Monday, July 16, 2012

ဂျုလိုင်လ - လစဉ်တရားပွဲနှင့် အလှူတော်ပွဲ အတွက် ကျေးဇူးတင်ရှိခြင်း

မှတ်တမ်း ပြန်ကြားရေး = ကိုဝင်းနိုင်ဦး

ဒီတစ်ပတ် လစဉ်တရားပွဲနဲ့ အလှူတော်ပွဲကို စည်စည်ကားကား နွေးနွေးထွေးထွေးလေးနဲ့ ကျင်းပပြီးစီးခဲ့ပါတယ် ၊ မိုးအေးအေးလေးနဲ့မို့ မနက်ပိုင်းမှာ လာရောက်သူနည်းပြီး အလာကျဲခဲ့ပေမယ့် နေ့လည်ပိုင်းကို ချဉ်းကပ်လာတာနဲ့ တဖွဲဖွဲရောက်လာခဲ့ကြပြီး နောက်ဆုံးမှာ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားခဲ့ပါတယ် ၊ ထယ်ဂယောင်ဆန်အော့မှ အလှူရှင်ညီငယ်များကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ကျွေးမွေးဧည့်ခံခဲ့ကြပါတယ် ၊ စေတနာဟာ သူတို့ရဲ့ သဏ္ဍာန်မှာ ပေါ်လွင်နေတာကို ကျနော်တို့ အလွယ်တကူပဲ ဖတ်ရှုနိုင်ခဲ့ကြပါတယ် ၊ ကြွလာကြသူများရဲ့ ချီးကျူးမှတ်ချက်စကားတွေက သူတို့ကို လူတော်လေးတွေအဖြစ်နဲ့ ဂုဏ်တက်စေခဲ့ပါတယ် ၊ အဲဒီနောက်မှာတော့ ထယ်ဂယောင်ဆန်အော့ ညီအစ်ကိုများကပဲ ဆရားတော်အား ၀ါဆိုသင်္ကန်းနဲ့ လှူဖွယ်ဝတ္တု အစုစုတို့ကို လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသူ ပရိဿတ် အပေါင်းတို့က ဆရာတော် ချီးမြှင့်သော တရားတော်ကို အတူတကွ နာယူခဲ့ကြပါတယ် ။ 

တရားတော်ကို နာယူရသော အကျိုးကျေးဇူးကြောင့် ဗြဟ္မာစိုတရားလေးပါးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ထိရောက်အောင်မြင်ဖို့ ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို ပိုပြီး နားလည်သိရှိခွင့်ရရှိခဲ့ပါတယ် ၊ မိမိနဲ့ အရွယ် အဆင့်အတန်း တူသူများကို မေတ္တတရားထားရှိဖို့ ၊ မိမိထက် ငယ်ရွယ်နိမ့်ပါးသူများကို ဂရုဏာတရားထားရှိဖို့ ၊ မိမိထက် ကြီးမြတ်သူ အဆင်ပြေအောင်မြင်သူများအပေါ်မှာတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်သော မုဒိတာတရား ပွားနိုင်ဖို့ ၊ ပေါင်းသင်းဆက်ဆံရန်ခက်ခဲသော ဘေးတိုက်ဖြစ်နေတတ်သူများ အပေါ်မှာတော့ မိမိအတွက် အကုသိုလ် မဖြစ်စေပဲ သက်တောင့်သက်သာ ဖြစ်စေမည့် ဥပက္ခာတရား ကျင့်သုံးဖို့ စတဲ့ တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး နာယူလိုက်ရပါတယ် ။ ကျနော်တို့ ယေဘူယျ သိနေတဲ့ အချက်တွေဟာ လက်တွေ့ အသုံးချမယ်ဆိုတဲ့အခါ ဘယ်တရားကို လက်ကိုင်ထားရမယ်ဆိုတာေ၀၀ါးဝါး ဖြစ်နေပြီး အဲဒီကျမှ ပြန်သုံးသပ်နေရတတ်တာ သဘာဝပါ ၊ ဒါကြောင့်မို့ ကျင့်သုံးရမယ့် တရားတွေကို ထင်ထင်ရှားရှား သိလာခြင်းဟာ ဓမ္မကို ဘ၀ထဲသို့ ရောက်အောင် ပေါင်းစပ်နိုင်ဖို့အတွက် အခြေခံတစ်ခုပဲ မဟုတ်ပါလား ။



လာကြတဲ့ သူငယ်ချင်းတွေနဲ့ စပ်မိစပ်ရာ ပြောဆိုကြရင်း ကျနော်သိလာရတာကတော့ အများစုဟာ ကြည်လင် ငြိမ်းအေးတဲ့ ဓမ္မရသ တရားအရသာကို သိရှိခံစားနေကြရပြီ ဆိုတာပါပဲ ၊ အားလုံးက ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့နဲ့အတူ စည်းစည်းလုံးလုံး နဲ့ သူလိုငါလို ဟန်ပန်မသိ တစ်သားတည်းရှိ နေရတာကိုလည်း ကျေနပ်နေကြသလိုပါပဲ ၊ ဆရာမဆန် ဆရာဟန်မလုပ် ရိုးရိုးကုတ်ကုတ်လေး နေကြတဲ့ သဘာဝဆန်ခြင်းကိုလည်း သဘောကျနေကြသလိုပါပဲ ၊ ရင်းနှီးခင်မင်မှုကို ဦးစားပေးတဲ့ ကျနော်တို့ ၀န်းကျင်မှာ နွေးထွေးနေကြပါတယ် ။ ကျနော်ကတော့ ထင်မိပါတယ် .. တိုက်စစ်မှူး လူစွမ်းကောင်း မရှိတဲ့ ဘောလုံးအသင်းတစ်သင်းဟာ အသင်းလိုက်ကစားကွက် Team work ပိုကောင်းတတ်သလိုပါပဲ ၊ ကျနော်တို့တတွေဟာလည်း အသင်းစိတ်ဓါတ် Team spirit နဲ့ပဲ တက်ညီလက်ညီ လှုပ်ရှားခဲ့ကြပါတယ် ၊ အဲဒါကြောင့် မည်သူ့ကိုမဆို ကျနော်တို့ရဲ့ အ၀န်းအ၀ိုင်းမှာ ပါဝင်နေမှုကို အသိအမှတ်ပြု လေးစားပါတယ် ၊ လာရောက်ကြတဲ့သူတိုင်းဟာ ကျနော်တို့အတွက် အရေးပါသလို အရေးတယူလည်း ရှိပါတယ် ။ ကျနော်တို့ အားလုံးမှာလည်း ချို့ယွင်းချက်ကလေးတွေ အနည်းငယ်စီ ရှိနေကြမှာပါ ၊ ဒါပေမယ့် အဲဒီ အားနည်းချက်လေးတွေကို နားလည်လက်ခံပေးခြင်းကလည်း ကျနော်တို့ကြားက ချစ်ကြည်ရင်းနှီးမှုကို ပိုပြီး ခိုင်မြဲစေခဲ့ပါတယ် ။ 



ဒီလိုရေးတော့ ကျနော်က ကိုယ့်ကိုယ်ကို ဒါမှမဟုတ် ကိုယ့်အဖွဲ့ကို အရောင်တင်နေသလို ဖြစ်နေပါတယ် ၊ တကယ်တမ်းမှာ စာချောပြီး ဖတ်လို့ကောင်းအောင် ရေးလိုက်တာမျိုးတော့ မဟုတ်ပါဘူး ၊ ကျနော်ခံစားရတဲ့အတိုင်း ကျနော်သိလာရတဲ့အတိုင်း ရေးချလိုက်ခြင်းသာ ဖြစ်ပါတယ် ၊ ဆရာဖေမြင့်ရေးတဲ့ စာအုပ်ထဲက စကားလုံး တစ်ချို့ကို ပြန်ကိုးကားပြီး ဖေါ်ပြရရင် ကျနော့်နှလုံးသားကလာတဲ့ သွေးကြောတစ်ကြောကိုဖေါက်ပြီး ဟောဒီ keyboard လေးနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ အခုတော့ ဒီလောက်နဲ့ဖြတ်ပြီး နောက်ထပ်ရေးချင်တဲ့ ကျေးဇူးတင်စကားလေးတွေကိုပဲ ဆက်လိုက်ပါရစေ … 

ဓမ္မကို ဘ၀ထဲထိရောက်အောင် ညွှန်ပြဟောကြားပေးတော်မူသော ဆရာတော် အရှင်ဝိစိတ္တ အားလည်းကောင်း
လှူဒါန်းကျွေးမွေးခဲ့ကြသော ထယ်ဂယောင် ဆန်အော့ဗ်မှ ရွှေညီအစ်ကိုများအားလည်းကောင်း 

ကြွပ်..မွ..ဆိမ့်..အိ..မွှေး ပလာတာလေးများကို အပင်ပန်းခံ ပြုလုပ်ပေးခဲ့သော ကိုမျိုးမင်း (ဒယ်ဟန်း) အားလည်းကောင်း 

လက်ဖက်ရည်ဖျော်ပေး လက်မနှေးခဲ့သော ကိုမျိုးမင်းသန်းအားလည်းကောင်း 

 ကြွရောက်လာကြကုန်သော မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း အားလုံးတို့အားလည်းကောင်း

 ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား ။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster