Thursday, November 13, 2008

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဆရာတော်ဦးဝိစိတ္တ၏ အတ္ထုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
ဆရာတော်သည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုပ်ဝင်းကျေးရွာ၊ ခမည်းတော် ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ ၁၃၃၆ခုနှစ်၊ ပြာသိုလဆန်း (၄)ရက် (၁၅-၁-၁၉၇၅)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည့် တတိယမြောက် သားရတနာဖြစ်သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း
၁၃၄၈ခု၊ တန်ခူးလဆန်း (၃)ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်း ဆရာတော် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။
၁၃၅၆ခု၊ တန်ဆောင်မုန်းလဆန်း (၃)ရက် (၅-၁၁-၁၉၉၄)၊ စနေနေ့တွင် ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာပဏ္ဍိတ) မထေရ်ကို ဥပဇ္ဈာယ်ပြု၍ ခရမ်းမြို့၊ (၄)ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းနေ ဦးဖူးညို + ဒေါ်ခင်မြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

ပရိယတ်၊ ပဋိပတ်ပညာများနှင့် လောကီပညာရပ်များ လေ့လာသင်ယူခြင်း...
ဆရာတော်သည် ဒိုက်ဦးမြို့၊ အုပ်ဝင်းကျေးရွာ၊ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ကြီးရပ်ကွက်၊ ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂ၀ံသနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း၊ ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် စာချဆရာတော်များ အထံတော်၌လည်းကောင်း ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တ၀ဏ္ဏိတ အမှူးပြုသည့် သင်ကြားစီမံ ဆရာတော်များနှင့် ဓမ္မာစရိယ ဦးဌေးလှိုင်၊ ဓမ္မာစရိယ ဦးအောင်ခိုင်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ဆရာကြီးဇေယျမောင် ဦးကိုလေး၊ ဆရာကြီးဦးတင်လွင်၊ ဆရာကြီးဦးစံတင်၊ ဆရာဦးနန္ဒာသိန်းဇံ အမှူးပြုသည့် ပြင်ပပညာရှင်ဆရာကြီးများ အထံတော်၌လည်းကောင်း၊ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ နာယကဆရာတော်များများနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များ အထံတော်၌လည်းကောင်း ပရိယတ်၊ ပဋိပတ်ပညာရပ်များနှင့် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်စသည့် လောကီပညာရပ်များကို ဆည်းပူးလေ့လာ သင်ယူတော်မူခဲ့သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ
ဆရာတော် အောင်မြင်တော်မူခဲ့သည့် အောင်ပန်းများမှာ
မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း
သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Thesis)
B.A (Buddhist studies, Guemgang University-Korea) စသည်တို့ ဖြစ်သည်။

သာသနာရေးဆောင်ရွက်ချက်များ
ဆရာတော်သည် ကိုရီးယားနိုင်ငံသို့ မကြွရောက်မီ ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာအဖြစ်ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူး ဆရာတော်အဖြစ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အင်္ဂလိပ်စာ နည်းပြဆရာအဖြစ်ဖြင့် လည်းကောင်း၊ အခါအားလျော်စွာ ဒကာ၊ ဒကာမများအား တရားဓမ္မများ ဟောပြောပြသပေးခြင်း၊ လူငယ်များအား အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပြသပေးခြင်းဖြင့် လည်းကောင်း သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပြီးနောက် http://www.venvicitta.com/ ဟူသောအမည်ဖြင့် အင်တာနက်စာမျက်နှာတစ်ခု ဖန်တီးကာ ကမ္ဘာတစ်ဝှန်းရှိ မြန်မာဗုဒ္ဓဘာသာ လူငယ်များအား ဘာသာရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရင်း လူငယ်များမေးသမျှ မေးခွန်းများကို အွန်လိုင်းမှတစ်ဆင့် ပြန်လည်ဖြေကြားပေးခြင်းများအပြင် ကိုရီးယားနိုင်ငံသားများ အတွက်လည်း ကိုရီးယားဘာသာစကားဖြင့် http://cafe.naver.com/cittasukha ဟူသော ကဖေးတစ်ခုကို ဖန်တီးကာ အွန်လိုင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ကိုရီးယားနိုင်ငံ အရပ်ရပ်တွင်ရှိသည့် မြန်မာများအား တရားဓမ္မများ လှည့်လည်ဟောပြော ပေးတော်မူလျက်ရှိပြီး တစ်ဘက်မှလည်း ကိုရီးယားနိုင်ငံ အောက်ပိုင်းမြို့များကို ကိုယ်စားပြုသည့် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို ဦးဆောင်တည်ထောင်တော်မူကာ မြန်မာများနှင့် ကိုရီးယားတို့အား တရားဓမ္မများ ဟောပြောပြသ သာသနာပြုတော်မူလျက် ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်း၏ ပဓာန နာယကကျောင်းထိုင် ဆရာတော်အဖြစ် တာဝန်ယူကာ လူငယ်ပရဟိတလုင်ငန်းများကိုလည်း ဆောင်ရွက်ရန် ကြိုးစားအားထုတ်တော် မူလျက်ရှိသည်။

2 comments:

သစ္စာအလင်း said...

တပည့်တော်လာရောက်ဖတ်ရှု ကြည်ညိုပူဇော်သွားပါတယ်ဘုရား။
အရှင်ဘုရားရဲ့သာသနာပြုလုပ်ငန်းများအောင်မြင်
သထက်အောင်မြင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။

Dr Phyo Wai Kyaw said...

အရှင်ဘုရားရဲ့ အိနြေ္ဒကြီးပုံ ထောက်ပြီး သက်တော်ကြီးကြီး မှတ်နေတာ မကြာသေးမီကမှ သက်တော် ၃၅ နှစ်လို့သိရတယ်။ ဒုတိယတစ်ချက်ကို ယခုမှ သိရပြီး အံ့သြ၀မ်းသာမိတယ် ဘုရား။ တပည့်တော်လည်း ဒိုက်ဦးသား ဖြစ်ပါတယ်။ ကြည်ညိုဦးတင်ပါတယ်ဘုရား။

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster