Saturday, January 30, 2010

ဖိတ်ကြားအပ်ပါသည်။

United Brothers ညီအကိုများစုပေါင်း၍ ဘုရားအနေကဇာတင်၊ပရိတ်တရားတော်နာ၊ ဆွမ်းကျွေး အလှူဒါန ကုသိုလ် ပြုမည်ဖြစ်ပါသည်။

ရွှေမြန်မာ ညီအကိုမောင်နှမများ အားလုံး အတူတကွတရားတော်နာယူနိုင်ရန် နှင့် ကုသိုလ်ဒါနများကို သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်၊အချိန် = ၇-၂-၂၀၁၀ (တနင်္ဂနွေနေ့) နံနက်(၉)နာရီမှ စတင်ပါမည်။

နေရာ=United Brothers စားတော်ဆက်၊ဒေဂူးမြို့။
(မြိတ် ကြာဇံချက် ဖြင့် ဧည့်ခံပါမည်။)

အပြည့်အစုံသို့...



READ MORE......

Tuesday, January 26, 2010

ကိုရီးယား နှစ်သစ်ကူးပိတ်ရက် အလှူဒါနများ

ကိုရီးယား နှစ်သစ်ကူးပိတ်ရက် အလှူဒါနနှင့် စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်း တစ်နှစ်ပြည့်
အထိမ်းအမှတ် အလှူပွဲ ဖိတ်ကြားခြင်း

၁၄-၂-၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ဂယောင်ဆန်-ဂျီလျန်း စက်မှုဇုံ ရွှေညီအကိုများမှ စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အလှူဒါန ကုသိုလ်ပြုမည်ဖြစ်ပါသည်။

၎င်းနေ့တွင် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အလှူပွဲကို တဆက်တည်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။
တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ ပရဟိတ အဖွဲ့အစည်းတစ်ခုခုသို့ ထိုက်ထိုက်တန်တန် ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ဘုန်းတော်ကြီးကျောင်း၏ ဒကာ၊ဒကာမများမှ မိမိတို့ နှစ်သက်ရာဌာနကို အကြံပြုပါရန် ဖိတ်ခေါ်ပါသည်။

အလှူပွဲ အစီအစဉ်များကို ထပ်မံ ကြေညာပါမည်။

ကျောင်းအကျိုးတော်ဆောင်အဖွဲ့


အပြည့်အစုံသို့...

READ MORE......

Friday, January 22, 2010

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ၏ အစီရင်ခံစာ

မြန်မာညီအကို မောင်နှမအပေါင်းတို့ခင်ဗျာ.......

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းကို ကျွန်တော်တို့ ညီအကိုမောင်နှမများ စုပေါင်းတည်ထား ခဲ့သည်မှာ မကြာခင် ရက်အနည်းငယ်မှာ တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်ပါသည်။

ကျောင်းတော်ကြီးကို စတင် တည်ထောင်ခဲ့စဉ်က ဒေဂူးမြို့နှင် အနီးတဝိုက်မှ ဗုဒ္ဓဘာသာဝင်များ ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်များ ပြုနိုင်ရန်၊ လူမှုရေးကိစ္စများ လွယ်လင့်တကူ ဆောင်ရွက်နိုင်ကြ စေရန် ၊ဘာသာရေး အသိအမြင်များ တိုးပွားသည်ထက် တိုးပွားလာကြစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ ကြပါသည်။

ယခုဆိုရင် ကျောင်းထိုင် ပဓာနနာယက ဆရာတော် ဦးဝိစိတ္တ သည် ပြည်တွင်းပြည်ပ သာသနာပြု တာဝန်ကို ထမ်းဆောင်နေပြီဖြစ်ပါသည်။ ဆရာတော်အနေနှင့် ကျွန်တော်တို့ ညီအကိုမောင်နှမများ စုပေါင်းကုသိုလ် ပြုထားသည့် ဤကျောင်းတော်ကြီး တွင် သီတင်းသုံးနေထိုင်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ညီအကို မောင်နှမများအားလုံး အတွက် ကုသိုလ်တရားတွေ အလိုလျှောက် တိုးပွား ရရှိနေမယ်ဆိုတာ မြေကြီးလက်ခပ် မလွဲပါ။

ဆရာတော် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် သာသနာတော် အကျိုးကို ထမ်းဆောင်နိုင်ရေး ကျွန်တော်တို့ညီအကိုမောင်နှမများ အားလုံးတွင် တာဝန်ရှိပါသည်။


သို့ပါ၍ ညီအကို မောင်နှမများအနေဖြင့် ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဆရာတော်၏ သာသနာပြုလုပ်ငန်းများ တိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင် ရေး မိမိတို့ စွမ်းဆောင်နိုင်သည့်ဖက်မှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တစ်နှစ်တာ ကာလအတွင်း ကျောင်းတော်ကြီးကို လှူဒါန်းခဲ့ကြသည့် ညီအကိုမောင် နှမများ၏ အလှူငွေများကို ဆရာတော်၏ ကြီးကြပ်ကွပ်ကဲမှု၊ တာဝန်ရှိသူများ၏ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုတို့ဖြင့် သုံးစွဲပြီးငွေစာရင်း၊ လက်ကျန်ငွေစာရင်းတို့ကို ထုတ်ပြန်ပေးပါမည်။ ဘဏ္ဍာရေး စည်းမျဉ်း၊ ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲထုတ်ပြန်ခြင်းမဟုတ်ပါ၍ နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၂၀၀၉ ခုနှစ် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း အလှူငွေ အရအသုံးစာရင်း
ရငွေစာရင်း(ဝမ်)
ကျောင်းဖြစ်မြောက်ရေးအတွက် စတင်ကောက်ခံရငွေ ......................၁၄၃၉၀၀၀၀
၁-၀၉ အလှူခံရငွေ ....................................................................၂၆၁၀၀၀
၂-၀၉ ..................................................................................၁၅၅၀၀၀၀
၃-၀၉ ..................................................................................၂၂၆၅၀၀၀
၎-၀၉ ..................................................................................၁၈၉၅၀၀၀
၅-၀၉ ....................................................................................၆၇၀၀၀၀
၆-၀၉ ..................................................................................၁၁၅၀၀၀၀
၇-၀၉(ဝါဆိုပွဲနှင့် အလှူခံပုံးတို့မှ အလှူခံရငွေ) ...................................၇၅၅၀၀၀
၁၂-၀၉(ဆရာတော်ပြန်လည်ရောက်ရှိလာပြီး လာရောက်
လှူဒါန်းကြသူများမှ အလှူငွေများ) .................................................၁၃၅၀၀၀၀
စုစုပေါင်း အလှူငွေများ ...........................................................၂၄၂၈၆၀၀၀

သုံးငွေစာရင်း(ဝမ်)
ကျောင်းစပေါ်ငွေ .....................................................................၃၀၀၀၀၀၀
ကျောင်းငှားပေးသူ ကိုရီးယားအကျိုးဆောင်အားပေးငွေ .........................၂၀၀၀၀၀
၁၀-၂၀၀၈ ပထမသုံးလစာ ကျောင်းလခ(တစ်လ-၃သိန်း) .......................၉၀၀၀၀၀
၂၀၀၉ တစ်နှစ်လုံးအတွက် ကျောင်းလခ(တစ်လ-၃.၅သိန်း) ..................၄၂၀၀၀၀၀
ဆရာတော်၏ဥပဇ္ဖါယ်ဆရာတော် ပျံလွန်တော်မူ၍ လှူဒါန်းငွေ ................၁၀၀၀၀၀၀
ကျောင်းဖွင့်ပွဲကျင်းပခြင်း ကုန်ကျငွေ ...............................................၁၅၇၀၀၀၀
သင်္ကြန်ပွဲကျင်းပခြင်း ကုန်ကျငွေ ......................................................၂၅၀၀၀၀
တစ်နှစ်တာအတွင်း ဝေယျာဝစ္စ၊အထွေထွေအသုံး ...............................၅၂၇၂၀၀၀
(ကျောင်းပြင်ဆင်စရိတ်၊မီးဖိုချောင်သုံးပစ္စည်းဝယ်၊ရေ၊မီး၊ဂက်စ်
အစရှိသည်အသုံးငွေများ)
စုစုပေါင်းကုန်ကျငွေ .................................................................၁၆၃၉၂၀၀၀

စာရင်းရှင်းလက်ကျန်ငွေ(ဝမ်)
(၁)စုစုပေါင်း အလှူရငွေများ ......................................................၂၄၂၈၆၀၀၀
(၂)စုစုပေါင်းကုန်ကျငွေများ .......................................................၁၆၃၉၂၀၀၀
(၃)လက်ကျန် ငွေသား {၁-၂}.......................................................၇၈၉၄၀၀၀
(၄)(ရရန်ရှိ) စပေါ်ငွေ ................................................................၃၀၀၀၀၀၀
စာရင်းရှင်း လက်ကျန်ငွေ စုစုပေါင်း {၃+၄} ..................................၁၀၈၉၄၀၀၀

ကျောင်းတော်ကြီးတစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မြန်မာပြည်ရှိ လူမှုရေးလုပ်ငန်းများသို့ ပရဟိတ္တ ဒါနကုသိုလ် ပြုမည်ဖြစ်ပါ၍ မိမိတို့ တတ်စွမ်းသမျှ အလှူဒါနပါဝင်ပေးကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါသည်။
ကျောင်းအကျိုးတော်ဆောင်အဖွဲ့။

READ MORE......

Monday, January 18, 2010

သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ…

by ဘုန်းဘုန်း ဦးဝိစိတ္တ

ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၁-၂၀၁၀)နေ့က ၁လပိုင်း ၁၅ရက်နေ့မှာ ပြည့်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ ၃၅နှစ်ပြည့် မွေးနေ့အလှူပွဲကို ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာတော်အလှူပွဲ ဖြစ်တဲ့အတွက် အားလုံး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။ ပင့်သံဃာများ၊ သီလရှင် ဆရာလေးများနဲ့ မြန်မာ၊ ကိုရီးယား ဧည့်ပရိတ်သတ်များ စုစုပေါင်း ၁၅၀ကျော်ကျော် လာရောက်ပူဇော်ပြီး တရားဓမ္မနာယူကာ ပျော်ပျော်ပါးပါး စားရင်း စကားပြောရင်းဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ကြပါတယ်။ ဒီအလှူပွဲဟာ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲလို့ အမည်တပ်ခဲ့ပေမယ့် ကိုရီးယားရောက် မြန်မာဒကာ၊ ဒကာမများနဲ့ ကိုရီးယား ဒကာဒကာမ အချို့ရဲ့ အလှူပွဲပဲ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က နေ့လယ်စာအတွက် ဆွမ်းလှူတာက ယုံရှင်းစက်မှုဇုံမှာ လာရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပြီး အချိုလက်ဘက်ရည်အတွက် ဂျိလျန်းစက်ရုံက ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပါတယ်။ ပြီးတော့ ပင့်သံဃာများနဲ့ ဆရာလေးများအတွက် ခရီးစရိတ်အပါအ၀င် န၀ကမ္မအလှူများကို လှူဒါန်းတာက ဘုန်းဘုန်းရဲ့ ဓမ္မပူဇာတွေထဲက လှူတာဆိုပေမယ့် ဘုန်းဘုန်းရဲ့ ဓမ္မပူဇာဆိုတာကလည်း မြန်မာများ၊ ကိုရီးယားများကို တရားဓမ္မ ဟောပြောပေးတဲ့အတွက် ဒကာဒကာမများရဲ့ ပူဇော်လှူဒါန်းမှုကြောင့် ဖြစ်ပေါ်လာတာဆိုတော့ ဒကာဒကာမများရဲ့ အလှူပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေ့ စုပေါင်းအလှူရေစက်ချ တရားနာတဲ့အခါမှာတော့ ဘုန်းဘုန်းက ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဆိုပေမယ့် အများက စုပေါင်းကျင်းပပေးတဲ့ အလှူပွဲဖြစ်လို့ “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ အမည်လေးနဲ့ တရားတစ်ပုဒ် ဟောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ သေချာပြန်တွေးကြည့်ရင် အဲဒီနေ့က အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းမွေးနေ့အလှူလို့ ဆိုနိုင်ပေမယ့် လှူဒါန်းကြတာကတော့ ဒကာဒကာမတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အလှူပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ဓမ္မပူဇာ န၀ကမ္မတွေဟာ ဘုန်းဘုန်းရဲ့ အလှူပဲပေါ့ဘုရားလို့ ပြောလို့ရပေမယ့် တကယ်တော့ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်ဆိုတာ ဘာမှ မရှိခဲ့ပါဘူး။ ဘုန်းကြီးပဲ ကိုယ်ပိုင်ဥစ္စာ ဘာရှိမှာလဲပေါ့။ ဒီလို ဓမ္မလမ်းကြောင်းက ပြောမယ်ဆိုရင်တော့ ဒကာဒကာမတွေရဲ့ ကိုယ်ပိုင်ဥစ္စာဆိုတာလည်း မရှိပြန်ပါဘူး။ အားလုံး ကိုယ်ပိုင်တာ တစ်ခုမှ ရှိတာမှ မဟုတ်ပဲ။ ကိုယ်ပိုင်လို့ပြောနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင် ကိုယ်ပိုင်မဖြစ်ဘဲ သူ့အလိုလို ဖြစ်ပျက်နေတာ ကျန်တာတွေကတော့ အထူးပြောစရာ မရှိတော့ဘူးလေ။ ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်အရာလို့ ဆိုကြပေမယ့် သေရင်အကုန် ထားခဲ့ရမယ့် အရာတွေဆိုတော့ ကိုယ်ပိုင်ထားတာက အမှန်တော့ ဘာမှမရှိကြပါဘူး။ ဒါပေမယ့် အဲဒီရှာဖွေထားတဲ့ အရာတွေ၊ ကိုယ်ပိုင်ဥစ္စာလို့ ပြောတဲ့အရာတွေကို တကယ့်ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေဖြစ်အောင် လုပ်ပြီးရယူသွားနိုင်တာတော့ ရှိတာပေါ့။ ကောင်းတဲ့အလုပ်များကို လုပ်ရင်း ကောင်းတဲ့သူတွေ ဖြစ်လာအောင်ကြိုးစားပြီး သူတော်ကောင်းဆိုတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် ရောက်အောင်ကျင့်ကြံ နေထိုင်နိုင်မယ်ဆိုရင် သူတော်ကောင်းတွေ ပိုင်ဆိုင်ထားနိုင်တဲ့ ဥစ္စာတွေလည်း ရရှိပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့က ဘုန်းဘုန်းအနေနဲ့ သူတော်ကောင်း ဥစ္စာခုနှစ်ပါးအကြောင်း တရားတစ်ပုဒ် ဟောထုတ်ဖြစ်ခဲ့တယ်ဆိုပါတော့။

မှန်ပါတယ်။ ကိုယ်ရှာဖွေ စုဆောင်းထားတာတွေဟာ သေရင်အကုန်ထားခဲ့ရမှာ ဖြစ်တဲ့အတွက် အဲဒီ ခဏတာ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ကောင်းတဲ့အလုပ်တွေလုပ်ရင်း ကုသိုလ်ကောင်းမှုများမှာ ရင်းနှီးပေးခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာများအဖြစ် ထာဝရပိုင်ဆိုင်ထားနိုင်ပြီး ဘ၀သံသရာမှသည် နိဗ္ဗာန်အထိ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေတယ်ဆိုတာလည်း ခဏတာ ပိုင်ဆိုင်နေရတဲ့ ဒီအပြင် ရုပ်ပိုင်းဆိုင်ရာတွေကို အမြဲကိုယ်ပိုင် ဥစ္စာအဖြစ် ပြောင်းပြီးယူနိုင်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတွေ ပိုင်ဆိုင်ရမယ့် သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကို ရယူနေသူတွေပဲ ဖြစ်ပါတယ်။ သူတော်ကောင်း ဥစ္စာခုနှစ်ပါးဆိုတာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေပါပဲ။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးအပြစ်ကို ယုံကြည်မှုဖြစ်ပြီး သီလဆိုတာ လူပုဂ္ဂိုလ်များအတွက် အလိုလို လုံခြုံနေရမယ့် နိစ္စသီလခေါ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ အထူးစောင့်ထိန်းတဲ့ ဥပေါသထသီလခေါ် ရှစ်ပါးသီလ၊ န၀င်္ဂသီလခေါ် ကိုးပါးသီလ စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စောင့်ထိန်းမှုတွေပဲ ဖြစ်ပါတယ်။ သုတဆိုတာကတော့ လောကီလောကုတ္တရာ အထွေထွေ ဗဟုသုတ အသိဉာဏ် (General knowledge) ကို ဆိုလိုပြီး စာဂဆိုတာက ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ စာဂဆိုတာ ဒါနလုပ်တာကို ပြောတာပါပဲ။ ငါးခုမြောက် သူတော်ကောင်း ဥစ္စာဖြစ်တဲ့ ပညာက အထွေထွေ ဗဟုသုတ ဉာဏ်ပညာများကို ဆိုတာမဟုတ်ဘဲ ၀ိပဿနာ ဉာဏ်ပညာကို ပြောပါတယ်။ ဆိုလိုတာက တရားအားထုတ်ခြင်းဖြင့် သိနိုင်တဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပညာ (Insight knowledge) လို့ ဆိုလိုတာပါ။ ဟိရီက မကောင်းမှု အကုသိုလ်ပြုရမှာ ရှက်ခြင်းလို့ အဓိပ္ပါယ်ရပြီး သြတ္တပ္ပက မကောင်းမှု အကုသိုလ် လုပ်ရမှာ ကြောက်တာကို ပြောတာပါ။ ဒီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားခုနှစ်ပါးကို ပိုင်ဆိုင်ထားတဲ့သူကိုသာ သူတော်ကောင်းလို့ ဆိုနိုင်ပြီး ဒီဥစ္စာခုနှစ်ပါးဟာလည်း သူတော်ကောင်းများအတွက် ဘယ်တော့မှ မပျောက်ပျက် မပျက်ဆီးနိုင်တော့တဲ့ ထာဝရ ဥစ္စာများဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတို့ သွားရာလမ်းကို လျှောက်လှမ်းနေသူများ ဖြစ်ပြီး ကုသိုလ်ကောင်းမှု လုပ်နေခြင်းဟာလည်း ထာဝရ မပျက်ဆီးနိုင်တဲ့ သူတော်ကောင်းဥစ္စာများကို ရယူနေခြင်းဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတာဟာ ထာဝရ မပျက်ဆီးနိုင်မယ့် ဥစ္စာရိက္ခာတွေကို ထုတ်နေခြင်း ဖြစ်ပါတယ်။ ကုသိုလ်ပွဲဆင်နွဲနေချိန်ဟာ ဒီဥစ္စာတွေ အကုန်ရနေချိန်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အလှူပွဲတစ်ခု လုပ်တယ်ဆိုကြပါစို့..။ ဒီအလှူပွဲ လုပ်ဖြစ်ဖို့ဆိုတာ အရင်ဆုံး သဒ္ဓါတရား ရှိမှဖြစ်ပါတယ်။ သဒ္ဓါတရား မရှိဘဲ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါဟာ သဒ္ဓါဆိုတဲ့ သူတော်ကောင်း ဥစ္စာကို ရရှိနေမှုပါပဲ။ အလှူပွဲမှာ ဘုရားအစရှိတဲ့ သံဃာတော်များ၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေးဧည့်ခံခြင်းဆိုတဲ့ ဒါနလုပ်နေတဲ့အတွက် စာဂဆိုတဲ့ ဥစ္စာကို ရနေတာဖြစ်ပါတယ်။ ကျွေးမွေးဧည့်ခံပြီးနောက်မှာ တရားနာ ရေစက်ချ အမှုကို ပြုတဲ့အခါမှာလည်း သီလဆောက်တည်မှု ပြုတာ၊ ဆရာတော်များ ဟောကြားတဲ့ အသိဉာဏ် ဗဟုသုတတွေ ရနေတာ၊ မေတ္တာဘာဝနာနဲ့ လွတ်မြောက်မှုတရားများကို နာကြားရင်း ကိုယ့်သန္တာန်မှာ ၀ိပဿနာ ဉာဏ်ပညာတွေ ဖြစ်နေတာ၊ ဒီလို အလှူဒါန လုပ်နေတဲ့အချိန်မှာ မကောင်းမှု အကုသိုလ်ကို မလုပ်ဖြစ်ပဲ ကုသိုလ်ကောင်းမှုတွေပဲ လုပ်ဖြစ်နေတဲ့အတွက် ဟိရီဆိုတဲ့ သူတော်ကောင်းဥစ္စာ၊ သြတ္တပ္ပဆိုတဲ့ သူတော်ဥစ္စာတွေနဲ့ ပြည့်စုံနေတာတွေဟာ တစ်ပြိုင်တည်း ဖြစ်နေပါတော့တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်နေခြင်းဟာ အမြဲမပျက် ပျက်ဆီးခြင်းသဘော ရှိနေတဲ့ ခဏတာ ပိုင်ဆိုင်မှုများကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲယူနေတာဖြစ်ပြီး ကုသိုလ်လုပ်နေဆဲ အခိုက်မှာ ဒီသူတော်ကောင်း ဥစ္စာခုနှစ်ပါးဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေကို တစ်ပြိုင်တည်း ရနေတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ ဒီလို အခိုက်အတန့် ပြည့်စုံမှုမှ အမြဲထာဝရ ပြည့်စုံမှုများအဖြစ် တည်တံ့နေနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှုများဖြင့်သာ နေထိုင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုရာမှာ ဘယ်သူက သူကြီးပဲ ဖြစ်ဖြစ်၊ ဘယ်သူက ရွာသားပဲ ဖြစ်ဖြစ် အဓိက မကျပါဘူး။ ဘုရားကသာ အဓိကကျပါတယ်။ ဘုရားကို အမှီပြုပြီး ပေါ်ပေါက်လာတဲ့ ကုသိုလ်ကောင်းမှုကသာ အဓိကကျပါတယ်။ သူကြီးဆိုတဲ့အမည် ရွာသားဆိုတဲ့ အမည်တွေထက် ဘုရားကို အကြောင်းပြုပြီး ကောင်းမှုပြုဖြစ်ခြင်းက အဓိကကျပါတယ်။ သေချာတာကတော့ ကောင်းမှုပြုနေချိန်ဟာ ခဏတာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေကို သူတော်ကောင်းဆိုတဲ့ အမည်နာမ ပြောင်းလဲကာ ထာဝရပိုင်ဆိုင်နိုင်တဲ့ သူတော်ကောင်း ဥစ္စာများအဖြစ် ယူဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းရဲ့ အလှူလို့ ဆိုနိုင်ပြီး လှူဒါန်းမှုကတော့ အများရဲ့ စုပေါင်းလှူဒါန်းမှုပဲ ဖြစ်တဲ့အတွက် “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ သဘောမျိုး ဖြစ်ခဲ့ပေမယ့် ကုသိုလ်ကောင်းမှုတစ်ခုကို စုပေါင်းညီညာစွာ လုပ်ဖြစ်ခဲ့တယ်ဆိုတာ၊ ဘုန်းဘုန်းရဲ့ မွေးနေ့ဆိုတဲ့ အမည်နာမကို အကြောင်းပြု၍ ကောင်းမှုကိုသိုလ် ပြုခွင့်ရလိုက်တဲ့အတွက် ထာဝရမပိုင်ဆိုင်တဲ့ အရာတွေကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲရယူ နိုင်ခဲ့တယ်ဆိုတာ၊ ကုသိုလ်ကောင်းမှု ပြုနေတဲ့အချိန်မှာ ကုသိုလ်ပွဲ ပြုလုပ်ပါဝင် နွဲဆင်ခဲ့တဲ့ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ သူတော်ကောင်း ဥစ္စာများ ပိုင်ဆိုင်ခွင့် ရခဲ့တယ်ဆိုတာ သေချာတွေးကြည့်ရင် ပြေးကြည့်စရာ မလိုပဲ ၀မ်းမြောက်ဖွယ်ရာ သာဓုခေါ်နိုင်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က အလှူကို ဘုန်းဘုန်းကတော့ “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုတာထက် သူကြီးရော ရွာသားများပါ ပေါင်းစုပြီး ကောင်းမှုပြုကြတဲ့ ပွဲပုံစုံမျိုး ဖြစ်ခဲ့တဲ့အတွက် “ဘုရားဒကာ သူကြီးနဲ့ရွာ”လိုပဲ ၀မ်းမြောက်ဝမ်းသာ ဆိုလိုက်ချင်ပါတော့တယ်။

READ MORE......

မွေးနေ့ အလှူတော် မှတ်တမ်း

posted by ကိုဝင်းလတ်

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ၏ (၁၅-၁-၂၀၁၀)ရက်နေ့တွင် ကျင်းပသည့် (၃၅) နှစ်ပြည့် မွေးနေ့ အလှူတော် မှတ်တမ်း




အပြည့်အစုံသို့...


READ MORE......

Saturday, January 9, 2010

မွေးနေ့အလှူတော် ဖိတ်ကြားခြင်း


ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ၏ (၁၅-၁-၂၀၁၀)ရက်နေ့တွင် ကျရောက်သည့် (၃၅) နှစ်ပြည့် မွေးနေ့ အလှူတော်တွင် ပင့်သံဃာတော်များနှင့် ဆရာလေးများအား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ တပည့်ဒကာဒကာမများနှင့် ရွှေမြန်မာအပေါင်းတို့အား အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

အလှူတော်နေ့ရက် = ၁၇-၁-၂၀၁၀ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁နာရီ
ကျွေးမွေးဧည့်ခံချိန် = မနက် ၉နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၊ ရှင်းဒါန်းဒုံ၊ ဒယ်ဂူးမြို့

မှတ်ချက်။ ယုံရှင်းရွှေညီအစ်ကိုများမှ အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံပါမည်။

ကျောင်းအကျိုးဆောင်အဖွဲ့

READ MORE......

Tuesday, January 5, 2010

ဘူမိနက်သန် နေရာမှန်


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်လာပြန်ပါပြီ။ ကိုဝင်းလတ်တို့ ဒီနှစ်သစ် ရဲ့တစ်သုံးလုံး(၁-၁-၂၀၁၀)မှာ အဖေါ်ကောင်းတွေနဲ့ ရေခဲတောင်တက်ခရီး မလိုက်နိုင်ပါဘူး။ ဘုန်းကြီးကျောင်းသွားပြီး ကုသိုလ်ဒါနပွဲ နွဲဖြစ်လိုက်ပါတယ်။ ချစ်သူငယ်ချင်းများ အားလုံးကို ပတ္တိဒါန ပတ္တအနုမောဒနာ ပြုရအောင် ပြန်လည် ပြောပြချင်ပါတယ်။

ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ရှိ မြန်မာအလုပ်သမားများအနေနဲ့ ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာနှင့်အညီ ကုသိုလ်ဒါနများပြုကြဖို့ရန် ယခင်က ဆိုးလ်မြို့တော်ကြီး အထိ သွားပြီး မြန်မာ ဘုန်းကြီးကျောင်းများမှာ ကုလိုလ်ပြုကြရပါတယ်။ယခုဆိုလျှင် ဒေဂူးမြို့မှာ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထားခဲ့ပြီးဖြစ်ရာ မကြာခင် ရက်အနည်းငယ်မှာ နှစ်တစ်ပတ်လည်ရှိတော့မည်ဖြစ်ပါသည်။
တစ်ချိန်ကပေါ့........

ရွှေကမ္ဘာ မြန်မာစတိုးဆိုင်မှာ ဝါဆိုသင်္ကန်းကပ်ပွဲ လုပ်တော့ မြန်မာ ညီအကို တစ်ယောက်က “ အရှင်ဘုရား...တပည့်တော် တစ်ခုလျှောက်တင်ချင်ပါတယ်။ ခုနက အရှင်ဘုရားဟောသွားတဲ့ တရားကို တပည့်တော် နာကြားနေရင်းက ခန္ဓာကိုယ် တစ်ခုလုံး ကျက်သီးမွေးညှင်းတွေ ထပြီး ရင်ထဲမှာ တမျိုးခံစား မိပါတယ်ဘုရား။ မျက်ရည်များပင် လည်မိပါတယ်....။အဲဒါ ဘာဖြစ်လို့ပါလဲ ဘုရား....” ဆိုပြီး လျှောက်ထားတဲ့ အသံ ကြားခဲ့မိပါတယ်။
မြန်မာဗုဒ္ဓဘာသာတွေမှာ သူတော်ကောင်းတရားကို နာကြားရပြီဆိုရင် ရင်တွင်းမှ ကြေနပ်ပီတိဖြစ်ခြင်း။ ကြည်ညိုသဒ္ဓါစိတ်တွေ ပြည့်လျံလာပြီး တစ်ခဏလေးမှာတင် အကုသိုလ်တရားများ ကင်းစင်သွားကာ ကုသိုလ်တရားတွေ ကိုယ်လုံးခြုံမိသွားတော့ ကျက်သီးမွေးညှင်းတွေထလာတာ နေမှာပေါ့။ ကိလေသာတွေ ခေတ္တခဏ ချုပ်ငြိမ်းသွားခြင်း အကျိုးကျေးဇူးရသွားတာပေါ့။
အဲဒီလို လျှောက်ထားသွားသူက နောင်တချိန် စိတ္တသုခ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးမှာ အားကျိုးမာန်တက် ဆောင်ရွက်မဲ့သူတစ်ယောက်ဖြစ်မှန်း ကျွန်တော်မသိခဲ့ရိုး အမှန်ပါပဲ။ လျှောက်ထားခံရတဲ့ ရှင်ရဟန်း ဆိုတာလဲ စိတ္တသုခကျောင်းတော်ရဲ့ ဦးဆောင်ဦးရွက်ပြုမဲ့ ဆရာတော်တစ်ပါးဖြစ်လာမယ်လို့ မသိခဲ့ရိုး အမှန်ပါပဲ။
အခုတော့......
ထို ဆရာတပည့်တို့ကြောင့် ကျောင်းတော်ကြီး ငွားငွားစွင့်စွင့် ပေါ်လာပြီးဖြစ်ပါတယ်။ သူတို့ကတော့ ဆရာတော်ဦးဝိစိတ္တ နှင့် ကျောင်းအကျိုးတော်ဆောင် နောင်တော်ကြီး ကိုဖုန်းနိုင်တို့ပါပဲ။
အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာလဲ သူတော်ကောင်းတရားတွေနာကြား နေကြရတော့ မြန်မာတို့ စိတ်နှလုံး နူးညံ့သိမ်မွေ့ပြီး စိတ်ကောင်းစေတနာကောင်း လေးတွေ မွေးဖွားပေးရာ ဘူမိနက်သန် နေရာမှန်လေးဖြစ်နေပြီလေ.....။
၁-၁-၂၀၁၀ (နှစ်သစ်ကူး) ရက်ကပေါ့.....
ကိုသန့်ဇင် ဆိုတဲ့ ညီငယ်တစ်ယောက်က တစ်ဦးတည်း ဆွမ်းကုသိုလ်ရှင် အဖြစ် လှူဒါန်းမှုပြုသွားတာ ဝမ်းသာဂုဏ်ယူစရာပါပဲ။ မနက်စာ ကော်ရည်ခေါက်ဆွဲ။ နေ့လည်စာ ထမင်းဟင်းနဲ့ လိုလေသေးမရှိပါဘူး။ ကိုရီးယားရောက်စ မြန်မာ အလုပ်သမား အသစ်လေးတွေရော နှစ်ချို့မြန်မာတွေရော စည်ကားနေပါတယ်။ စည်ကားအပ်တဲ့နေရာမှာ စည်ကားသိုက်မြိုက်တယ်ဆိုတာ နတ်လူသာဓု ခေါ်ထိုက်ပါတယ်။
“နှစ်သစ်မှာ နှစ်ဟောင်းကအဖြစ်ဟောင်းတွေကို ပြန်စဉ်းစားပြီး နောင်တမရကြနဲ့။ နှစ်ဟောင်းက အဖြစ်ဟောင်းတွေကို သင်ခန်းစာယူပြီး နှစ်သစ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်သွားကြ”
“လူတိုင်းမှာ ဒို့တာဝန် အရေးလေးပါးရှိတယ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး တို့ပဲဖြစ်တယ်။အဲဒီလေးခုကို အညီအမျှ ဆောင်ရွက်ကြဖို့လိုတယ်။ စီးပွားရေး တစ်ခုထဲ အားပြုပြီးကျန်တာမှာ လျှော့နည်းနေရင်လဲမကောင်းဘူး။ လူမှုရေး သိပ်ကောင်းနေပြီး စီးပွားရေးတို့ ပညာရေးတို့စတာတွေ ညံ့နေရင်လဲ မကောင်းဘူး၊အဲဒီလေးချက်မှာ သုံးချက်ကကောင်းပေမဲ့ ဘာသာရေးမှာ အားနည်း နေရင်၊ညံ့နေရင် မကောင်းပြန်ဘူး။ဘာသာရေး ဆိုတာလဲ မပါမဖြစ် မရှိမဖြစ် လိုအပ် နေတာပဲ။သံသရာဒုက္ခက လွတ်အောင်၊ဆင်းရဲမှ လွတ်အောင် ဘာသာရေးလေး လုပ်ကြဖို့လဲလိုတယ်။”
“တို့လူတွေက အရမ်းဆိုးနေကြတာမှ မဟုတ်ပဲ။ သူတော်ကောင်းစိတ်တွေ၊ စိတ်ကောင်းလေးတွေ ရှိကြတာပဲ။အဲဒီစိတ်လေးတွေ မြဲနေအောင်ကြိုးစားကြ။ ဘာမှမလုပ်ဖြစ်ချင်နေ မနက်အိပ်ယာထ မျက်နှာသစ်ရင်တောင် သရဏဂုံ သုံးပါး ကို ရွတ်ပြီးမှ မျက်နှာသစ်ကြပေါ့။အဲဒါကောင်းတဲ့ အကျင့်လေးပဲ။အဲဒီလို လုပ်တဲ့နေ့ တစ်နေ့လုံးဟာ သူတော်ကောင်းတရား။ကုသိုလ်တရားတွေနဲ့ ပြည့်နေတဲ့နေ့ပဲ”
စတဲ့ ဆုံးမစကား တရားလေးတွေ နာကြားရတော့ စိတ်ချမ်းသာမှုတွေ ဖြစ်ရပါတယ်။ကုသိုလ်တရားတွေ တိုးပွားရပါတယ်။
အကြောင်းကြောင်း ကြောင့် မြန်မာပြည်ပြန်သွားကြရတဲ့ အဝေးက သူငယ်ချင်းများအားလုံး၊ အမြဲတမ်း ခင်ခင်မင်မင် လာလည်နေတဲ့ ဘလော့သူငယ်ချင်းများ အားလုံး၊ နှစ်သစ်မှာ စိတ္တသုခ ပြည့်စုံကြပြီး ဒုက္ခအထွေထွေ ကင်းပါစေလို့ မေတ္တာပို့ ဆုတောင်းပေးရင်းနဲ့ အလှူနေ့က မှတ်တမ်းတင်ဓါတ်ပုံလေးတွေကို ကြည့်လိုက်ကြပါဦး....သုခီအတ္တာနံ ပရိဟရန္တု။ ။

READ MORE......

Saturday, January 2, 2010

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ဒေဂူး) နှစ်ဦးအလှူမင်္ဂလာမှတ်တမ်း

posted by ကိုဝင်းလတ်

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး) ၌ မြန်မာလူငယ်များ စုပေါင်း၍ ၂၀၁၀ နှစ်ဦး အလှူမင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ပါသည်။ တစ်ဦးတည်းဆွမ်းအလှူရှင်အဖြစ် ကိုသန့်ဇင် မှ၎င်း၊ ကျောင်းတော်ကြီး ဝေယျာဝစ္စ အတွက် ထာဝရငွေပဒေသာပင်ကို စုပေါင်း၍၄င်း၊ ဆရာတော်နဝကမ္မ အလှူတော်ကို စုပေါင်း၍ ၄င်း လှူဒါန်းခဲ့ကြပါသည်။ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန် ဓါတ်ပုံ မှတ်တမ်းနှင့်တကွ တင်ပြလိုက်ပါသည်။

အပြည့်အစုံသို့...

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster