Monday, July 26, 2010

ဆရာဒကာတို့၏ အောင်ပွဲတစ်ခု…

ရေးသားသူ = ကပ္ပိယဆန်းကြယ်

ပြီးခဲ့တဲ့ တနင်္ဂနွေ (၂၅-၇-၂၀၁၀) နေ့က ကျွန်တော်တို့ရဲ့ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီး ကျောင်းမှာ ဒုတိယ အကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီအလှူပွဲမှာ အဝေးက ကြွရောက်တော် မူလာကြတဲ့ ဆရာတော်များနဲ့ ပရိတ်သတ်ကို စိတ္တသုခကျောင်း ဆရာတော်က အရင်ဆုံး မိတ်ဆက်ပေးပါတယ်။ ဆရာတော်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ဘယ်ကျောင်းက ဆရာတော်များ ကြွလာတယ် ဆိုတာကိုပါ သိရှိဖူးမျှော်ကြည်ညိုခွင့် ရခဲ့ပါတယ်။ အလှူပွဲကို ဘူဆန်မြို့မှာရှိတဲ့ ပြည်တော်ဦးကျောင်း ဆရာတော်၊ ဆိုးလ်မြို့မှာရှိတဲ့ ဗောဓိရိပ်သာကျောင်း ဆရာတော်နဲ့ အင်ချွန်း၊ ဘူဖျောင်းမြို့မှာရှိတဲ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်တို့ ကြွရောက်ချီးမြှောက်တော် မူပါတယ်။ ကိုရီးယားရောက် မြန်မာဆရာတော်များနဲ့ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ဆရာတော်တို့ ကြွရောက်ကာ တရားတော်များ ဟောကြားချီးမြှင့်တော် မူတဲ့အတွက် ကျွန်တော်တို့လည်း တရားစကား မှတ်သာနာကြားခွင့် ရခဲ့ကြပါတယ်။

အဲဒီနေ့ အခမ်းအနားမှာ ပြည်တော်ဦးဆရာတော် ဟောကြားတော်မူတဲ့ ဆရာဒကာညီညွတ်ဖို့ လိုကြောင်း တရားစကားတော်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေမိပါတယ်။ ပြည်တော်ဦးဆရာတော်က “ဆရာနဲ့ ဒကာမှာ ဆရာချည်းပဲလည်း မပြီးသလို ဒကာချည်းပဲလည်း မပြီးတဲ့အကြောင်း၊ ဆရာရှိပေမယ့် ဒကာမရှိရင် မဖြစ်နိုင်သလို ဒကာရှိပေမယ့်လည်း ဆရာမရှိရင် မဖြစ်နိုင်ကြောင်း ဆရာဒကာ နှစ်ဘက်စုံမှ အောင်မြင်မှု ရနိုင်ကြောင်း၊ ဗုဒ္ဓသာသနာ့သမိုင်း တစ်လျှောက်ကြည့်ရင် ဆရာဒကာ ညီညီညွတ်ညွတ် ရှိခဲ့တဲ့အတွက်ကြောင့် ဒီနေ့အထိ သာသနာတော်ဟာ ကမ္ဘာတစ်ဝှန်း ပြန်နှံ့တည်နေနိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီနေ့ပွဲဟာလည်း ပြောမယ်ဆိုရင် ဆရာနဲ့ဒကာတို့ရဲ့ ညီညွတ်မှု အထိန်းအမှတ် အောင်ပွဲတစ်ခုပင် ဖြစ်ကြောင်း” စသဖြင့် မိန့်ကြားတော် မူပါတယ်။

အလှူနေ့က ဆရာတော် ဟောကြားတာတွေနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်း တိုးတက်လာမှုလေးတွေကို ပြန်စဉ်းစားရင်း ဘုန်းကြီးကျောင်းနဲ့ ပတ်သက်တာတွေကို အစအဆုံး သိနေခဲ့တဲ့ ကပ္ပိယတစ်ယောက် အနေနဲ့ ပီတိဖြစ်ရပါတယ်။ ဆရာဒကာ ညီညွတ်ဖို့ လိုတယ်ဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့ရဲ့ ဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ ဒကာတွေကတော့ ပြောစရာ မလိုလောက်အောင် ညီညွတ်နေတယ်လို့ ခံစားမိပါတယ်။ ဆရာကလည်း ဆရာဆိုပြီး အရာရာ မိမိသဘောအတိုင်း မလုပ်သလို ဒကာတွေကလည်း ဆရာ့ကိုကျော်ပြီး လုပ်တာ ဘာမှမရှိတာကို ဆရာတော့်အနားမှာ ရှိနေတဲ့ ကပ္ပိယကျွန်တော်က ပိုသိနေတော့ ညီညွတ်မှုရဲ့ အားကိုလက်တွေ့ ခံစားမိပါတယ်။

ဒီလို ဆရာဒကာ ညီညွတ်တဲ့ အတွက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းဟာ အချိန်တို အတွင်းမှာကို အတိုင်းအတာ တစ်ခုအထိ တိုးတက်ဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ပေါ်ပေါက်လာတာ တကယ်တော့ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုဆို ဘုန်းကြီးကျောင်းဟာ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ဝန်းဝန်းနဲ့ တကယ့်ကိုပဲ ဂုဏ်ယူစရာ ဖြစ်လာနေပါတယ်။ အရင်တုန်းက ခပ်ကျဉ်းကျဉ်းလေးဆိုတော့ ဆရာတော် ကိုယ်တိုင်လည်း တစ်ခြားဆရာတော်တွေနဲ့ ဧည့်သည်တွေကို ကျောင်းကိုပင့်ဖိတ်ချင်ပေမယ့် မပင့်ဖိတ်နိုင်ဘူးလို့ အမိန့်ရှိဖူးပါတယ်။ ခုတော့ အဝေးမှာရှိနေတဲ့ ဆိုင်ရာဆိုင်ရာ ကျောင်းထိုင်ဆရာတော်များအထိ ပင့်ဖိတ်ပြီး စိတ္တသုခ ဘုန်းတော်ကြီးကျောင်းရဲ့ ဆရာဒကာ ညီညွတ်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကြွရောက်တော်မူလာကြတဲ့ ဆရာတော်များရဲ့ ချီးမြှောက်မှုကြောင့် ကုသိုလ်တရား တိုးပွားပြီး ၀မ်းသာမဆုံး ဖြစ်နေကြတဲ့ ဒကာဒကာမတွေရဲ့ မျက်နှာပေါ်မှာ ပီတိနဲ့အတူ ညီညွတ်မှုရဲ့အားကိုပါ မြင်ရတော့ ကြွရောက်လာကြတဲ့ ဆရာတော်များကလည်း ထပ်တူဝမ်းသာပီတိ ကိုယ်စီနဲ့ ပြုံးရွှင်နေကြတာကိုပါ ဖူးတွေ့ရပါတယ်။

ပိုပြီးကျေနပ်စရာ ကောင်းတာက ဒယ်ဂူးမြို့မှာ ဘုန်းကြီးကျောင်း ပေါ်ပေါက်လာပြီးနောက်မှာ ဆရာတော်နဲ့ ကျောင်းအကျိုးဆောင်များ ဒယ်ဂူးမြို့ရှိ ဒကာဒကာမများက ဘုန်းကြီးကျောင်းအတွက်တင် မဟုတ်ဘဲ မြန်မာပြည်မှာ ရှိနေတဲ့ အရေးပေါ် လိုအပ်တဲ့ နေရာတွေအထိ တတ်နိုင်သမျှ ပို့ဆောင်လှူဒါန်း နေတယ်ဆိုတဲ့ အချက်ပါပဲ။ ပြီးခဲ့တဲ့ နှစ်လပိုင်းကလည်း ကျောင်းတစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ မြန်မာပြည်မှာရှိတဲ့ အိတ်ခ်ျအိုင်ဗီ ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာအတွက် တတ်နိုင်သမျှ ၀ိုင်းဝန်း လှူဒါန်းလိုက်ကြပြီး ဖြစ်တဲ့အပြင် ဟိုတစ်လောကပဲ မြန်မာပြည် ရေပြတ်လတ်မှုမှာ တတ်နိုင်သမျှ လှူဒါန်းလိုက်ကြပါသေးတယ်။ ပြီးတော့ မကြာသေးခင်ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်စက် အလှူမှာ အားဖြည့်လှူဒါန်း ခဲ့ကြပြန်ပါတယ်။ ကျွန်တော်တို့ ဆရာဒကာတွေဟာ ကိုရီးယားမှာတင်မဟုတ်ဘဲ မြန်မာပြည်အထိ တတ်နိုင်သမျှ ပရဟိတအလုပ်တွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ကျေနပ်စရာကောင်းတဲ့ ဆရာဒကာညီညွတ်မှုရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ သမိုင်းတစ်ခုအနေနဲ့ ရေးထိုးနိုင်စေမယ့် ကျွန်တော်တို့ရဲ့ ဆရာဒကာညီညွတ်မှုရဲ့ သင်္ကေတတွေကို တစ်ခုချင်း ပြောမယ်ဆိုရင်တော့ မကုန်နိုင်ပါဘူး။ သေချာတာကတော့ ဒယ်ဂူးမြို့မှာရှိတဲ့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်နဲ့ ဒကာဒကာမများရဲ့ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွတ်မှုတွေကတော့ ကျေနပ်စရာနဲ့ ဂုဏ်ယူစရာတွေပဲ ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အမြင် ကျွန်တော်တို့ရဲ့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း အချိန်အတိုအတွင်းမှာ ခုလိုတူတူတန်တန် လေးဖြစ်လာတာဟာ ဆရာနဲ့ ဒကာတွေအားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ တူညီတဲ့ သဒ္ဓါတရားနဲ့ တူညီတဲ့ စိတ်ထားတွေကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။ ဆရာတော်ပဲ ဖြစ်ဖြစ် ဒကာဒကာမတွေပဲ ဖြစ်ဖြစ် ဒီကျောင်းတော်အပေါ်မှာ ဘယ်သူမှ တစ်သီးပုဂ္ဂလ ခံစားချက်မရှိကြဘဲ အားလုံးရဲ့စိတ်မှာ ဒီကျောင်းကြီး ဒီထက်ပိုမိုတိုးတက် စည်ပင်ပြန့်ပွားဖို့ပဲ ရှိနေကြတော့ ကျောင်းတော်နဲ့ ပတ်သက်လာမယ်ဆိုရင် ဆရာရော ဒကာပါ အကုန်အနစ်နာ ခံနိုင်တယ်ဆိုတာ အထူးပြောစရာ မလိုအောင် ဖြစ်နေပါတယ်။ ဘုန်းကြီးကျောင်းကို ခုတုံးလုပ်ပြီး အသုံးချမယ့်သူများ၊ ဘုန်းကြီးကျောင်း သိက္ခာကျစေမယ့် လုပ်ရပ်များကို ဖြစ်ပေါ်စေမယ့်သူများ တစ်ဦးတစ်ယောက်မှ မရှိတာကလည်း ဒီကျောင်းကြီး ကောင်းစေရေးအတွက် အထူးအားအင်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ဦးစနှစ်ဦးစ အနေနဲ့တော့ ဆရာတော့်အပေါ် အမြင်စောင်းတဲ့သူတွေ ရှိချင်ရှိနိုင်ပါတယ်။ ဒါကလည်း လောကမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဆရာတော် ရင်ထဲမှာတော့ အားလုံးအပေါ် အနီးအဝေးမခွဲ တစ်ပြေးညီတည်း ထားတယ်ဆိုတာ ညစဉ်ပွားနေတဲ့ ဆရာတော်ရဲ့ မေတ္တာအားတွေက သက်သေပြနေ တယ်ဆိုတာ အနီးနေ ကပ္ပိယဖြစ်တဲ့ ကျွန်တော်က ပိုပြီးသိနေပါတယ်။ ထားပါတော့။ အနာဂတ် ကာလမှာ ဒီကျောင်းကို ဘယ်သူကဦးဆောင်ပြီး ဘယ်သူက ပံ့ပိုးပေးကြမယ်ဆိုတာ မပြောနိုင်ကြပေမယ့် နောင်လာမယ့် ဆရာနဲ့ဒကာတွေအတွက် လက်ရှိသူတွေကတော့ အခိုင်အမာ သမိုင်းတစ်ရပ် ထွန်းနိုင်အောင် ရှိတဲ့အခိုက်မှာ အထူးကြိုးစား နေကြတယ်ဆိုတာ သေချာပေါက် ပြောနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီဆရာနဲ့ ဒီဒကာတွေရဲ့ ညီညွတ်မှုတွေမှာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးထားတာတွေက ရှိနေကြတော့ သာမန်ညီညွတ်မှုနဲ့ မတူဘူးဆိုတာ ပြောနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဆရာတော် ကိုယ်တိုင်ကလည်း ဒီဒကာဒကာမတွေရဲ့ ပံ့ပိုးမှုကြောင့် ဆရာတော် သာသနာပြု လုပ်ငန်းတွေ လုပ်နေနိုင်တာ၊ ပရဟိတ လုပ်ငန်းတွေ လုပ်နေနိုင်တာဆိုပြီး ကျေးဇူးတင်ကာ မေတ္တာများများ ပွားပေးနေသလို ဒကာဒကာမတွေကလည်း ဆရာတော် အခုလို သတင်းသုံးနေထိုင်ပြီး ဟောပြောဆုံးမ၊ ရေးသားပြသနေတာ တွေကြောင့် ကုသိုလ်တရားများ လုပ်ခွင့်ရနေတာလို့ဆိုကာ ဆရာတော့်အပေါ် ကျေးဇူးတင် ဦးခိုက်နေတာ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ကျေးဇူးတင်နေတတ်တာကိုက ညီညွတ်မှုနဲ့ အောင်မြင်မှုရဲ့ သော့ချက်တစ်ခု ဖြစ်နေတာလို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ပြီးခဲ့တဲ့ အလှူပွဲနေ့ကတောင် ပြန်ခါနီး ဒကာမတစ်ယောက်က ဆရာတော်ကို လျှောက်နေတာ ကျွန်တော် ကြားလိုက်ရပါသေးတယ်။ အဲဒီဒကာမက “တပည့်တော်တို့ အခုလို ကုသိုလ်တရားတွေ လုပ်ခွင့်ရတာ၊ တပည့်တော်တို့ အခုလို လှူနိုင်တမ်းနိုင်ကြတာ ဆရာတော် ရှိနေလို့ပဲ ဘုရား..၊ မနှစ်က ဆရာတော် မြန်မာပြည် ပြန်ကြွသွားတော့ တပည့်တော်တို့မှာ တော်တော် ခြောက်ခြောက်ကပ်ကပ် ဖြစ်သွားပြီး ကုသိုလ်တရားတွေပါ လုပ်ဖို့ခက်သွားတာကို လက်တွေ့ခံစား ခဲ့ရပါတယ်ဘုရား…၊ ဒါကြောင့် အခုလို ဒီမှာသတင်းသုံးပြီး ကုသိုလ်တရားတွေ လုပ်ခွင့်ပေးနေတဲ့ ဆရာတော်ကို ကျေးဇူးတင်ပါတယ်ဘုရား…”လို့ လျှောက်ထားတာကို ကြားလိုက်ရပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဘုန်းကြီးကျောင်းနဲ့ ဆရာဒကာတွေရဲ့ အပြန်အလှန် ညီညွတ်မှု၊ တစ်ဦးနဲ့ တစ်ဦးကျေးဇူးတင်တတ်မှု၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုနဲ့ ကွယ်ရာမှာ ပြစ်တင်ပြောဆိုတာတွေ မရှိမှုတွေကတော့ ဘာနဲ့မှ မလဲနိုင်တဲ့ ဆရာနဲ့ဒကာတို့ရဲ့ အောင်ပွဲတစ်ခု ဆိုတာကတော့ တိုးတက်ဖြစ်ထွန်းပြီး တတ်နိုင်တဲ့ဘက်က အမျိုးဘာသာ သာသနာအတွက် ပံ့ပိုးဖြစ်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ဒကာဒကာမတို့ရဲ့ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေက သက်သေပြနေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတော့တယ်။ နောင်အနာဂတ်မှာလည်း ဒီလိုပဲ ညီညီညွတ်ညွတ် သွားနေကြမယ်ဆိုရင် အောင်မြင်မှုတွေဟာ တစ်ခုပြီးတစ်ခု ဆက်ဆက်ဖြစ်ပေါ်နေမယ် ဆိုတာအသေအချာပဲလို့ စဉ်းစားရင်း နောက်ဆုံးအနေနဲ့ ကပ္ပိယ ကျွန်တော်ကတော့ ဒီလို ပြောလိုက်ချင်ပါတော့တယ် “အဲဒါ… ဆရာဒကာတို့ရဲ့ ညီညွတ်တဲ့ အားနဲ့ ဆရာဒကာတို့ရဲ့ အောင်ပွဲတစ်ခုပဲ”လို့…။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster