ခံရှိသူများ ကုသိုလ်တော် ယူလိုက ယူခွင့်ရအောင် အသိပေး ဝေမျှလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster