Wednesday, March 30, 2011

လစဉ်ဟောကြား မြတ်တရား (၁)

ဘာအကောင်းဆုံးလ
ဘုန်းဘုန်းတို့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ်တစ်လတစ်ကြိမ် တရားပွဲများနဲ့ ရွှေမြန်မာတွေ့ဆုံပွဲများကို ဒီနှစ် ၂၀၁၁ခုနှစ် (၂)လပိုင်းကစပြီး ကျောင်းအကျိုးဆောင် ဒကာတော်များရဲ့ ဦးဆောင်မှုနဲ့ လစဉ်ကျင်းပ ပြုလုပ်လာဖြစ်ခဲ့ပါတယ်။ အရင်တုန်းက သီးသန့်သတ်မှတ်ချက် မရှိဘဲ အခြေအနေအရ သာရေးနာရေးပွဲများ လုပ်ဖြစ်ခဲ့ကြပေမယ့် အခုလို သတ်သတ်မှတ်မှတ်လေး လုပ်ဖြစ်ဖို့ကတော့ ဒီနှစ်မှ စလုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။ အမိမြန်မာပြည်ကနေ ထွက်ခွါလာပြီး ကိုယ့်စိတ်နဲ့ သူများကိုယ်ဖြစ်ကာ တနင်္ဂနွေလို နေ့မျိုးတွေတောင်မှ ကိုယ်ပိုင်အချိန် ဖြစ်ခွင့်မရကြတဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေအတွက် ဖြစ်နိုင်ရင် တစ်လတစ်ခါလောက်ပဲဖြစ်ဖြစ် ကျောင်းကန်ဘုရားနဲ့ နီးစေဖို့၊ တစ်လုံးတစ်ပါဒပဲဖြစ်ဖြစ် ဘာသာတရားအသိ တိုးစေဖို့၊ မြန်မာလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှု ရစေဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲလေးတွေကို လုပ်ပေးဖြစ်တာ ဖြစ်ပါတယ်။ ဒါတောင် တစ်ချို့က ဒီလိုတရားပွဲမျိုးကို လာချင်ပေမယ့် တနင်္ဂနွေနေ့ကို မဖြစ်မနေ အလုပ် ဆင်းပေးနေရတဲ့ သူတွေက ရှိနေပြန်ပါတယ်။ သူတို့ကလည်း တရားပွဲကို မလာနိုင်ပေမယ့် တရားပွဲမှာ ဟောတဲ့တရားကိုတော့ သိရှိမှတ်သားလိုကြဟန် ရှိပါတယ်။ တစ်ချို့က ဖြစ်နိုင်ရင် တရားပွဲမှာ ဟောတဲ့တရားကို အကျဉ်းချုပ်ပဲဖြစ်ဖြစ် ပို့စ်ရေးပြီး တင်ပေးဖို့ တောင်းပန်လျှောက်ထားလာတာတွေ ရှိပါတယ်။ ဒါကြောင့် ဘုန်းဘုန်းလည်း သူတို့သူတို့လေးတွေရဲ့ ဆန္ဒအရ လစဉ်ဟောကြားတဲ့ တရားအနှစ်ချုပ်ကို ပြန်လည်ရွေးနှုတ်ကာ အခုလို တင်ပြဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၇-၂-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားခေါင်းစဉ်လေးကတော့ “ဘာအကောင်းဆုံးလဲ”ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

ဘာအကောင်းဆုံးလဲလို့မေးရင် လူအတော်များများကတော့ ကိုယ်အလိုလားဆုံးအရာ၊ အနှစ်သက်ဆုံးအရာကို အကောင်းဆုံးလို့ပဲ ပြောကြမှာ ဖြစ်ပါတယ်။ ချစ်ခင်မြတ်နိုးသူတွေနဲ့ အတူတကွ နေထိုင်ရတာကို လိုချင်တဲ့သူတွေကလည်း ဒီလိုချစ်ခင်နှစ်သက်သူတွေနဲ့ အတူတကွ နေရခြင်းဟာ အကောင်းဆုံးလို့ ပြောကြမှာ ဖြစ်သလို မချစ်မနှစ်သက်သူတွေနဲ့ အတူနေရတဲ့ သူတွေကလည်း ဒီလိုသူတွေနဲ့ မနေရဘူးသာဆိုရင် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးပဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ကြိုက်တဲ့ပစ္စည်း၊ ကြိုက်တဲ့အစားအစာ၊ ကြိုက်တဲ့နေရာ၊ စတာတွေကို လိုချင်တောင့်တချိန်မှာ ရရှိ၊ ရောက်ရှိလာခဲ့ရင် သူတို့အတွက် အကောင်းဆုံးပဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ လိုချင်တဲ့အရာတွေ ရလာတဲ့အခါ အကောင်းဆုံးလို့ ပြောလေ့ရှိတတ်ကြသလို၊ မလိုချင်တဲ့အရာတွေ မရှိတော့တဲ့အခါ၊ ရောက်မလာတဲ့အခါဆိုရင်လည်း အကောင်းဆုံးလို့ ပြောလေ့ရှိတတ်ကြပါတယ်။ ဒါဟာ မျက်မှောက်ခေတ် လူအတော်များများ တောင့်တတတ်တဲ့ အကောင်းဆုံးအရာ၊ အကောင်းဆုံး သဘောတရားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓစာပေမှာတော့ ဒီအကောင်းဆုံးဆိုတဲ့ စကားလုံးကို “ပရမ”ဆိုတဲ့ ဝေါဟာရနဲ့ တစ်ခါတလေ ပြောဆိုသုံးနှုန်းလေ့ ရှိတတ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း ဒီပရမဆိုတဲ့ စကားလုံးကို အသုံးပြုပြီး လောကမှာ ပရမတရား လေးပါးရှိကြောင်း ဟောပြတော်မူပါတယ်။ မြန်မာလိုဆိုရင်တော့ အကောင်းဆုံးတရား လေးပါးပေါ့။ ဗုဒ္ဓရှင်တော်မြတ်က ပရမတရားလေးပါးနဲ့ ပတ်သက်လို့
“အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။
ဝိဿာသ ပရမာ ဉာတိ၊ နိဗ္ဗာန ပရမံ သုခံ”
ဆိုပြီး တရားစကား ဟောကြားပေးတော်မူထားပါတယ်။ ဒီစကားတော်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်က
- ကျန်းမာခြင်းသည် အကောင်းဆုံး လာဘ်လာဘ
- ရောင့်ရဲလွယ်ခြင်းသည် အကောင်းဆုံး စည်းစိမ်ဥစ္စာ
- ချစ်ကျွမ်းဝင်ခြင်းသည် အကောင်းဆုံး ဆွေမျိုး
- နိဗ္ဗာန်ချမ်းသာသည် အကောင်းဆုံး ချမ်းသာ
ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီလေးမျိုးဟာ ဘုရားဟောတဲ့ ပရမတရားခေါ် အကောင်းဆုံးတရား လေးပါးပဲ ဖြစ်ပါတယ်။

ဒီတရားတော်ကို မြတ်စွာဘုရားရှင်ဟာ ကောသလမင်းကြီးကို အကြောင်းပြုပြီး ဟောတော်မူတာ ဖြစ်ပါတယ်။ ကောသလမင်းကြီးဟာ အစားအလွန်ကြီးတဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်ပါတယ်။ ဘယ်လောက်တောင် စားလဲဆိုရင် တစ်ခါစားရင် ဆန်တစ်စိပ်ချက် ကုန်အောင်စားတယ်လို့ ဆိုပါတယ်။ အဲဒီလို အစားကြီးတဲ့ ဘုရင်ကြီးဟာ တစ်နေ့တော့ နံနက်စာ ပွဲတော်တည်ပြီး ထမင်းဆိပ်တက်နေချိန်မှာ ဘုရားကျောင်းကိုသွားပြီး ဘုရားတရားဟောနေတဲ့ တရားပွဲတစ်နေရာမှာ သွားငိုက်နေပါတယ်။ ဘုရင်ကြီးရဲ့ အခြေအနေကို သိနေရတဲ့ ဘုရားရှင်ဟာ တရားဟောပြီးတော့ ဘုရင်ကြီးကို “အစားများခြင်း၊ အစားကြီးခြင်းဟာ ဆင်းရဲငိုက်မျည်းခြင်းကို ဖြစ်တတ်ကြောင်း၊ အစားအစာဆိုတာ အတိုင်းအရှည်ကိုသိပြီး စာတာကောင်းကြောင်း” မိန်ကြားရင်း ဘုရင်ကြီးရဲ့ တူတော်မောင် သုဒဿနကို ဘုရင်ကြီးပွဲတော်တည်နေတဲ့အချိန် နောက်ဆုံးထမင်းလုပ်ကို မစားဖို့ သတိပေးကာ အဲဒီနောက်ဆုံးလုပ် ထမင်းရဲ့ ဆန်အရေအတွက်အတိုင်း ထမင်းချက်တဲ့အခါ လျော့လျော့ချက်သွားဖို့ မှာကြားတော်မူပါတယ်။ သုဒဿနလည်း ဘုရားရှင်မှာကြားတဲ့အတိုင်း ဘုရင်ကြီး ပွဲတော်တည်တဲ့အခါတိုင်း နောက်ဆုံးထမင်းလုပ်ကို မစားဖြစ်အောင် သတိပေးရင်း အဲဒီထမင်းလုပ် အရေအတွက်အတိုင်း ဆန်ကိုလျော့လျော့ချက်ပြီး စားစေခဲ့ရာ နောက်ဆုံးမှာ ဆန်တစ်စိပ်ချက်စားတဲ့ ဘုရင်ကြီးဟာ ဆန်တစ်ကွမ်းစား (တစ်စလယ်)ချက်ပဲ စားဖြစ်ခဲ့ပါတယ်။ အစားအသောက် လျော့ချပြီးစားလာတဲ့ ကောသလဘုရင်ဟာ အရင်ကနဲ့မတူအောင် ခန္ဓာကိုယ်ပေါ့ပါးကာ ကျန်းမာရေးတွေလည်း ကောင်းလာပါတယ်။ ကောသလဘုရင်ဟာ သူဒီလိုဖြစ်လာတာ မြတ်စွာဘုရား ကျေးဇူးကြောင့်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဘုရားရှင်ကျောင်းသို့သွားရောက်၍ သူရဲ့ကျန်းမာရေး အခြေအနေနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားအကြောင်း လျှောက်ထားပါတယ်။ ဒီတော့မှ ဘုရားရှင်က ကောသလမင်းကြီးကို “အာရောဂျ ပရမာ လာဘာ…” စတဲ့ အထက်ပါ တရားစကားကို ဟောကြားတော်မူလိုက်ပါတယ်။

ဒီဒေသနာတော်မှာ ဗုဒ္ဓရှင်တော်မြတ် မိန့်တော်မူတဲ့ ပရမတရားလေးပါးဟာ လောကီလောကုတ္တရာ ကောင်းကျိုးများ အတွက် အတုယူ လိုက်နာစရာကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ ဘုရားရှင် ဟောတော်မူတဲ့ “အာရောဂျ ပရမာ လာဘာ - ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်”ဆိုတဲ့ ပထမဆုံး ပရမစကားလိုပဲ ကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ ပညာအရည်အချင်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကျန်းမာရေး မကောင်းဘူးဆိုရင် အဲဒီပြည့်စုံမှုတွေဟာ အလကားပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအားလုံးက ကျန်းမာရေးသာ ကောင်းသွားမယ်ဆိုရင် ပိုက်ဆံဘယ်လောက်ကုန်ကုန်၊ ဘယ်မှာပဲသွားကုရကုရ အကုန်အကျခံပြီး သွားကုကြတာ ဖြစ်ပါတယ်။ လူအတော်များများက ကျန်းမာရေး ကောင်းနေတဲ့အချိန်မှာ ဒီတန်ဘိုးကို မသိကြပေမယ့် ကျန်းမာရေးတကယ်မကောင်း ဖြစ်လာပြီဆိုတော့မှ တန်ဘိုးသိကာ ကြောက်လန့်တတ်တဲ့ သဘောရှိပါတယ်။ အမှန်တော့ အဲဒီလိုဖြစ်လာမှ ကြောက်လန့်တကြား ဖြစ်ကြတာထက်စာရင် မဖြစ်ခင်ကတည်းက အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်ဆိုသလို အသက်ကို ဉာဏ်လေးနဲ့ စောင့်ရှောက်ပြီး ထိန်းသိမ်းနေထိုင်ကြမယ်ဆိုရင်တော့ ကျန်းမာရေးလေးတွေ အထိုက်အလျောက် ကောင်းနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကျန်းမာရေး မကောင်းတာဟာ ရုပ်တရားဖောက်ပြန်တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေ အလိုအရ ရုပ်ဖောက်ပြန်ခြင်းဟ ကံကြောင့်လည်း ဖောက်ပြန်နိုင်သလို၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရတွေကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ဒီကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးကြောင့် ရုပ်တရားဖောက်ပြန်ပြီး ကျန်းမာရေး မကောင်းဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလေးပါးကို ဉာဏ်လေးနဲ့ ယှဉ်ပြီးနေထိုင်နိုင်မယ်ဆိုရင် ဒါဟာ အသက်ဉာဏ်စောင့်တာပဲ ဖြစ်ပါတယ်။ ဒီလေးပါးမှာ အတိတ်ကံ တစ်ခုခုကြောင့် ရုပ်ဖောက်ပြန်မှုဟာ ဝဋ်ကျွေးမပါခဲ့ရင် ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ စောင့်ရှောက်နိုင်သလို၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်ဖောက်ပြန်မှုကိုတော့ စိတ်နဲ့ပဲ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဥတုကြောင့် ရုပ်ဖောက်ပြန်ရင်လည်း ဥတုနဲ့မျှတအောင်၊ အာဟာရကြောင့် ရုပ်ဖောက်ပြန်ရင်လည်း အစားအသောက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားနိုင်အောင် အားထုတ်ပေးခြင်းဖြင့် သင့်လျော်သလို စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကို မျှတအောင် ကြိုးစားနေထိုင်နိုင်ရင် အသက်ကိုဉာဏ်စောင့်သလို ဖြစ်နေမှာဖြစ်ပြီး အသက်ဉာဏ်စောင့်နေသမျှ ကျန်းမာရေးလည်း ကောင်းနေကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းနေခြင်းဟာ အကောင်းဆုံး လာဘ်ကို ရနေခြင်း ဖြစ်တဲ့အတွက် ကျန်တဲ့ဘယ်အရာတွေနဲ့မှ မလဲနိုင်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာခြင်းဟာ အကောင်းဆုံးလာဘ်ပဲလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒုတိယ ပရမတရား တစ်ခုဖြစ်တဲ့ “သန္တုဋ္ဌီ ပရမံ ဓနံ- ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး စည်းစိမ်ဥစ္စာ”ဆိုတဲ့ တရားဟာလည်း ဘဝစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေသူတွေအတွက် လိုအပ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး ဥစ္စာလို့ ဆိုတဲ့အတွက် တစ်ချို့က ဘာမှမလုပ်၊ မကြိုးစားဘဲ နေရမယ်လို့ သဘောပေါက်လွဲတတ်ပါတယ်။ အဲလို မဟုတ်ပါဘူး။ ရောင့်ရဲလွယ်ရမယ်ဆိုတာ ကိုယ့်အခြေအနေအရ ကြုံလာရလာတဲ့ အပေါ်မှာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်နေလိုက်ခြင်း သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ မရောင့်ရဲနိုင်တဲ့အတွက် လိုချင်တက်မက်မှုနောက်ကို လိုက်ရင်း မဆုံးနိုင်ဖြစ်နေတဲ့ လောဘကို အကန့်လေးတစ်ခုနဲ့ ထိန်းပေးခြင်း သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်အစွမ်းအစ၊ ကိုယ်ရနိုင်တာထက် ပိုပြီးလိုချင်တတ်ကာ မတရား အရယူတဲ့အထိ မဖြစ်ရအောင် ကိုယ့်အတိုင်းအတာအရ ကျေနပ်နိုင်အောင် ကြိုးစားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မရောင့်ရဲနိုင်ကြတဲ့အတွက် ဖြစ်တတ်တဲ့ ကိုယ်စိတ်ပင်ပန်းမှု၊ သောကဖြစ်မှု၊ ဒေါသဖြစ်မှု စတာတွေကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း သဘောမျိုးကို ဒီနေရာမှာ ရောင့်ရဲလွယ်ခြင်းလို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေ အမျိုးမျိုး အပေါ်မှာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်နိုင်ခြင်းဟာ စည်းစိမ်ဥစ္စာတွေနောက်ကို လိုက်ရင်းလောဘဖြစ်မှု၊ စိုးရိမ်ကြီးမှု စတဲ့ ဆိုးကျိုးတွေကနေ စောင့်ရှောက်ကာကွယ်ခြင်း ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး စည်းစိမ်ဥစ္စာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ရောင့်ရဲလွယ်ခြင်းကို ပရမတရားတစ်ခုလို့ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပါတယ်။

နောက် ပရမတရားတစ်ခု ဖြစ်တဲ့ “ဝိဿာသ ပရမာ ဉာတိ- ချစ်ကျွမ်းဝင်ခြင်းသည် အကောင်းဆုံး ဆွေမျိုး” ဆိုတဲ့ အချက်ဟာလည်း တစ်မိထဲဖွားတဲ့ အမျိုးတွေထက် ဘာမှသွေးမတော် သားမစပ်ဘဲ ကောင်းနေကြတဲ့ သူစိမ်းတွေနဲ့ အတူကျင်လည် နေထိုင်ကြသူတွေအတွက် လက်တွေ့ကျတဲ့ အကောင်းဆုံးတရားတစ်ခု ဖြစ်ပါတယ်။ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဆိုသလို အမျိုးမတော်ပေမယ့် ချစ်ခင်ကျွမ်းဝင်နေပြီး သူ့အကျိုး ကိုယ့်အကျိုး ဆောင်နေကြမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ဆွေမျိုးတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ ဒီဘဝမှာလာပြီး တစ်မိသားစုတည်း ဖြစ်နေကြပေမယ့် ချစ်ခင်မှုမရှိ၊ ရင်းနှီးမှုမရှိ၊ အကျိုးဆောင်မှု မရှိဘဲ ဖြစ်နေကြတဲ့ အမျိုးတွေထက်စာရင် ဘာမှတော်စပ်မှု မရှိဘဲ လိုအပ်တဲ့အချိန်မှာ အကူအညီဖြစ်၊ အကောင်းတွေကို ညွန်ပြ၊ အဆိုးတွေကို တားမြစ်ကာ မေတ္တာအားတွေနဲ့ ချစ်ခင်စောင့်ရှောက်ကြတဲ့ သူစိမ်းတွေက ပိုပြီးအကျိုးပြုမှုတွေ ရှိနေတဲ့အတွက် အမျိုးဆိုတာ တကယ်တော့ ချစ်ကျွမ်းဝင်ခြင်း၊ အကျိုးလိုလားခြင်း ရှိသူတွေသာ အကောင်းဆုံး ဆွေမျိုးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံး ပရမတရားဖြစ်တဲ့ “နိဗ္ဗာန ပရမံ သုခံ - နိဗ္ဗာန်ချမ်းသာသည် အကောင်းဆုံး ချမ်းသာ”ဆိုတဲ့ အချက်ကတော့ ချမ်းသာတယ်ထင်ပြီး လိုက်မိပေမယ့် မချမ်းသာဘဲ ဖြစ်နေကြတဲ့သူတွေ အနေနဲ့ နောက်ဆုံးရွေးချယ်သင့်တဲ့ အကောင်းဆုံး ချမ်းသာစစ်ပဲ ဖြစ်ပါတယ်။ လောကီချမ်းသာတွေဟာ ဘယ်လောက်ပဲ ချမ်းသာပါတယ်ပြောပြော ခံစားတုန်း အခိုက်အတန့်လောက်ပဲ ချမ်းသာတဲ့ တဒင်္ဂ ချမ်းသာတွေပဲ ဖြစ်ပါတယ်။ ကာမဂုဏ် ချမ်းသာတွေဖြစ်တဲ့ အိပ်ကောင်းခြင်းချမ်းသာ၊ စားကောင်းခြင်းချမ်းသာ၊ နေကောင်းခြင်းချမ်းသာ စတာတွေဟာ ခံစားပြီးနောက်မှာ ဖြစ်ပေါ်တတ်တာက ဆင်းရဲခြင်းတွေပဲ ဖြစ်နေတတ်ပါတယ်။ အိပ်ကောင်းတယ်ထင်လို့ အိပ်ပြီးပဲနေတဲ့အခါ၊ စားကောင်းတယ်ထင်လို့ စားပြီးပဲ နေတဲ့အခါ စတာတွေရဲ့ နောက်မှာတော့ ဆင်းရဲခြင်းတွေပဲ ရောက်လာနေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေဟာ ချမ်းသာတယ်လို့ ထင်နေရတဲ့ အခိုက်အတန့် ချမ်းသာတွေဖြစ်နေပြီး ဒီလိုချမ်းသာတွေထက် ကိလေသာ တဏှာကင်းနေတဲ့ သန္တိသုခခေါ် ငြိမ်းအေးတဲ့ နိဗ္ဗာန်ချမ်းသာသည်သာ နှိုင်းယှဉ်လို့မရတဲ့ အကောင်းဆုံး ချမ်းသာလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနိဗ္ဗာန်ချမ်းသာသည်သာ ဒုက္ခကင်းရာ ချမ်းသာအစစ်အမှန်ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက အကောင်းဆုံး အကောင်းဆုံးလို့ လူတွေက ဘာတွေကို ဘယ်လောက်ပဲ ပြောနေပြောနေ ဘုရားရှင် ဟောတော်မူတဲ့ အကောင်းဆုံး အရာတွေလောက် အမှန်တကယ် အကောင်းဆုံးဆိုတာ ရှိနိုင်မှာ မဟုတ်ကြောင်း၊ ဘုရားရှင်မိန့်တော်မူတဲ့ ကျန်းမာခြင်းဟာ အကောင်ဆုံးလာဘ်၊ ရောင့်ရဲခြင်းဟာ အကောင်းဆုံး ဥစ္စာ၊ ချမ်းကျွမ်းဝင်ခြင်းဟာ အကောင်းဆုံး ဆွေမျိုး၊ နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံး ချမ်းသာဆိုတဲ့ ပရမတရား လေးပါးသည်သာ လက်တွေ့ဘဝမှာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာချမ်းသာကို ဖြစ်စေမှာ ဖြစ်ကြောင်း၊ ပစ္စုပ္ပန်မှာ ချမ်းသာဖို့ ကျန်းမာရေး ကောင်းရမှာဖြစ်သလို၊ အစစအရာရာမှာ သက်သောင့်သာဖြစ်အောင် ရောင့်ရဲလွယ်ဖို့လည်းလိုပြီး ချမ်းခင်ကျွမ်းဝင်မှုရှိတဲ့ မိတ်ကောင်းဆွေကောင်းလည်း ရှိရမှာ ဖြစ်တဲ့အပြင် သံသရာဒုက္ခ ကုန်ရာမှသည် ထာဝရ ဒုက္ခကုန်ဖို့အတွက် နိဗ္ဗာန်ကို မျောက်မှောက်ပြုဖို့လည်း လိုအပ်နေတာဖြစ်တဲ့အတွက် ဒီဘဝမှသည် နိဗ္ဗာန်အထိ အကောင်းဆုံးဖြစ်ဖို့ ဘုရားဟောတဲ့ ဒီပရမတရားနဲ့အညီ ကျင့်သုံးနေထိုင်ကြရာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။


ဒါကြောင့် ဘာအကောင်းဆုံးလဲဆိုတဲ့ ဒီတရားတော်မှာ ပရမတရား လေးပါးနဲ့အညီ ကျင့်သုံးနေထိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်တဲ့အတွက် ဒီပရမတရားလေးပါးကို အမြဲသတိပြု ဆင်ခြင်ကာ ကျန်းမာရေးကောင်းအောင်၊ ရောင့်ရဲလွယ်အောင်၊ မိတ်ကောင်းဆွေကောင်းရှိအောင် ကြိုးစားရင်း နိဗ္ဗာန်အထိရောက်အောင် အားထုတ်ကြည့်ကြဖို့ တိုက်တွန်းသမှုပြု ပြုလိုက်ရပါတယ်။

- လာဘ်သပ္ပကာ အပေါင်းမှာ ကျန်းမာခြင်းသာ အကောင်းဆုံး
- စည်းစိမ်ဥစ္စာ အပေါင်းမှာ ရောင့်ရဲခြင်းသာ အကောင်းဆုံး
- ဆွေမျိုးမိတ်သဟာ အပေါင်းမှာ ကျွမ်းဝင်ခြင်းသာ အကောင်းဆုံး
- သုခချမ်းသာ အပေါင်းမှာ နိဗ္ဗာန်ချမ်းသာ အကောင်းဆုံး


READ MORE......

Monday, March 28, 2011

စိတ္တသုခ ၏ ၂၇-၃-၂၀၁၁(တနင်္ဂနွေနေ့) အလှူသတင်း

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၇-၃-၂၀၁၁(တနင်္ဂနွေနေ့)တရားပွဲနှင့် ရွှေမြန်မာညီအကိုများ တွေ့ဆုံပွဲတွင် အလှူရှင်များဖြစ်သော ယုံရှင်း (용신) ရွှေညီအစ်ကိုများ၊ သူငယ်ချင်းများကို အထူး ကျေးဇူးတင်ရှိပါသည်။

တရားပွဲတွင် အရပ်ရပ်အလှူ လှူဒါန်းသွားကြသော အလှူရှင်များ စာရင်းကို အများကြည်ညိုသဒ္ဓါပွားနိုင်ရန်နှင့် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်-
(၁)ကိုစိုးမြင့်အောင်+ဒေါက်တာဒေါ်နီနီ................တယ်လီဗေးရှင်းအလှူ..ဝမ် ၇၅၀၀၀၀-
(၂)ယုံရှင်းစက်မှုဇုံ သူငယ်ချင်းများ..........မနာပဒါယီစာကြည့်တိုက်အလှူ.......၄၀၀၀၀၀-
(၃)ယုံရှင်းစက်မှုဇုံ သူငယ်ချင်းများ..........စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ...၃၀၀၀၀၀-
(၄)ကိုဇင်ကိုအောင်.............................စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ...၁၀၀၀၀၀-
(၅)ကိုသူရစော၊ကိုဟိန်းဘိုဘို၊ကိုအာကာ၊ကိုအောင်ကျော်သူ၊
ကိုထွန်းမင်း၊ကိုကျော်ဇောအောင်......စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ...........၆၀၀၀၀-
(၆)ကိုသူရစော၊ကိုဟိန်းဘိုဘို၊ကိုအာကာ၊ကိုအောင်ကျော်သူ၊
ကိုထွန်းမင်း၊ကိုကျော်ဇောအောင်........မနာပဒါယီစာကြည့်တိုက်အလှူ............၅၀၀၀၀-
(၇)ကိုသန်းဌေး၊ကိုဖြိုးသန်းတင်...........စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ........၄၀၀၀၀-
(၈)ကိုသန်းဌေး၊ကိုဖြိုးသန်းတင်..........ဆရာတော်အတွက် ဆွမ်းအလှူ.............၄၀၀၀၀-
(၉)ကိုမျိုးမင်းသန်း..........................စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ.........၂၀၀၀၀-
(၁၀)ကိုဘုန်းနိုင်............................စိတ္တသုခကျောင်းဝေယျာဝစ္စအလှူ..........၁၁၀၀၀-

READ MORE......

Monday, March 21, 2011

စုပေါင်းကုသိုလ် မျှဝေလိုပါသောကြောင့်......

“ဖြူစင်ဒါန တူမျှဝေမည်”

အမေမွေးတဲ့ ရွှေလက်နဲ့
နေ့ဆက်ဆက် ငွေရှာ
သမာအာဇီဝဆိုတာ ဒါပေါ့...။
ဝေးတမြေ တနယ်ခြားမှာ
စီးပွားရှာအမေ့သား
မောပန်းနိုင်အားပါဘူး...။
တစ်ဆုတ်ကြဲ တစ်လှည်းဝင်
ဒါနတွေဖြူစင်ချင်လို့
ကုသိုလ်လျှင် အစဉ်ပြုတယ်
တူမျှဝေ သာဓုခေါ်စေတော့.....။

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်မည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၂၇-၃-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို ယုံရှင်း စက်မှုဇုံမှ ရွှေညီအကိုများ၊ သူငယ်ချင်းများ ပေါင်းစု၍ ဘုရားအမှုးရှိသော သံဃာတော် အရှင်မြတ်အား ဆွမ်းအလှူ နှင့် မြန်မာနိုင်ငံတွင် ဆရာတော်ဦးစီး၍ တည်ထောင်ရန်ရှိသော မနာပဒါယီ စာကြည့်တိုက် အတွက် အလှူအစရှိသော ကောင်းမှုကုသိုလ်များ စုပေါင်း ပြုလုပ်ကြမည်ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူ ပါဝင်နိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= March 27 – 3 – 2011 (၁၃၇၂ခုနှစ်၊ တပေါင်းလဆုတ် ၈ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ် ၁နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

READ MORE......

Monday, March 14, 2011

၁၃-၃-၂၀၁၁(တနင်္ဂနွေနေ့) ၏ အလှူအောင်ပွဲ သတင်း

၁၃-၃-၂၀၁၁(တနင်္ဂနွေနေ့) တွင် ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ယုံအမ်းရွှေညီအစ်ကိုများနှင့် သူငယ်ချင်းတစ်စုတို့၏ သဒ္ဓါကြည်ဖြူ ကုသိုလ်တော် ဆွမ်းအလှူတော်မင်္ဂလာတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းအားလည်း နေ့လယ်စာ ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံခြင်းကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုပါသည်။

တရားပွဲတွင် ဘုန်းတော်ကြီးကျောင်း ဝေယျာဝစ္စအလှူ လှူဒါန်းကြသည့် အလှူရှင်များ ၏ စာရင်းကို အများကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြလိုက်ပါသည်-

ဝေယျာဝစ္စအလှူ လှူဒါန်းကြသည့် အလှူရှင်များ.............

၁။ယုံအမ်းရွှေညီအကိုများနှင့် သူငယ်ချင်းတစ်စု ………….ဝမ် ၄ဝ၅ဝဝဝ-
၂။ ဒေါက်တာဒေါ်နီနီ (ရေ၊ဖုန်း၊အင်တာနက်အလှူ).............၁၀၀၀၀၀
-

ကိုဇော်မိုးဝင်း(အရုပ်သည်) မှ စုစည်းကောက်ခံပေးသောအလှူရှင်များစာရင်း..............
(နွံဂုံး စက်မှုဇုံ)
၃။ ကိုသက်တင်လင်း(ကားပစ္စည်းစက်ရုံ) .........................၁၁၀၀၀၀-
၎။ကိုအောင်နိုင်ဦး.........................................................၁၀၀၀၀-
၅။ကိုဝင်းထ္ပွဋ်ဝင်း(CMC စက်ရုံ)........................................၁၀၀၀၀-
၆။ကိုခွန်မင်းလွင်...........................................................၁၀၀၀၀-
၇။ကိုလှိုင်မျိုးကျော်.......................................................၁၀၀၀၀-
၈။ကိုသန့်ဇင်အောင်.......................................................၁၀၀၀၀-
၉။ကိုဇော်မျိုး................................................................၁၀၀၀၀-
၁၀။ကိုလင်းဇင်ဦး(စက္ကူပုံးစက်ရုံ).......................................၁၀၀၀၀-
၁၁။ကိုရန်ပိုင်ထွန်း..........................................................၁၀၀၀၀-
၁၂။ကိုထွန်းမင်းဆန်း.......................................................၁၀၀၀၀-
၁၃။ကိုဖြိုးချမ်းငြိမ်း..........................................................၁၀၀၀၀-
(အူဆန်မြို့ )
၁၄။ကိုအောင်ကျော်စိုး(ကားပစ္စည်းစက်ရုံ).............................၁၀၀၀၀-
၁၅။ကိုအောင်ဆွေ..........................................................၁၀၀၀၀-
၁၆။ကိုကျော်မင်းဦး.........................................................၁၀၀၀၀-




READ MORE......

Tuesday, March 8, 2011

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ရွှေမြန်မာအပေါင်းအား ဖိတ်ကြားအပ်ပါသည်။
နှစ်စဉ်လှူဒါန်းနေကျဖြစ်သော ကျွန်တော်တို့ ယုံအမ်းရွှေညီအစ်ကိုများနှင့် သူငယ်ချင်းတစ်စုတို့၏ သဒ္ဓါကြည်ဖြူ ကုသိုလ်တော် ဆွမ်းအလှူတော်မင်္ဂလာတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းအားလည်း နေ့လယ်စာ ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမည်ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း အတူတကွ ကုသိုလ်ယူကာ ကြွရောက်ချီးမြှောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၃ - ၃- ၂၀၁၁ (တနင်္ဂနွေနေ့)
တရားနာချိန် = နံနက် ၁၀ နာရီ
ဧည့်ခံချိန် = နံနက် ၉ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

လေးစားစွာဖြင့်
ယုံအမ်းရွှေညီအစ်ကိုများနှင့် သူငယ်ချင်းတစ်စု

READ MORE......

Friday, March 4, 2011

စိတ္တသုခလူမှုကူညီရေးအသင်းမှ ကျန်းမာရေးကူညီမှုပြုလုပ်ခြင်း


ဒေဂူးမြို့ စိတ္တသုခလူမှုကူညီရေးအသင်းမှ ကင်ဆာရောဂါဝေဒနာရှင် ကိုအောင်နိုင်ဝင်း အတွက် ဝမ် ငါးသိန်း ကူညီမှုပေးပါသည်။
အောက်ပါအလှူရှင်များမှ စုပေါင်း၍ ကျန်းမာရေးကူညီခြင်းဖြစ်ပါသည်-
၁။ဆရာတော်ဦးဝိစိတ္တ ……………............................ဝမ် ၁၀၀၀၀၀-
၂။ရွှေကမ္ဘာ မြန်မာစတိုးမိသားစု................................ ၁၅၀၀၀၀-
၃။ကိုဘုန်းနိုင် UB မြန်မာစတိုး ......………..................၁၀၀၀၀၀-
၎။ စိတ္တသုခ လူမှုကူညီရေး အသင်း၏ စုပေါင်းလှူဒါန်းငွေ....၁၅၀၀၀၀-

(ကိုအောင်နိုင်ဝင်း ၏ကျန်းမာရေးသတင်း သိလိုလျှင် ဓါတ်ပုံကိုကလစ် ပါ။)

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster