Monday, July 18, 2011

ဆရာဒကာတို့၏ အောင်ပွဲ (၃)


by ကပ္ပိယဆန်းကြယ်
ပြီးခဲ့သည့် ၁၇-၇-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် ကျွန်တော်တို့ စိတ္တသုခ ဒကာဒကာမများ၏ တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပွဲကို စုပေါင်းညီညာစွာ ကျင်းပပြုလုပ်ဖြစ်ခဲ့ကြပြီး ဆရာဒကာတို့၏ အောင်ပွဲတစ်ခုအဖြစ် နှလုံးသားတွင် ကမ္ဗည်းတင်နိုင်ခဲ့ပါသည်။ ပုံမှန်ကျင်းပနေကျ အလှူမျိုးဆိုလျှင် စာတစ်တန်ပေတစ်တန်ဖွဲ့၍ အောင်ပွဲတစ်ခုအဖြစ် ရေးသားတင်ပြဖွယ် မလိုသော်လည်း ကျွန်တော်တို့ ကျောင်းတော်အပေါ် ထားရှိကြသည့် ဆရာဒကာများ၏ စစ်မှန်သည့်စေတနာ၊ ထက်သန်သည့်သဒ္ဓါနှင့် ပြင်းထန်သည့် ကြိုးစားမှုများအပေါ် အနီးကပ်မြင်တွေ့နေရသည့် ကပ္ပိယ တစ်ယောက်အနေဖြင့် ထက်တူထပ်မျှ ဝမ်းသာပီတကျခဲ့ရသဖြင့် ကျွန်တော်၏ ရင်ထဲကပီတိကို အခြားသူများလည်း မျှဝေခံစားနိုင်စေရန် စိတ်စေတနာအမှန်ဖြင့် တစ်ဆင့်ခံစားကာ အနုမောဒနာ ပွားရခြင်းဖြစ်ပါသည်။ ထိုနေ့က ကျွန်တော်တို့အများအား အနုမောဒနာ ပွားစေခဲ့သည့် အလှူများမှာ အမျိုးအစားအားဖြင့် စုံလင်လှသည်။ ဒါဆန်နှင့်ဝဲဂွန်ရှိ ရွှေညီအစ်ကို တစ်စု၏ ဆွမ်းအလှူ အပါအဝင် စိတ္တသုခ ဒကာဒကာမများ၏ သင်္ကန်းအလှူ၊ ဆွမ်းအလှူ၊ ပညာရေးအလှူ၊ ကျောင်းအလှူနှင့် လူမှုရေးအလှူစသည်ဖြင့် ဒါနအမျိုးအစားများ အထူးများပြားခဲ့ကြပေသည်။ ထိုသို့ မျိုးစုံလှူရ မြတ်ဒါနကြောင့် ထိုနေ့က ပြုလုပ်ခဲ့ကြသည့် အလှူပွဲကို ဆရာဒကာတို့၏ အောင်ပွဲဟု ကျွန်တော်အနေဖြင့် တင်စားခဲ့ခြင်း ဖြစ်ပါသည်။

ဟုတ်ပါသည်။ ယခုတစ်ကြိမ် လှူဒါန်းဖြစ်ခဲ့သည့် ကျွန်တော်တို့ အဖွဲ့သားများ၏ အလှူများသည် မတူညီသည့် အလှူများနှင့်အတူ ထူးခြားသည့် အလှူများလည်း ပါဝင်ခဲ့ပါသည်။ ဝါဆိုသင်္ကန်းကပ် အလှူဟု အမည်တပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လှူဖြစ်ခဲ့သည့် စိတ္တသုခ အဖွဲ့သားများ၏ အလှူသည် သံဃိကအလှူ၊ စီဝရဒါနအလှူ၊ ပညာဒါနအလှူ၊ လူမှုရေးအလှူများအဖြစ် ဝမ်းမြောက်ဝမ်းသာ လှူဒါန်းခွင့်ရခဲ့သည့် အလှူများ ဖြစ်နေပြီး ကိုရီးယားနိုင်ငံတွင်လည်း ထိုနည်းအတူ အလှူမျိုးစုံ ပြည့်စုံခဲ့ရုံတွင်မက ကာလဒါနနှင့် ဝိဟာရဒါနခေါ် ကျောင်းအလှူပင် လှူဒါန်းဖြစ်ခဲ့ကြပါသည်။ ဆရာတော်နှင့် ကျောင်းအကျိုးဆောင်များ ဦးဆောင်ပြီး စိတ္တသုခ ဒကာဒကာမများ စုပေါင်းလှူဒါန်းမှုဖြင့် အကောင်အထည်ဖော်ဖြစ်ခဲ့သည် မြန်မာနိုင်ငံရှိအလှူကို ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သံဃာတော် အပါးနှစ်ဆယ်အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ ဆယ်တန်းကျောင်းသား ကျောင်းသူ အယောက်လေးဆယ်ကျော်တို့အား လိုအပ်သည့် ပညာရေးဆိုင်ရာများ ထောက်ပံ့လှူဒါန်းခြင်း၊ ဆွမ်းစာရိတ် ဆက်ကပ်လှူဒါန်းခြင်းစတဲ့ အလှူတို့ကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပြီး ကိုရီးယားနိုင်ငံတွင်ကား ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လူမျိုးစုံ၊ အလှူမျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။

အလှူနေ့က မြင်ကွင်းအချို့ကို ပြန်လည်မြင်ယောင် ကြည့်မိသည့်အခါ ကျွန်တော့်စိတ်ထဲတွင် အလွန်ပင် ကြည်နူးမှု ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပူပြင်းလှသည့် ကိုရီးယား ရာသီအပြောင်းကာလတွင် စိတ္တသုခကျောင်းသို့ ရောက်လာကြသည့် ဒကာဒကာမများမှာ မမောနိုင်၊ မပန်းနိုင် အပြုံးခိုင်များဖြင့် ဆရာတော်များနှင့် စကားပြောသူများကပြော၊ သူငယ်ချင်းများနှင့် လက်စုံကျသူများကကျ၊ ကိုရီးယားနိုင်ငံသို့ ရှေ့နောက်ရောက်လာကြသည့် စီနီယာဂျူနီယာများနှင့် အတွေ့အကြုံ ဖလှယ်သူများကဖလှယ် စသည်ဖြင့် တစ်စည်းတစ်လုံး၊ တစ်စိပ်တစ်ဝမ်းတည်း ဖြစ်နေကြသည်မှာ “မြန်မာတွေဟာ မညီကြဘူး”ဆိုသည့် စကားများကို ထုချေပစ်နေသကဲ့သို့ ဖြစ်ခဲ့ပါသည်။

ပရိတ်သတ်များအား ဧည့်ခံကျွေးမှုများ ပါးသွားသည့်အခါ စိတ္တသုခ ဒကာဒကာမများ၏ ကိုရီးယား+မြန်မာ နှစ်နိုင်ငံတွင် ပြုလုပ်လှူဒါန်းခဲ့ကြသည့် အလှူဒါနများကို အကြောင်းပြုသည့် အနုမောဒနာတရား နာကြားပွဲနှင့် စုပေါင်းအမျှဝေပွဲ အခမ်းအနားကို နေ့လယ် (၁)နာရီခန့်တွင် စတင်ဖြစ်ခဲ့ကြပါသည်။ ပူပြင်းလှသည့် ရာသီဥတုတွင် တရားနာပရိတ်သတ်များကလည်း နေရာအပြည့်ရှိနေသဖြင့် ပို၍ပူလွန်းလှသည်ဟု ထင်ရသော်လည်း ကုသိုလ်အစွမ်းများဖြင့် ပီတိလွှမ်းနေကြသဖြင့် အခန်းအနားတစ်လျှောက်လုံးတွင် ပျော်တစ်ပြုံးပြုံးဖြင့်ပင် အဆုံးသတ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဆရာတော်ဦးဝိစိတ္တ အထံတော်မှ သီလပေးနှင့် ရေစက်ချတရား နာကြားကြပြီး ဆရာတော်ဦးသုဝဏ္ဏအထံတော်မှ အနုမောဒနာတရား နာကြားဖြစ်ခဲ့ကြကာ ကျောင်းအကျိုးဆောင်အဖွဲ့ဝင် ဦးဝင်းနိုင်ဦးက ထိုနေ့ကလှူဒါန်းကြသည့် အလှူများနှင့် အလှူရှင်စာရင်းကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်စေရန် အသိပေးဖတ်ကြားပြီးနောက် ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်ဝင့်နွယ်က အလှူနှင့်ပတ်သက်သည့် ကြည်နူးဖွယ်ရာ ပီတိစကားကို ပြောကြားလျှောက်ထားပါသည်။

ပီတိသိပ်အားကြီးလျှင် မျက်ရည်ပင်လည်တတ်သည်ဟု ဆိုသည့်အတိုင်း ပီတိစကားပြောကြားခဲ့သည့် ဥက္ကဋ္ဌ ဦးရွှန်းဝင်နွယ်မှာ စကားပြောရင်း အသံတိမ်ဝင်ကာ မျက်ရည်ပင်လည်ခဲ့သည်ကို ကျွန်တော်တို့ ပရိတ်သတ်အများလည်း ထပ်တူခံစားခဲ့ရပါသည်။ ဦးရွှန်းဝင့်နွယ်က မြန်မာပြည်၊ ရခိုင်ဒေသရှိ၊ ဂိရိမုန်တိုင်းဒဏ်ခံ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်နှင့် အလှူကိစ္စအကြောင်း စကားပြောဆိုရင်း ဆရာတော်ထံမှ သိရှိရသည့် ခံစားမှုများကို ပြောပြခဲ့ပါသည်။ ပြောရင်းပြောရင်းနှင့်ပင် ဦးရွှန်းဝင့်နွယ်၏ ရင်ထဲကလာသည့် ဝမ်းသာစကားနှင့် ဝမ်းသာလွန်း၍ ကျခဲ့ရသည့် မျက်ရည်များကို ကျွန်တော်တို့အားလုံး နားလည်ခံစားမိခဲ့ရပါသည်။ ပြီးတော့ ဆရာတော်ဦးဝိစိတ္တကလည်း အလှူတစ်ခု အောင်မြင်မှု ရရှိနိုင်ဖို့၊ ကိုရီးယားရောက် မြန်မာများ၏ သာရေးနာရေး လူမှုရေးများ အကျိုးဖြစ်ထွန်းစေဖို့၊ ယခင့်ယခင် မရရှိခဲ့သည့် ကောင်းကျိုးများကို ယခုလို ရရှိလာဖို့ ဆရာဒကာ ညီညွတ်စွာဖြင့် မည်၍မည်မျှ အချိန်ယူကာ လှုပ်ရှားခဲ့ကြရကြောင်း စိတ်ပန်းလူပန်း စီစဉ်ခဲ့ရသည့် အလှူတစ်ခု၏ အောင်မြင်မှုကို ယခုလို တွေ့ရပြန်သည့်အခါ ပင်းပန်းခဲ့ရသည့် အကျိုးရလာဘ်ကို ကျေနပ်မိခဲ့ကြောင်း၊ စိတ္တသုခကျောင်းနှင့် စိတ္တသုခ ဒကာဒကာမများသည် နောင်လည်းပဲ ယခုလိုပင် တစ်စုတစည်းတည်း စည်းလုံးညီညွတ်စွာ ပူပေါင်းပါဝင်ကာ ထိန်းသိမ်းစောင့်ရှောက်ပေးကြရမှာ ဖြစ်ကြောင်းနှင့် မကြာခင် အမိမြေကို ပြန်ကြရမည့်သူများ ရှိသကဲ့သို့ အမိမြေမှ လာကြမည့်သူများလည်း ရှိနေမည် ဖြစ်သဖြင့် အစဉ်အဆက် တွဲလက်ဆက်ကာ ရှေ့သို့ချီကြရမှာ ဖြစ်ကြောင်းစသည်ဖြင့် မိန်ကြားခဲ့ပါသည်။

ဆရာတော် မိန့်တော်မူလိုက်မှပင် မကြာမီ မြန်မာပြည်ကို ပြန်ရမည့် ကျောင်းအကျိုးဆောင် ဒကာတစ်ယောက်မှာ ပို၍ပင် ခံစားမိပြီး လက်ရှိကျောင်းအပေါ်တွင် ယခုလို အကျိုးရှိအောင် လုပ်ဆောင်ခွင့်ရပြီး အောင်မြင်မှုရနေသည့် မိမိ၏ လုပ်ဆောင်ချက်ကို ပြန်လည်သတိရကာ သူလည်းပဲ မျက်ရည်လည်နေခဲ့သည်ကို အားလုံးက သိရှိခံစားခဲ့ကြ ရပါသည်။ အခမ်းအနားအပြီး သာဓုအနုမောဒနာ ပြုကြသည့်အခါ အမျှဝေရင်း ထွက်ပေါ်လာခဲ့သည့် သာဓုသံများကား ခွန်အားအပြည့်၊ ပီတိအပြည့်ဖြင့် ကျောင်းတော်တစ်ခုလုံးကို ဟိန်းထွက်ကာ ဘဝဂ်သို့ပင် ညံသွားသကဲ့သို့ ဖြစ်ခဲ့သည်ကို ဆရာတော်ဘေးတွင် ရှိနေခဲ့သည့် ကပ္ပိယကျွန်တော်အပါအဝင် အားလုံးက တစ်ပြေးညီတည်း ခံစားခဲ့ကြရသည်မှာ အမှန်ပင် ဖြစ်ခဲ့ရပါသည်။

မည်သို့ဆိုစေ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ကြသည့် စိတ္တသုခ ဒကာဒကာမများ၏ ကိုရီးယား+မြန်မာ အလှူဒါနများသည် အလွန်ပင် ထူးခြားကာ အောင်မြင်ခဲ့သည့် ဆရာဒကာတို့၏ အောင်ပွဲသစ်တစ်ခု ဖြစ်ခဲ့ကြပြီး ထိုအလှူဒါနကို အကြောင်းပြု၍ ကျခဲ့ကြရသည့် သူတို့သူတို့၏ မျက်ရည်စများသည်လည်း ဝမ်းသာလွန်း၍ ကျခဲ့ကြသည့် မျက်ရည်များ ဖြစ်နေခဲ့ကြသည်ကို ကျွန်တော်အပါအဝင် အားလုံးက တစ်ထပ်တည်း သိရှိခံစားခဲ့ရသည်မှာ အမှန်ပင် ဖြစ်ပါတော့ကြောင်း…

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster