Wednesday, October 12, 2011

စိတ္တသုခကျောင်း စုပေါင်းမဟာဘုံကထိန်အလှူ ကျင်းပပြုလုပ်မည်

စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့နှင့် စိတ္တသုခ ဒကာ၊ ဒကာမများ စုပေါင်းကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မဟာဘုံကထိန် အလှူတော်ကို (၂၃-၁၀-၂၀၁၁)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဖြစ်ထွန်းပေါ်ပေါက်လာပြီးနောက် ဒုတိယအကြိမ်မြောက်အဖြစ် ဆင်ယင်ကျင်းပမည့် စိတ္တသုခ၏ စုပေါင်း မဟာဘုံ ကထိန်အလှူပွဲတော်တွင် တောင်ကိုရီးယားနိုင်ငံရောက် သာသနာပြု ထေရဝါဒ မြန်မာရဟန်းတော်များနှင့် ကိုရီးယားဘုန်းတော်ကြီးများအား ကထိန်းသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းပြီး ကထိန်အလှူပွဲသို့ ကြွရောက်လာကြမည့် ဧည့်ပရိတ်သတ်အပေါင်းတို့အား ဂျိလယန်း စက်မှုဇုန် ရွှေမြန်မာ ညီအစ်ကိုများ၏ အထူးစပါယ်ရှင် ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် အနယ်နယ်အရပ်ရပ်ရှိ ရွှေမြန်မာအပေါင်းတို့ အနေဖြင့် ကထိန်အလှူပွဲ အားခဲ၍ ကြွရောက်ကြပါရန်လည်း ကျောင်းအကျိုးဆောင်အဖွဲ့များနှင့် အလှူရှင်များက အထူးဖိတ်မန္တက ပြုထားပါကြောင်း သိရှိရပါသည်။

ထို့အပြင် ကထိန်သင်္ကန်း အလှူတော်နှင့် စပ်လျဉ်း၍ ကထိန်သင်္ကန်းတစ်စုံလျင် ဝမ် ၃၀၀၀၀ (ဝမ်သုံးသောင်း)နှုန်းဖြင့် ကျောင်းအကျိုးဆောင်များထံ ဆက်သွယ်၍ ဖြစ်စေ၊ ဒယ်ဂူးမြို့ရှိ နီးစပ်ရာ မြန်မာဆိုင်များတွင် ဖြစ်စေ၊ အလှူနေ့တွင် ဖွင့်လှစ်ထားရှိမည့် အလှူခံဌာနတွင်ဖြစ်စေ မိမိတို့စိတ်တိုင်းကျ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း ကျောင်းအကျိုးဆောင် အဖွဲ့များက နှိုးဆော်ထားပါသည်။

ထို့ကြောင့် တစ်နှစ်မှတစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ခါသာ လှူဒါန်းနိုင်သည့် စိတ္တသုခကျောင်း၏ စုပေါင်းကထိန်အလှူတော်သို့ ကိုရီးယားရောက် ရွှေမြန်မာများအနေဖြင့်လည်း ကြုံတောင့်ကြုံခဲ အလှူပွဲကို စိတ်ရောကိုယ်ပါ အားခဲ၍ ကြွရောက်ပြီးလျင် အလှူလည်းလှူ၊ တရားလည်းနာ၊ ရွှေမြန်မာများနှင့်လည်းဆုံ၊ အရသာရှိရှိ အစားအစာများလည်း စားသုံးရင်း ကုသိုလ်ကောင်းမှု အစုစုကို အတူတကွ မျှယူနိုင်ကြပါမည့်အကြောင်း ကြိုတင်သတင်းကောင်းပါးကာ အသိပေး ဖိတ်ကြားအပ်ပါသည်။

ကထိန်အလှူအစီစဉ် အသေးစိပ်ကို အလှူရက်နီးကပ်သည့်အခါ ထပ်မံ၍ အသိပေးတင်ပြပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster