Wednesday, December 28, 2011

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း တတိယ အကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အတွက် ဖိတ်ကြား နှိုးဆော်ခြင်း

ကျနော်တို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း တည်ထောင်လာခဲ့တာဟာ ၂၀၁၂ ခုနှစ် ကိုရီးယား နှစ်သစ်ကူးနေ့မှာ (၃) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ၊ ဒေဂူးမြို့ ဘုန်းတော်ကြီးကျောင်းမှာ အလှူတော်ပွဲ အမြောက်အများကို ကျင်းပခဲ့သလို မြန်မာနိုင်ငံအတွင်းက နေရာ တော်တော်များများ မှာလည်း ထာဝရ အလှူအမျိုးမျိုးကို လှူဒါန်းခဲ့ကြပြီး ဖြစ်ပါတယ် ၊ ဘာသာရေးနဲ့ စပ်ဆိုင်တဲ့ အလှူတော်များအပြင် စာကြည့်တိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စတဲ့ လူမှုကူညီရေးနဲ့ စပ်ဆိုင်တဲ့ အလှူတော်များလည်း ပါဝင်သွားပြီလို့ ဆိုနိုင်ပါတယ် ။ 

နှစ်စဉ်နှစ်တိုင်းမှာ နှစ်ပတ်လည် အလှူတော်ပွဲ အခမ်းအနားများကို စည်စည်ကားကား ကျင်းပခဲ့သလို ၊ ပြီးခဲ့တဲ့ နှစ်ကလည်း ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒကို ပင့်ဖိတ်ပြီး အထူးတရားပွဲကို ကျင်းပနာယူ နိုင်ခဲ့ကြပါတယ် ၊ ယခုနှစ်မှာလည်း ယခင်နှစ်များကလိုပဲ နှစ်ပတ်လည် အလှူတော်ပွဲကို ခမ်းခမ်းနားနား ကျင်းပမှာဖြစ်သလို ၊ မြန်မာနိုင်ငံအတွင်းက နေရာတစ်ခုခုမှာ လှူဒါန်းနိုင်ဖို့ အစီအစဉ်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ် ။ 

ယခုနှစ် ကိုရီးယား နှစ်သစ်ကူးနေ့ (၂၂.၁.၂၀၁၂) တနင်္ဂနွေနေ့မှာ နှစ်ပတ်လည် အလှူတော်ပွဲကို ကျင်းပမှာဖြစ်ပါတယ် ၊ စိတ္တသုခကျောင်း ဆရာတော်ဟာလည်း အလှူတော်ပွဲ မတိုင်မီ (၁၉.၁.၂၀၁၂) ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ လှူဒါန်းဖို့ အစီအစဉ်ဟာလည်း ဆရာတော် ကြွရောက်လာတဲ့အခါမှာ အတူဆောင်ယူလာမှာဖြစ်ပါတယ် ။ ဆရာတော်က မြန်မာနိုင်ငံအတွင်းမှာ အရှိန်အဟုန်ကောင်းကောင်းဖြင့် ပြုလုပ်နေတဲ့ သာသနာပြု လုပ်ငန်းများဟာ မပြီးပြတ်သေးပဲ ဆက်လက် လုပ်ဆောင်ရန် ရှိနေတဲ့အတွက် ကိုရီးယားနိုင်ငံမှာ ရက်အနည်းငယ်သာ သီတင်းသုံးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မှာဖြစ်ပါတယ် ။ 

ကိုရီးယားကို ဆရာတော် ပြန်လည် ကြွရောက်လာတဲ့ အခိုက်မှာ နှစ်ပတ်လည် အလှူပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက် ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့အနေဖြင့် ပွဲတော်ကို စည်စည်ကားကား ကျင်းပလိုတာဖြစ်ပါတယ် ၊ သို့အတွက်ကြောင့် ဒေဂူးဝန်းကျင်မှ ရွှေသူငယ်ချင်းများ အားလုံး ၊ ကိုရီးယားရောက် ရွှေမြန်မာများ အားလုံးကို အကျိုးတော်ဆောင် အဖွဲ့မှ လေးလေးစားစား ကြိုတင် အသိပေး ဖိတ်ကြားအပ်ပါတယ် ၊ မသိကြသေးတဲ့ နီးစပ်ရာ သူငယ်ချင်းများကိုလည်း တစ်ဆင့် အသိပေး သတင်းပါးလိုက်ကြပါရန် မေတ္တာရပ်ခံပါတယ် ။ 

အဟာရဒါန အဖြစ် အကျွေးအမွေးဖြင့် တာဝန်ယူ လှူဒါန်းလိုသူများ ကျနော်တို့ အကျိုးတော်ဆောင် အဖွဲ့မှ တစ်ဦးဦးထံ ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ၊ လှူဒါန်းလိုပါသော်လည်း အချက်အပြုတ် နဲ့ ဧည့်ခံကျွေးမွေးမှု အပိုင်းမှာ လုပ်ဆောင်မည့်သူမရှိပါက ကျောင်းအကျိုးဆောင်နှင့် ဝေယျာဝစ္စ အဖွဲ့မှ ဖြစ်စေ ယုံရှင်း ညီအစ်ကို များမှဖြစ်စေ စိတ်တိုင်းကျ ဖြစ်အောင် တာဝန်ယူ လုပ်ဆောင်ပေးပါမယ် ။ ဒါမှမဟုတ် သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့ သဒ္ဓါတရားအရ လုပ်ဆောင်လိုတဲ့ အခြား မည်သည့် ကုသိုလ်ရေး အစီအစဉ်ကို မဆို ကျနော်တို့က ကူညီဖြည့်ဆီးပေးဖို့ အသင့် ရှိပါကြောင်း ထပ်လောင်း အသိပေးအပ်ပါတယ်ခင်ဗျာ..

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster