Monday, January 18, 2010

သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ…

by ဘုန်းဘုန်း ဦးဝိစိတ္တ

ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၁-၂၀၁၀)နေ့က ၁လပိုင်း ၁၅ရက်နေ့မှာ ပြည့်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ ၃၅နှစ်ပြည့် မွေးနေ့အလှူပွဲကို ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာတော်အလှူပွဲ ဖြစ်တဲ့အတွက် အားလုံး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။ ပင့်သံဃာများ၊ သီလရှင် ဆရာလေးများနဲ့ မြန်မာ၊ ကိုရီးယား ဧည့်ပရိတ်သတ်များ စုစုပေါင်း ၁၅၀ကျော်ကျော် လာရောက်ပူဇော်ပြီး တရားဓမ္မနာယူကာ ပျော်ပျော်ပါးပါး စားရင်း စကားပြောရင်းဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ကြပါတယ်။ ဒီအလှူပွဲဟာ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲလို့ အမည်တပ်ခဲ့ပေမယ့် ကိုရီးယားရောက် မြန်မာဒကာ၊ ဒကာမများနဲ့ ကိုရီးယား ဒကာဒကာမ အချို့ရဲ့ အလှူပွဲပဲ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က နေ့လယ်စာအတွက် ဆွမ်းလှူတာက ယုံရှင်းစက်မှုဇုံမှာ လာရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပြီး အချိုလက်ဘက်ရည်အတွက် ဂျိလျန်းစက်ရုံက ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပါတယ်။ ပြီးတော့ ပင့်သံဃာများနဲ့ ဆရာလေးများအတွက် ခရီးစရိတ်အပါအ၀င် န၀ကမ္မအလှူများကို လှူဒါန်းတာက ဘုန်းဘုန်းရဲ့ ဓမ္မပူဇာတွေထဲက လှူတာဆိုပေမယ့် ဘုန်းဘုန်းရဲ့ ဓမ္မပူဇာဆိုတာကလည်း မြန်မာများ၊ ကိုရီးယားများကို တရားဓမ္မ ဟောပြောပေးတဲ့အတွက် ဒကာဒကာမများရဲ့ ပူဇော်လှူဒါန်းမှုကြောင့် ဖြစ်ပေါ်လာတာဆိုတော့ ဒကာဒကာမများရဲ့ အလှူပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေ့ စုပေါင်းအလှူရေစက်ချ တရားနာတဲ့အခါမှာတော့ ဘုန်းဘုန်းက ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဆိုပေမယ့် အများက စုပေါင်းကျင်းပပေးတဲ့ အလှူပွဲဖြစ်လို့ “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ အမည်လေးနဲ့ တရားတစ်ပုဒ် ဟောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ သေချာပြန်တွေးကြည့်ရင် အဲဒီနေ့က အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းမွေးနေ့အလှူလို့ ဆိုနိုင်ပေမယ့် လှူဒါန်းကြတာကတော့ ဒကာဒကာမတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အလှူပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ဓမ္မပူဇာ န၀ကမ္မတွေဟာ ဘုန်းဘုန်းရဲ့ အလှူပဲပေါ့ဘုရားလို့ ပြောလို့ရပေမယ့် တကယ်တော့ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်ဆိုတာ ဘာမှ မရှိခဲ့ပါဘူး။ ဘုန်းကြီးပဲ ကိုယ်ပိုင်ဥစ္စာ ဘာရှိမှာလဲပေါ့။ ဒီလို ဓမ္မလမ်းကြောင်းက ပြောမယ်ဆိုရင်တော့ ဒကာဒကာမတွေရဲ့ ကိုယ်ပိုင်ဥစ္စာဆိုတာလည်း မရှိပြန်ပါဘူး။ အားလုံး ကိုယ်ပိုင်တာ တစ်ခုမှ ရှိတာမှ မဟုတ်ပဲ။ ကိုယ်ပိုင်လို့ပြောနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင် ကိုယ်ပိုင်မဖြစ်ဘဲ သူ့အလိုလို ဖြစ်ပျက်နေတာ ကျန်တာတွေကတော့ အထူးပြောစရာ မရှိတော့ဘူးလေ။ ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်အရာလို့ ဆိုကြပေမယ့် သေရင်အကုန် ထားခဲ့ရမယ့် အရာတွေဆိုတော့ ကိုယ်ပိုင်ထားတာက အမှန်တော့ ဘာမှမရှိကြပါဘူး။ ဒါပေမယ့် အဲဒီရှာဖွေထားတဲ့ အရာတွေ၊ ကိုယ်ပိုင်ဥစ္စာလို့ ပြောတဲ့အရာတွေကို တကယ့်ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေဖြစ်အောင် လုပ်ပြီးရယူသွားနိုင်တာတော့ ရှိတာပေါ့။ ကောင်းတဲ့အလုပ်များကို လုပ်ရင်း ကောင်းတဲ့သူတွေ ဖြစ်လာအောင်ကြိုးစားပြီး သူတော်ကောင်းဆိုတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် ရောက်အောင်ကျင့်ကြံ နေထိုင်နိုင်မယ်ဆိုရင် သူတော်ကောင်းတွေ ပိုင်ဆိုင်ထားနိုင်တဲ့ ဥစ္စာတွေလည်း ရရှိပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့က ဘုန်းဘုန်းအနေနဲ့ သူတော်ကောင်း ဥစ္စာခုနှစ်ပါးအကြောင်း တရားတစ်ပုဒ် ဟောထုတ်ဖြစ်ခဲ့တယ်ဆိုပါတော့။

မှန်ပါတယ်။ ကိုယ်ရှာဖွေ စုဆောင်းထားတာတွေဟာ သေရင်အကုန်ထားခဲ့ရမှာ ဖြစ်တဲ့အတွက် အဲဒီ ခဏတာ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ကောင်းတဲ့အလုပ်တွေလုပ်ရင်း ကုသိုလ်ကောင်းမှုများမှာ ရင်းနှီးပေးခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာများအဖြစ် ထာဝရပိုင်ဆိုင်ထားနိုင်ပြီး ဘ၀သံသရာမှသည် နိဗ္ဗာန်အထိ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေတယ်ဆိုတာလည်း ခဏတာ ပိုင်ဆိုင်နေရတဲ့ ဒီအပြင် ရုပ်ပိုင်းဆိုင်ရာတွေကို အမြဲကိုယ်ပိုင် ဥစ္စာအဖြစ် ပြောင်းပြီးယူနိုင်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတွေ ပိုင်ဆိုင်ရမယ့် သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကို ရယူနေသူတွေပဲ ဖြစ်ပါတယ်။ သူတော်ကောင်း ဥစ္စာခုနှစ်ပါးဆိုတာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေပါပဲ။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးအပြစ်ကို ယုံကြည်မှုဖြစ်ပြီး သီလဆိုတာ လူပုဂ္ဂိုလ်များအတွက် အလိုလို လုံခြုံနေရမယ့် နိစ္စသီလခေါ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ အထူးစောင့်ထိန်းတဲ့ ဥပေါသထသီလခေါ် ရှစ်ပါးသီလ၊ န၀င်္ဂသီလခေါ် ကိုးပါးသီလ စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စောင့်ထိန်းမှုတွေပဲ ဖြစ်ပါတယ်။ သုတဆိုတာကတော့ လောကီလောကုတ္တရာ အထွေထွေ ဗဟုသုတ အသိဉာဏ် (General knowledge) ကို ဆိုလိုပြီး စာဂဆိုတာက ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ စာဂဆိုတာ ဒါနလုပ်တာကို ပြောတာပါပဲ။ ငါးခုမြောက် သူတော်ကောင်း ဥစ္စာဖြစ်တဲ့ ပညာက အထွေထွေ ဗဟုသုတ ဉာဏ်ပညာများကို ဆိုတာမဟုတ်ဘဲ ၀ိပဿနာ ဉာဏ်ပညာကို ပြောပါတယ်။ ဆိုလိုတာက တရားအားထုတ်ခြင်းဖြင့် သိနိုင်တဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပညာ (Insight knowledge) လို့ ဆိုလိုတာပါ။ ဟိရီက မကောင်းမှု အကုသိုလ်ပြုရမှာ ရှက်ခြင်းလို့ အဓိပ္ပါယ်ရပြီး သြတ္တပ္ပက မကောင်းမှု အကုသိုလ် လုပ်ရမှာ ကြောက်တာကို ပြောတာပါ။ ဒီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားခုနှစ်ပါးကို ပိုင်ဆိုင်ထားတဲ့သူကိုသာ သူတော်ကောင်းလို့ ဆိုနိုင်ပြီး ဒီဥစ္စာခုနှစ်ပါးဟာလည်း သူတော်ကောင်းများအတွက် ဘယ်တော့မှ မပျောက်ပျက် မပျက်ဆီးနိုင်တော့တဲ့ ထာဝရ ဥစ္စာများဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတို့ သွားရာလမ်းကို လျှောက်လှမ်းနေသူများ ဖြစ်ပြီး ကုသိုလ်ကောင်းမှု လုပ်နေခြင်းဟာလည်း ထာဝရ မပျက်ဆီးနိုင်တဲ့ သူတော်ကောင်းဥစ္စာများကို ရယူနေခြင်းဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတာဟာ ထာဝရ မပျက်ဆီးနိုင်မယ့် ဥစ္စာရိက္ခာတွေကို ထုတ်နေခြင်း ဖြစ်ပါတယ်။ ကုသိုလ်ပွဲဆင်နွဲနေချိန်ဟာ ဒီဥစ္စာတွေ အကုန်ရနေချိန်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အလှူပွဲတစ်ခု လုပ်တယ်ဆိုကြပါစို့..။ ဒီအလှူပွဲ လုပ်ဖြစ်ဖို့ဆိုတာ အရင်ဆုံး သဒ္ဓါတရား ရှိမှဖြစ်ပါတယ်။ သဒ္ဓါတရား မရှိဘဲ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါဟာ သဒ္ဓါဆိုတဲ့ သူတော်ကောင်း ဥစ္စာကို ရရှိနေမှုပါပဲ။ အလှူပွဲမှာ ဘုရားအစရှိတဲ့ သံဃာတော်များ၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေးဧည့်ခံခြင်းဆိုတဲ့ ဒါနလုပ်နေတဲ့အတွက် စာဂဆိုတဲ့ ဥစ္စာကို ရနေတာဖြစ်ပါတယ်။ ကျွေးမွေးဧည့်ခံပြီးနောက်မှာ တရားနာ ရေစက်ချ အမှုကို ပြုတဲ့အခါမှာလည်း သီလဆောက်တည်မှု ပြုတာ၊ ဆရာတော်များ ဟောကြားတဲ့ အသိဉာဏ် ဗဟုသုတတွေ ရနေတာ၊ မေတ္တာဘာဝနာနဲ့ လွတ်မြောက်မှုတရားများကို နာကြားရင်း ကိုယ့်သန္တာန်မှာ ၀ိပဿနာ ဉာဏ်ပညာတွေ ဖြစ်နေတာ၊ ဒီလို အလှူဒါန လုပ်နေတဲ့အချိန်မှာ မကောင်းမှု အကုသိုလ်ကို မလုပ်ဖြစ်ပဲ ကုသိုလ်ကောင်းမှုတွေပဲ လုပ်ဖြစ်နေတဲ့အတွက် ဟိရီဆိုတဲ့ သူတော်ကောင်းဥစ္စာ၊ သြတ္တပ္ပဆိုတဲ့ သူတော်ဥစ္စာတွေနဲ့ ပြည့်စုံနေတာတွေဟာ တစ်ပြိုင်တည်း ဖြစ်နေပါတော့တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်နေခြင်းဟာ အမြဲမပျက် ပျက်ဆီးခြင်းသဘော ရှိနေတဲ့ ခဏတာ ပိုင်ဆိုင်မှုများကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲယူနေတာဖြစ်ပြီး ကုသိုလ်လုပ်နေဆဲ အခိုက်မှာ ဒီသူတော်ကောင်း ဥစ္စာခုနှစ်ပါးဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေကို တစ်ပြိုင်တည်း ရနေတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ ဒီလို အခိုက်အတန့် ပြည့်စုံမှုမှ အမြဲထာဝရ ပြည့်စုံမှုများအဖြစ် တည်တံ့နေနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှုများဖြင့်သာ နေထိုင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုရာမှာ ဘယ်သူက သူကြီးပဲ ဖြစ်ဖြစ်၊ ဘယ်သူက ရွာသားပဲ ဖြစ်ဖြစ် အဓိက မကျပါဘူး။ ဘုရားကသာ အဓိကကျပါတယ်။ ဘုရားကို အမှီပြုပြီး ပေါ်ပေါက်လာတဲ့ ကုသိုလ်ကောင်းမှုကသာ အဓိကကျပါတယ်။ သူကြီးဆိုတဲ့အမည် ရွာသားဆိုတဲ့ အမည်တွေထက် ဘုရားကို အကြောင်းပြုပြီး ကောင်းမှုပြုဖြစ်ခြင်းက အဓိကကျပါတယ်။ သေချာတာကတော့ ကောင်းမှုပြုနေချိန်ဟာ ခဏတာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေကို သူတော်ကောင်းဆိုတဲ့ အမည်နာမ ပြောင်းလဲကာ ထာဝရပိုင်ဆိုင်နိုင်တဲ့ သူတော်ကောင်း ဥစ္စာများအဖြစ် ယူဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းရဲ့ အလှူလို့ ဆိုနိုင်ပြီး လှူဒါန်းမှုကတော့ အများရဲ့ စုပေါင်းလှူဒါန်းမှုပဲ ဖြစ်တဲ့အတွက် “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ သဘောမျိုး ဖြစ်ခဲ့ပေမယ့် ကုသိုလ်ကောင်းမှုတစ်ခုကို စုပေါင်းညီညာစွာ လုပ်ဖြစ်ခဲ့တယ်ဆိုတာ၊ ဘုန်းဘုန်းရဲ့ မွေးနေ့ဆိုတဲ့ အမည်နာမကို အကြောင်းပြု၍ ကောင်းမှုကိုသိုလ် ပြုခွင့်ရလိုက်တဲ့အတွက် ထာဝရမပိုင်ဆိုင်တဲ့ အရာတွေကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲရယူ နိုင်ခဲ့တယ်ဆိုတာ၊ ကုသိုလ်ကောင်းမှု ပြုနေတဲ့အချိန်မှာ ကုသိုလ်ပွဲ ပြုလုပ်ပါဝင် နွဲဆင်ခဲ့တဲ့ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ သူတော်ကောင်း ဥစ္စာများ ပိုင်ဆိုင်ခွင့် ရခဲ့တယ်ဆိုတာ သေချာတွေးကြည့်ရင် ပြေးကြည့်စရာ မလိုပဲ ၀မ်းမြောက်ဖွယ်ရာ သာဓုခေါ်နိုင်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က အလှူကို ဘုန်းဘုန်းကတော့ “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုတာထက် သူကြီးရော ရွာသားများပါ ပေါင်းစုပြီး ကောင်းမှုပြုကြတဲ့ ပွဲပုံစုံမျိုး ဖြစ်ခဲ့တဲ့အတွက် “ဘုရားဒကာ သူကြီးနဲ့ရွာ”လိုပဲ ၀မ်းမြောက်ဝမ်းသာ ဆိုလိုက်ချင်ပါတော့တယ်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster