Sunday, May 29, 2011

အမှန်ပင် မင်္ဂလာရှိခဲ့ပါ၏


မနာပ ဒါယီ အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

၂၉-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့၊ မနေ့က ဘုန်းဘုန်းတို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှာ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဆရာဒကာ ညီညာပေါင်းစုလို့ ကောင်းမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဒီကုသိုလ်ပွဲကတော့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု အမျိုးမျိုးတွေထဲက မတူညီတဲ့ တမူထူးခြား ကုသိုလ်တရား ဖြစ်ခဲ့ပါတယ်။ စိတ္တသုခ အဖွဲ့သားများအတွက် ထူးခြားတဲ့ ကုသိုလ်ပွဲလို့ ဆိုရတာက အခုဒီပွဲမှာ အဝေးက ကြွရောက်လာတဲ့ နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်နဲ့ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်တို့ တက်ရောက်ချီးမြှင့်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သင်ဆရာမြင်ဆရာကြားဆရာ စတဲ့ ဘယ်လိုဆရာမျိုးကိုပဲ ဖြစ်ဖြစ် တစ်လုံးတစ်ပါဒ အသိမျှပေးကြတဲ့ ဆရာများဟာ ကျေးဇူးကြီးမားကြတဲ့ ဆရာသမားများပဲ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း အခုလို ဆရာသမားများ ကြွရောက်လာခဲ့ခြင်းဟာ တကယ့်ကိုပဲ အကျိုးတရား၊ ကျေးဇူးတရား များခဲ့ကြပါတယ်။

မြန်မာပြည်မှာဆို ဒီလိုအနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ဆိုတာ မလွယ်လှတဲ့ ဆရာများနဲ့ အခုလို အဝေးတနေရာမှာ နီးကပ်စွာ ရှိခွင့်ရတာ တစ်ခုလောက်နဲ့ကိုပဲ ကျေနပ်စရာ ကောင်းနေပြီလို့ ပြောလို့ရတဲ့ အခြေအနေကနေပြီး ဆရာများရဲ့ အသိပေးစကား ဘဝအတွက် အားဖြစ်စေမယ့် အဆုံးအမများကိုပါ နားကြားခွင့် ရခဲ့ကြတဲ့အထိ အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ကြတဲ့ အတွက်ကြောင့် အချိုပေါ်သကာလောင်း ဖော်မပြနိုင်အောင် ပီတိလောင်းခဲ့တဲ့ ပွဲလေးလို့ ဆိုရတာဖြစ်ပါတယ်။ ဆရာဝန်တစ်ဖြစ်လဲ စာရေးဆရာ၊ အခြေမြင့်ပြီး အနေတင့်နေတဲ့ ဆရာဖေမြင့်နဲ့ အင်ဂျင်နီယာ တစ်ဖြစ်လဲ ကာတွန်းဆရာ၊ အတော်ပီတဲ့ ဆရာအော်ပီတို့ရဲ့ စာပေဆိုင်ရာ ဆွေးနွေးမှုလေးတွေကလည်း ဘဝမှာ ဘယ်လိုမှကို တန်ဘိုးဖြတ်လို့ မရတဲ့ မှတ်သားလိုက်နာစရာ နှလုံးသား အာဟာရလေးများ ဖြစ်ခဲ့ရပါတယ်။ မေးသူကမေး၊ ဖြေသူကဖြေ၊ နာသူကနာ၊ မှတ်သူကမှတ်နဲ့ ကြည့်ရတဲ့ မြင်ကွင်းဟာ (၃)နာရီဆိုတဲ့ အချိန်အတွင်းမှာ ပြုံးပျော်စရာတွေပဲ ဖြစ်ခဲ့ရပါတယ်။

ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်ခဲ့ရတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဟောပြောပွဲမှာ လှူသမျှအလှူ၊ ပြောသမျှစကား၊ ကြားသမျှအသံ၊ မြင်သမျှအရာတွေဟာ ကုသိုလ်ဖြစ်စရာ၊ စိတ်ကြည်နူးစရာ၊ ပီတိဖြစ်စရာတွေနဲ့ပဲ အစအဆုံး လွှမ်းမိုးထားခဲ့တဲ့အတွက် မနေ့ကပြုလုပ်ခဲ့ကြတဲ့ ပွဲလေးကို အမှန်ပင် မင်္ဂလာ ရှိတဲ့ပွဲလေးလို့ ဘုန်းဘုန်းတို့က ဆိုရခြင်းဖြစ်ပါတယ်။ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ပူဇော်ထိုက်တဲသူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့အတိုင်း အပူဇော်ခံ၊ အကန်တော့ခံ ဆရာများဖြစ်တဲ့ ဆရာဖေမြင့်နဲ့ ဆရာအော်ပီကျယ်တို့ဟာ မိမိတို့ထက် အသက်သိက္ခာဂုဏ်ဝါ ကြီးလွန်းလှတဲ့ ဆရာသမားများ ဖြစ်နေတဲ့အတွက်လည်း အပူဇော်ခံထိုက်နေတဲ့အပြင် ပူဇော်ကန်တော့ကြတဲ့ စိတ္တသုခ အဖွဲ့သားများ အနေနဲ့လည်း ကတညူတ ကတဝေဒီ သူတပါးရဲ့ ကျေးဇူးတရားကို သိတတ်ပြီး ပြန်ဆပ်ကြခြင်းဟာ မင်္ဂလာတရားတစ်ခုပဲ ဖြစ်ကြောင်း လက်တွေ့လောင်းက ထင်ရှားပြခဲ့ကြတဲ့အတွက် ဆရာနဲ့တပည့် အမှန်ပင် မင်္ဂလာတွေနဲ့ ပြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နှစ်ဖက်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့တဲ့အတွက်ကြောင့် စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲဟာ အမှန်ပင် မင်္ဂလာရှိတဲ့ပွဲလေးလို့ ဆိုရခြင်း ဖြစ်ပါတယ်။

မင်္ဂလာပါ ရှိရုံမကဘဲ ပညာတွေပါ ရှိစေဖို့ အကြင်နာအပြည့်နဲ့ ဟောပြောဆွေးနွေးပေးခဲ့ကြတဲ့ ဆရာဖေနဲ့ ဆရာကျယ်တို့ရဲ့ သွေဖယ်မသွားတဲ့ ဖေကျယ်စကားတွေကလည်း မရည်ရွယ်ပဲ မှတ်သားစရာတွေ ဖြစ်နေခဲ့ကြတဲ့ အတွက် ဆရာများအပြန်မှာ ကျန်ခဲ့ကြတဲ့ အသံတွေက ကောင်းလိုက်တာ၊ မှန်လိုက်တာစသဖြင့် ပြောမဆုံးအောင် ရှိနေခဲ့ကြပြန်ပါတယ်။ အကြောင်းမကုန်လို့ ပေါင်းဆုံနိုင်မယ်ဆိုရင် နောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အကောင်းတွေစုံအောင် ကြိုးစားနေမယ့်အကြောင်း စိတ္တသုခ အဖွဲ့သားများက ထပ်လောင်းပြီး ဆရာများထံ အမှားစကား ပါးလိုက်ကြသလို မအားတဲ့ကြားက အားတွေပြခဲ့ကြတဲ့ ဆရာသမားများကလည်း အားတွေမကျခင် အမှားတွေကိုပြနိုင်ဖို့ အချိန်ပေးကာ ရေးကာပြနေပြီး မနှေးမကြာ ကြွလာနိုင်အောင် ကြိုးစားပါမည့်အကြောင်း အားသစ်တွေ လောင်းသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ကျင်းပပြုလုပ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကတော့ တစ်မူထားခြားတဲ့ ကုသိုလ်ပွဲလေးနဲ့ ပညာပေးပွဲလေးဖြစ်ကာ မင်္ဂလာရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကတော့ လက်တွေ့တက်ရောက် ဆင်နွဲခဲ့ကြတဲ့ သူအားလုံးရဲ့ ရင်ထဲက အမှန်တရားဖြစ်ခဲ့ပြီး အမှတ်တရတွေထဲက အမှတ်ရစရာ အကောင်းဆုံးတစ်ခုအဖြစ် ကမ္ဗည်းတွင်ရစ်ခဲ့ပါကြောင်း မှတ်တမ်းတင်ကာ ဂုဏ်ပြုလိုက်ပါတယ်။

မကြာမီ မှတ်တမ်းဓာတ်ပုံများကို အပြည့်အစုံ တင်ပြပေးပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster